မသေချင်ကြသူများ
ဖြူဖြူသင်း
မေ ၁၆၊ ၂၀၁၀
ကျမဆီကို ရောက်လာကြသူ တော်တော်များများပဲ မသေချင်ကြပါဘူး။ ဒါလည်း အထူးအဆန်း မဟုတ်ပါဘူး။ ဘယ်လူမျိုးမဆို မသေချင်ကြတာ မဆန်းဘူး ပြောရမလားပဲ။ ဒါပေမယ့် ကျမဆီ ရောက်လာပြီး မသေချင်ကြသူတွေကျတော့ တခြား မသေချင်သူတွေနဲ့ သိပ်မတူသလို ခံစားရပါတယ်။ သူတို့ မသေချင်ကြပုံတွေက ရှက်ရွံ နာကျည်းမှု တွေနဲ့ အတူ ရှင်သန်စဉ် ကျဆင်းခဲ့ရတဲ့ ဂုဏ်သိက္ခာတွေ အတွက် နောင်တတွေနဲ့ ရောပြွမ်းနေတယ် လို့ ကျမစိတ် ထဲမှာ ထူးထူး ဆန်းဆန်း ခံစားနေရတာပါ။ ပထမဆုံး မကွေးက ရောက်လာတဲ့ ညီအစ်ကို နှစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။
ညီအစ်ကို နှစ်ယောက်က အကြီးဆုံးနဲ့ အငယ်ဆုံး ဆိုတော့ သားအဖတွေလို ဖြစ်နေတာပါ။ ညီဖြစ်သူက ပက်လက် ကလေးနဲ့ ဆေးရုံ တက်ရပါတယ်။ ထုံးစံအတိုင်း လူနာစောင့်က လွဲလို့ ကျန်တာ ကျမ စိုက်ထုတ် ကျခံရပါတယ်။ ဒီကလေးက ၄ လ လောက် အတွင်းမှာ ကံကောင်း ထောက်မစွာနဲ့ ဆေးသောက်ရတယ်။ မြန်မာပြည်မှာက သိတဲ့အတိုင်း အေအာတီဆေးက ဝေဒနာသည်တိုင်း မရပါဘူး။ သူက ဆေးသောက်ပြီးတော့ တဖြည်းဖြည်း ပြန်လည် ကျန်းမာလာပါတယ်။ ခုထက်ထိလည်း ကျန်းမာနေတုန်းပါပဲ။
ဒီကလေး ထူထူထောင်ထောင် ဖြစ်လာချိန်မှာ အစ်ကိုဖြစ်သူက သူ မကွေးပြန်ပြီးတော့ ငွေအနည်းငယ် ရှာလိုကြောင်း ပြောပါတယ်။ ကျမကို အားနာလာတယ် ထင်ပါရဲ့။ ကျမကလည်း သူ့ ညီလေး ကျန်းမာရေးက စိတ်ချရတဲ့ အခြေအနေမို့ ပြန်လွှတ်လိုက်ပါတယ်။
ဒါပေမယ့် တလလည်း ပြန်မလာ၊ နှစ်လလည်း ပြန်မလာ ဖြစ်လာလို့ ကောင်လေးကို မေးပြီးတော့ ဖုန်းနံပါတ် တောင်းတော့လည်း ဖုန်းက မရှိ၊ ဒါနဲ့ လိပ်စာ တောင်းပြီး မကွေးက အဖွဲ့ဝင်တွေကနေ တဆင့် စုံစမ်းခိုင်းတော့ လွန်ခဲ့တဲ့ တလကျော်ကပဲ ဆိုက်ကား နင်းနေတုန်း အဝေးပြေး ကားတစီးနဲ့ တိုက်မိပြီး ကွယ်လွန်သွားပြီလို့ ဆိုပါတယ်။
သေခြင်းတရားဟာ ထူးဆန်းတဲ့အရာ မဟုတ်ပေမယ့် ဒီတယောက် ကွယ်လွန်တဲ့ အခါမှာတော့ အံ့သြရပါတယ်။ အမှန်တကယ် သေရမှာက သေကောင် ပေါင်းလဲ ဖြစ်နေတဲ့ ရောဂါသည် ညီငယ်။ ဒါပေမယ့် ဘာရောဂါမှလည်း မရှိသူ၊ သူ့ကိုယ်သူ အပါအ၀င် ကျမတို့ အားလုံး ထင်မှတ် မထားတဲ့ အစ်ကို ဖြစ်တဲ့လူက မမျှော်လင့်ဘဲ သေပါရောလား။
