Sunday, June 13, 2010

from yoma 3

မဖြူဖြူသင်း ဦးဆောင်သည့်အဖွဲ့က NLD လူကြီးများအား ဂါဝရပြု
လွန်းဒင်။ ။ ၁၃၊ ၆၊ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် HIV/AIDS ရောဂါသည်တွေကို အကူအညီပေးရေး အစီအစဉ်တာဝန်ခံ မဖြူဖြူသင်းဦးဆောင်ပြီး ဝေဒနာသည်များက အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့အား ဂါဝရပြု ကန်တော့သည့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၁၈) ရပ်ကွက်ရှိ HIV/AIDS ဝေဒနာရှင်များကိုထားရှိသည့်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မဖြူဖြူသင်းက ပြောသည်။

“ဘဘတို့ကလည်း လူနာတွေကို အရမ်းအားပေးချင်တယ်။ လူနာတွေကလည်း ဘဘတို့ကို ဂါရ၀ပြုချင်တယ်။ အဲဒါနဲ့ ဒီနေ့တိုင်ပင်ပြီး လုပ်လိုက်တာပါ၊ ဘဘတို့က ဒီမှာလာပြီး လူနာတွေကို တွေ့ဆုံတယ်၊ အားပေးတယ်၊ အတူတူစားပြီး ချစ်ချစ် ခင်ခင်ရင်းရင်းနှီးနှီး နေကြတယ်။ လူနာတွေကလည်း ဘဘတို့ကို ကန်တော့တယ် အဲဒီပုံစံမျိုးလေး လုပ်လိုက်တာ” ဟု ပြောသည်။

ယင်းကဲ့သို့ ဝေဒနာရှင်များနှင့် တွေ့ဆုံရာတွင် ဦးဝင်းတင်နှင့် ဦးတင်ဦးတို့က ၎င်းတို့အနေဖြင့် ဝေဒနာရှင်များအတွက် ကူညီနိုင်သမျှ အကူညီပေးသွားမည်ဖြစ်ကြောင်း အားပေးပြောဆိုခဲ့သည်။

“ဘဘတို့အခုလို လာရောက်တွေ့ဆုံပြီး အားပေးစကားတွေပြောတဲ့အခါကြတော့ လူနာတွေလည်း တော်တော်တက်တက်ကြွကြွဖြစ်လာတယ်၊ အခုလောလောဆယ် ဒီမှာဝေဒနာရှင် (၆၀) လောက်ရှိတယ်၊ အပြင်က မပါသေးဘူး၊ ဘဘတို့ကလည်း အကူညီတွေပေးဖို့ လုပ်သွားမယ်ဆိုတာလည်း ပြောသွားတယ်” ဟု ဆက်ပြောသည်။

အဘဦးတင်ဦးနှင့် အဘဦးဝင်းတင်တို့ ဦးဆောင်၍ ဝေဒနာရှင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အထိမ်းအမှတ်ဖြစ် ခရေပင် (၂) ပင်ကို နံနက် (၁၁) နာရီအချိန်တွင် စိုက်ပျိုးခဲ့သည်။

အဖွဲ့ချုပ်၏ HIV/AIDS ကူညီရေးအစီအစဉ်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြားချက်ဖြင့် ၂၀၀၂ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး ထိုကူညီရေးအဖွဲ့တာဝန်ခံအဖြစ် အဖွဲ့ချုပ် တောင်ဥက္ကလာပမြို့နယ် စည်းအဖွဲ့ဝင် မဖြူဖြူသင်းက တာဝန်ခံအဖြစ် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။

အဖွဲ့ချုပ် ကူညီရေးအဖွဲ့ စတင်သည့်နှစ်မှ အခုအချိန်ထိ HIV/AIDS ဝေဒနာသည် (၃၀၀၀) ကျော်အတွက် ဆေးစစ်နိုင်ရန် ဆေးဝါးရရှိရန်၊ နေရေထိုင်ရေး စသည့်လိုအပ်ချက်များကို အကူအညီပေးနိုင်ခဲ့ပြီး ယခုလက်ရှိ လူနာတစ်ရာကျော်ကို လက်ခံကူညီပေးလျက်ရှိသည်။

No comments: