Wednesday, January 14, 2009

phyu phyu thin in nld office ( moemaka news )

0 comments


အင်န်အယ်ဒီပါတီ ဌာနချုပ်မှာ ဖြူဖြူသင်းက အိပ်ခ်ျအိုင်ဗီ ပညာပေး ဆွေးနွေး

ယမန်နေ့က အင်န်အယ်ဒီပါတီ ဌာနချုပ်မှာ ပညာပေး ဆွေးနွေးပွဲတခု ပြုလုပ်ရမှာ စဉ်ဆက်တစိုက် HIV/AIDS ကာကွယ်စောင့်ရှောက်ရေးနဲ့ ပညာပေးလုပ်ငန်းတွေ လုပ်ခဲ့သူ ဖြူဖြူသင်းက ဆွေးနွေးစကား ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ယခုလက်ရှိ အဖိနှိပ်ခံရဆုံး အတိုက်အခံပါတီကြီး တခုဖြစ်တဲ့ အင်န်အယ်ဒီမှာ လူကြီးတွေနဲ့ လူငယ်တွေရဲ့ စုစည်း လှုပ်ရှားမှုတွေ၊ ဆွေးနွေးပွဲတွေ စဉ်ဆက်မပြတ် ပြုလုပ်လာတာကို တွေ့ရပါတယ်။ အစိုးရ သတင်းပေးများကလည်း သတင်းထောက်များ၊ ပါတီဝင်များ၊ အတိုက်အခံ အင်အားစုများထဲ တိုးဝှေ့ဝင်ရောက်ပြီး သတင်းထောက်ကြီးများသဖွယ် ရင်ဘောင်တန်း သတင်းယူ၊ မှတ်တမ်းတင် လုပ်နေကြတာကိုလည်း တွေ့နေရပါတယ်။

Tuesday, January 13, 2009

phyu phyu thin's TALK SHOW in nld hq

0 comments
HIV/ AIDS ဆိုင်ရာ ပညာပေး ဆွေးနွေးပွဲ NLD ရုံးချုပ်မှာ ပြုလုပ်
အာအက်ဖ်အေ 2009-01-13

မြန်မာနိုင်ငံက HIV/ AIDS ရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်တဲ့ လူငယ်ပညာပေး ဆွေးနွေးပွဲတရပ်ကို ဇန်နဝါရီ ၁၃ရက် ဒီကနေ့ နေ့ခင်း ၁ နာရီက ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို NLD က HIV/ AIDS ရောဂါနဲ့ ပတ်သက်ပြီး လူမှုရေးကိစ္စတွေ ကူညီ လုပ်ဆောင်ပေးနေတဲ့ မဖြူဖြူသင်းက ဦးဆောင်ဆွေးနွေးခဲ့တာ ဖြစ်ပြီး ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ လူငယ် စုစုပေါင်း ၁ဝဝ ကျော် တက်ရောက်တယ်လို့ ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပြပါတယ်။

ဦးဉာဏ်ဝင်း။ ။ ' ကျွန်တော်တို့ နေ့ခင်း ၁နာရီမှာ HIV နဲ့ မြန်မာနိုင်ငံဆိုတဲ့ ခေါင်းစဉ်နဲ့ မဖြူဖြူသင်းက ဆွေးနွေးပွဲ ဦးဆောင်ပါတယ်။ ကျွန်တော်တို့ CEC အဖွဲ့ဝင်များနဲ့ ရန်ကုန်တိုင်း လူငယ် အတော်များများ တက်ပါတယ်။ ပရိသတ်အားလုံး ၁ဝဝလောက် ရှိပါလိမ့်မယ်။ အဲဒီတော့ အဓိကအားဖြင့်တော့ မဖြူဖြူသင်းက NLDရဲ့ ကျွန်တော်တို့ HIV ဌာနခွဲကို ဘယ်တုန်းက အစပျိုးပြီးတော့ ဆောင်ရွက်ခဲ့တယ်ဆိုတာကို ပြောပြတယ်။ နောက် လုပ်ငန်းအတွေ့အကြုံတွေ ပြောတယ်။ လုပ်ငန်းအတွေ့အကြုံမှာ အခက်အခဲ မျိုးစုံ ကြုံတွေ့ရတဲ့ အကြောင်းနဲ့ အတားအဆီးတွေ၊ ကျွန်တော်တို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အပေါင်းနဲ့ အဟန့်အတား ပြုတာတွေကို ဆွေးနွေးပါတယ်။ '