နောက်တယောက်က ကျောက်ပန်းတောင်းနယ်ကပါ။ အသက် ၅၈ နှစ် ရှိပါပြီ။ သူ ရောဂါ ဖြစ်ပုံကလည်း မထူးဆန်းပါဘူး။ သွေးသွင်းရာက ဖြစ်တာပါ။ သူက အသက်ကလည်း ကြီးတော့ ကျမလည်း အတော်လေး ဂရုတစိုက် ပြုစုပေးပါတယ်။ သူ့ကို အားလုံးက အမေမြိုင် လို့ပဲ ခေါ်ကြပါတယ်။ ကျမလည်း အဲ့ဒီလိုပဲ ခေါ်ပါတယ်။ သူက အသက်ကြီးတာက တကြောင်း၊ ရောဂါကြောင့် ရှက်တာက တကြောင်း ဖြစ်မယ် ထင်တယ် ဘယ်သွားသွား တဘက်ကြီး ခေါင်းပေါ် ခြုံပြီးတော့မှ အပြင် ထွက်ပါတယ်။ သူတို့ အညာဓလေ့အရ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ပြောမရတာနဲ့ ကျမလည်း ဒီအတိုင်းပဲ သွားလေရာ ခေါ်သွားရတယ်။ သူ ရန်ကုန်မှာနေတော့ ကျမက ယုဇနအိမ်ယာမှာ အိမ်ခန်း ငှားထားပေးတာပါ။ သူနဲ့ အတူနေတဲ့ သူတွေလည်း ရှိပါတယ်။
သူ့ခံနိုင်ရည်ကလည်း ကြောက်စရာ ကောင်းလှတယ်။ သူ ရန်ကုန်မှာ နေစဉ် သုံးလလောက် အတွင်းမှာပဲ ပြန်လည် ကျန်းမာလာပါတယ်။ အေအာတီဆေးလည်း အမြန် သောက်ရတယ်။ တခြားလူတွေလို စောင့်စရာ မလိုဘူး။ သူ ပြန်လည် ကျန်းမာလာတော့လည်း အသက်အရွယ်နဲ့ မလိုက်အောင် ခံနိုင်ရည် ရှိတာ တွေ့ရပါတယ်။ ဒါနဲ့ သူ တရက်ကျတော့ သားသမီး မြေးများနဲ့ ပြန်တွေ့မယ် ဆိုပြီး ကျမကို လာနှုတ်ဆက်ပါတယ်။ သူ့အခြေအနေက ပြောစရာ မရှိအောင် ကောင်းမွန်နေတော့ ကျမကလည်း ပြန်ပါလို့ ပြောလိုက်ပါတယ်။
သူ ကျမကို လာနှုတ်ဆက်ပြီး ပြန်သွားတဲ့ ညမှာပဲ သူနဲ့ အတူနေတဲ့ ၄ ယောက်ထဲက ၁ ယောက်က ဖုန်းဆက်လာပါတယ်၊ အမေမြိုင် တယောက် ဗိုက်အောင့်တယ်၊ ပြောနေတယ် ဆိုတော့ ကျမလည်း သာမန် ဗိုက်အောင့်တယ် လောက်ပဲ ထင်ပြီးတော့ အနီးစပ်ဆုံး ဆေးခန်း ပြလိုက်ပါ လို့ ပြောလိုက်ပါတယ်။
၁၂ နာရီလောက် ကျတော့ ဖုန်းထပ်လာ ပါတယ်။ အမေမြိုင် တယောက် ဆေးရုံကြီး အရေးပေါ် ရောက်နေတယ်၊ အရေးတကြီး ဖြစ်နေတယ် ပြောတော့ ကျမလည်း ကားငှားပြီးလိုက်ရပါတယ်။ ဆေးရုံကြီးရောက်တော့ အမေမြိုင်က ပူတယ်ချည်း အော်နေတော့ ကျမလည်း ယပ်တောင် ထိုင်ခတ်ပေးနေရုံက လွဲပြီး ဘာမှ လုပ်မပေးတတ်ဘူး ဖြစ်နေတာပါ။ မနက်ကျတော့ လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ရပါတယ်။ နောက်တရက်မှာ ဗိုက်ခွဲရမယ်လို့ မှတ်ချက်ပြုပါတယ် ကျမလည်းသူ့ ဘေးနားနေပြီး တချိန်လုံး