ဒီလိုဆွေးနွေးရာမှာ NLD ပါတီက ကူညီရေးလူငယ်တွေအနေနဲ့ အဓိကရင်ဆိုင်ရတဲ့ ပြဿနာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပထမတခုက HIV ရောဂါသည် အများစုဟာ နယ်ဒေသတွေက ဖြစ်လို့ ရန်ကုန်မှာ နေပြီး ဆေးဝါးကုသရာမှာ အိမ်ခန်းငှားတာကအစ အခက်အခဲ ဖြစ်ရတဲ့အကြောင်း၊ နောက်တချက်က လူနာတွေ အတွက် ARV ဆေးရရှိရေးမှာ လုံလုံလောက်လောက်ရဖို့ အခက်အခဲဖြစ်ရကြောင်း သိရပါတယ်။

NLD ပါတီရဲ့ HIV/ AIDS ရောဂါကူညီရေး လုပ်ငန်းတွေကို ၂ဝဝ၁ ခုနှစ်မှာ စပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ ပါတီခေါင်းဆောင်ပိုင်းက စုံစုံညီညီတက်ရောက်တဲ့အတွက် ဒီလူသားချင်းစာနာမှု လုပ်ငန်းမှာ ပါတီအနေနဲ့ ဆက်ပြီး ဘယ်လိုပဲ အခက်အခဲရှိရှိ ထောက်ခံ လုပ်ဆောင်သွားမယ်ဆိုတာ ထင်ရှားတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ ' ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီဥစ္စာက လူသားချင်း စာနာမှု လုပ်ငန်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်တဲ့အတွက် အရေးကြီးတယ်။ ဒီလုပ်ငန်းကိုတော့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမယ် ဆိုတာကို အဓိကထား ဆွေးနွေးသွားပါတယ်။ ဒီနေ့ မဖြူဖြူသင်းရဲ့ ဆွေးနွေးဟောပြောပွဲကို ကျွန်တော်တို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုယ်တိုင် တက်ရောက် အားပေးတာကို ကြည့်ခြင်းအားဖြင့် ဘယ်လိုပဲ အခက်အခဲရှိရှိ ဒီဟာကို ဆက်လက် ဆောင်ရွက်တာကို အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထောက်ခံနေတယ်ဆိုတဲ့ လက္ခဏာတော့ တခါတည်း ပေါ်ပါတယ်။ '

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ လကစပြီး လူငယ်နဲ့ ပတ်သက်တဲ့ ၂ ပတ် တကြိမ် ဆွေးနွေးပွဲတွေ အင်္ဂါနေ့မှာ ပြုလုပ်နေပါတယ်။ ဒီကနေ့မှာ HIV/ AIDS ကို အခြေခံတာဖြစ်ပြီး ပြီးတဲ့ အပတ်တွေကလည်း လွတ်လပ်ရေးနဲ့ လွတ်လပ်မှုဆိုင်ရာ ဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။

Monday, December 1, 2008

World Aids Day in NLD HQ

0 comments
ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား NLD အဖွဲ့ချုပ် ရုံးမှာ ကျင်းပ
RFA 2008-12-01

ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား တရပ်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီဇင်ဘာ ၁ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ NLD ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက အမှာစကားပြောကြားခဲ့ရာမှာ ရောဂါဝေဒနာနဲ့ပတ်သက်လို့ အခက်အခဲတွေရှိရင် NLD ပါတီကို ဆက်သွယ်ဖို့နဲ့ ဆေးဝါးကိစ္စတွေကို အတတ်နိုင်ဆုံး ကြိုးစားပေးသွားမဲ့အကြောင်း၊ ဒီရောဂါနဲ့ပတ်သက်ပြီး မရှက်မကြောက်ကြဖို့၊ ရောဂါ ကူးစက်ခံထားရပေမဲ့လည်း အသက်ရှည်ရှည်နေနိုင်မှ လူလောကကို ကောင်းကျိုးပြု နိုင်မှာ ဖြစ်တဲ့ အကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။

NLD ပါတီက ဖွဲ့စည်းထားတဲ့ HIV/ AIDS ရောဂါ ကာကွယ်ရေးနဲ့ စောင့်ရှောက်ရေး ပညာပေးအစီအစဉ်က တာဝန်ခံ တဦးဖြစ်တဲ့ ကိုရာဇာကလည်း ဝေဒနာရှင်တွေကို ကူညီလို့ အဖမ်းခံခဲ့ရတဲ့ ကိစ္စအပါအဝင် သူတို့ ကြုံရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ ဝေဒနာသည်တွေနဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။

ကိုရာဇာ။ ။ ' Pamphlet (လက်ကမ်းစာရွက်) ဝေလို့ အဖမ်းခံရတဲ့ ကိစ္စတွေပေါ့နော်၊ နောက် အေ့ဒ်စ် ဒီ အိမ်ငှားတာကို ရပ်ကွက်နဲ့ လှည့်တိုက်ပေးပြီး ခဲတွေနဲ့ ဝိုင်းထု၊ ကျွန်တော်တို့ဆီက လူနာတယောက် သေတယ်ဆိုတဲ့ ကိစ္စတွေ ပြောပြတယ်။ နောက်ပြီးတော့ အစကနေပြီးတော့ ခုချိန်ထိ အခက်အခဲဆုံးအရာကတော့ ARV ဆေးဝါးပေါ့နော်၊ အဲဒီကိစ္စတွေကို ကျွန်တော် ရှင်းပြောပြီးတော့ လူကောင်းဘဝမှာ၊ လူကောင်းဘဝဆိုတာ HIV ရောဂါတော့ စွဲကပ်နေတယ်၊ လူကောင်းဘဝမှာ ကိုယ့်ကိုယ်ကို ကောင်းအောင် ကြိုးစားပေါ့နော်၊ ကိုယ့်ကိုယ်ကို ကောင်းအောင်ကြိုးစား၊ ကိုယ့်ပတ်ဝန်းကျင် ကောင်းအောင် ကြိုးစားဖို့၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကောင်းအောင် ကြိုးစားဖို့၊ ကျွန်တော် ဒီလောက်ပဲ ပြောတာပါ။ '

ဒီကနေ့အစီအစဉ်မှာ ပညာပေးအစီအစဉ်က တာဝန်ခံတွေဖြစ်တဲ့ ဦးလှမင်းနဲ့ မဖြူဖြူသင်းတို့ကလည်း အမှာစကား အသီးသီး ပြောကြားခဲ့ပါတယ်။ အခမ်းအနားကို HIV/ AIDS ဝေဒနာသည် ၅ဝဝ ဝန်းကျင် တက်ရောက်ခဲ့ရာမှာ တောင်တွင်းကြီး၊ ကျောက်ပန်းတောင်း၊ အောင်လံ၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းအတွင်းက သာကေတ၊ မြောက်ဥက္ကလာ၊ ခရမ်း၊ တောင်ဒဂုံ၊ စတဲ့ အရပ်ဒေသက ဝေဒနာသည်တွေလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။

အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေရှိပေမဲ့ အနှောင့်အယှက်ပေးတာတွေတော့ မရှိဘူးလို့ သိရပါတယ်။
အခမ်းအနားတက်ရောက်လာတဲ့ နယ်က ဝေဒနာသည် နှစ်ဦး၊ ဝေဒနာသည်တွေကို စေတနာ့ ဝန်ထမ်းကူညီနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဖြူဖြူသင်းကို ဆက်သွယ်မေးမြန်းပြီး RFA မှ ဒေါ်မေပြုံးအောင်က တင်ပြထားပါတယ်။