လိုအပ်တာတွေ လုပ်ပေးနေပြီး အိမ်မပြန်ဖြစ်ပါဘူး။ နောက်တရက် ခွဲစိတ်ခန်း သွင်းပါတယ်။ အဆင်မပြေပါဘူး။ အတွင်းမှာ အစာအိမ် ကင်ဆာဆဲလ်တွေက ဘယ်လိုမှ ဖြတ်ထုတ်လို့ မရအောင် ပျံ့နေပြီလို့ ဆရာဝန်တွေက ပြောပါတယ်။ ဆေးရုံမှာ အမေမြိုင် တယောက် ညည်းညူနေရင်း ကျမလက်ပေါ်မှာပဲ အသက်ပျောက်သွားပါတယ်။ ကျမအနေနဲ့ သေခြင်းတရားကို ဒုတိယအကြိမ် ထူးဆန်းစွာ ခံစားလိုက်ရတာပါ။
နောက်တယောက်က သန်လျင်ဘက်ကပါ။ ကိုထွန်းစိန် ဆိုသူ ကားနောက်လိုက်တယောက်။ မျက်လုံး တဘက်က ဖန်မျက်လုံး တပ်ထားရပါတယ်။ ကျမဆီလာတော့ အသိ တယောက်က လိုက်ပို့တာပါ။ မိသားစုက ပစ်ပယ်ထားတာလည်း လ အနည်းငယ် ကြာနေပါပြီ။ ဒီတော့ စိတ်ဓာတ်ကျနေတာကော၊ စိတ်မကောင်းဖြစ်နေတာကော ပေါင်းပြီးတော့ လူက အတော်လေး ကျနေပါပြီ။ သူက တီဘီလည်း ဖြစ်နေလို့ ဒီလောက် ကျနေတာပါ။ ဒီတော့ တီဘီဆေး ၂ လ စားပြီးတဲ့အခါမှာ သူ လူကောင်း ပကတိ နီးပါး ပြန်ဖြစ်လာပြီးတော့ ၀ဖြိုး စိုပြေလာပါတယ်။ တီဘီဆေး သုံးလ သောက်ပြီးတော့ ကျမဆီ တခါ ထပ်ရောက်လာပါတယ်။ သူ ကားပြန်လိုက်နေပြီး မိသားစုကလည်း ပြန်လက်ခံပြီ ဖြစ်ကြောင်း ၀မ်းသာ အားရ လာပြောရှာတာပါ။
နောက် ၄ ရက် အကြာမှာတော့ ကျမဆီ နာရေး ဖိတ်စာ တစောင် ရောက်လာတယ်၊ ကိုထွန်းစိန် ကွယ်လွန်ရှာပြီ တဲ့။ ကျမလည်း မေးကြည့်ပါတယ် ရောဂါက ပြန်သက်သာလာပြီ မဟုတ်လား ဆိုတော့ ရောဂါကြောင့် သေတာ မဟုတ်ဘူး တဲ့။ ကားနောက် လိုက်နေရင်း ကားက မြေပြိုတဲ့ အထဲ ပါသွားလို့ လူလည်း တစစီ ဖြစ်ပြီးတော့ အလောင်းတောင် မနည်း ပြန်မှတ်မိအောင် ဆက်ထားရတယ် ဆိုတဲ့ အကြောင်း ပြောပြပါတယ်။ ကျမ တော်တော်လေး အံ့သြ ၀မ်းနည်းမိပါတယ်။
မွေးဖွားရာကနေ သေဆုံးမယ် ဆိုတဲ့ သစ္စာတရားကို ကျမ အပြည့်အ၀ လက်ခံပါတယ်။ ဒါပေမယ့် ထင်မှတ်ထားသလို မဟုတ်ဘဲ မမျှော်လင့်တဲ့ ပုံစံတွေနဲ့ သေသွား ရရှာတဲ့ ကျမ လူနာတွေ၊ လူနာစောင့်တွေ ကောင်းရာ သုဂတိ လားပါစေ လို့ ဆုတောင်းပေးရုံက လွဲပြီး ကျမအနေနဲ့ ဘာမှ မတတ်နိုင်သလို ဒီလို အဖြစ်မျိုးတွေ ထပ်မံ မကြုံတွေ့ချင်တော့ပါဘူး။
1 comment:
Ma Phyu,
Thanks for sharing all the stories and all the efforts that you and others given hands for Hiv patients.
Post a Comment