(အသံနားဆင်ရန်ွှနေရာကို နှိပ်ပါ။)

Mizzima news

0 comments
မြန်မာပြည်ရှိ HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးဝါး အရေးပေါ် လိုအပ်နေ
နန်းဒေ၀ီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 23:27 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ HIV/ AIDS ဝေဒနာကို ခုခံကာကွယ်ပေးမည့် ART ခေါ် antiretroviral therapy (ART) ဆေးဝါးများ မြန်မာနိုင်ငံတွင် ပြတ်လပ်နေပြီး ဝေဒနာရှင်များအကြား လတ်တလော အရေးတကြီး လိုအပ်လျက် ရှိသည်။

ဝေဒနာရှင်များ တနေ့တခြား တိုးပွားလာသည့်အပြင် ဆေးဝါးကလည်း ရှာဖွေလို့ မရနိုင်အောင် ဖြစ်နေသည့်အတွက် စိုးရိမ်ဖွယ် အခြေအနေ ရောက်နေသည်ဟု ဝေဒနာရှင် ၂၀၀၀ ကျော်ကို လက်ရှိ ပြုစုစောင့်ရှောက်မှု ပေးနေသည့် စေတနာရှင်တဦးက ပြောဆိုခြင်း ဖြစ်သည်။

"အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတာက NGO ဆေးခန်းတွေကလည်း ဆေးမပေးဘူး။ တခြားနေရာ တွေမှာလည်း ဆေးရနိုင်မဲ့ နေရာတွေ မရှိတဲ့ အခါကြတော့ သေဆုံးနှုန်းက ပိုမြင့်လာနိုင်ပါတယ်" ဟု စေတနာရှင် မဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။

ပြင်သစ်အခြေစိုက် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု အကူညီများ ပေးနေသည့် နယ်စည်းမခြား ဆရာဝန်များ အသင်း (MSF) ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ ဆေးကုသ ခံယူနိုင်ခြင်း မရှိပါက မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင် ၂ သောင်းခွဲနီးပါး ယခုနှစ်အတွင်း သေဆုံးနိုင်ဖွယ်ရှိကြောင်း ပြောဆိုခဲ့သော်လည်း သေဆုံးမည့် ဦးရေမှာ ပိုမို များပြားနိုင်သည်ဟု ဆိုသည်။

"MSF က ကောက်တဲ့ စာရင်းကတော့ တရားဝင်ပဲလေ။ ဒါပေမဲ့ အဲဒါတွေက ခန့်မှန်းချေနဲ့ ကောက်ထားတဲ့ စာရင်း။ သေဆုံးနှုန်းက MSF က ထုတ်တဲ့ အစီရင်ခံစာထက်တောင် များလာနိုင်တယ်" ဟု မဖြူဖြူသင်းက ပြောသည်။

ဝေဒနာရှင်များ တိုးပွားလာခြင်းနှင့် သေဆုံးမှု များပြားရခြင်း၏ အဓိက အကြောင်းရင်းသည် ထိုင်းနိုင်ငံကဲ့သို့ HIV/ AIDS ပညာပေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် မပြုလုပ်နိုင်ခြင်းနှင့် ဝေဒနာရှင်များ ရှက်ကြောက်နေသဖြင့် တိုးတိုးတိတ်တိတ် ဆေးကုသမှုခံယူခြင်းတို့ကြောင့် ဖြစ်နိုင်ချေများကြောင်း သိရသည်။

ယခင် ART ဆေးဝါး ပေးနေသည့် ရန်ကုန်အခြေစိုက် NGOs အဖွဲ့စည်းများအနေဖြင့် ဆေးဝါးလုံလောက်မှု မရှိသည့်အတွက် လူနာသစ်များအား လက်မခံတော့ကြောင်း မဖြူဖြူသင်းက ပြောသည်။

"လူနာအဟောင်းတွေကိုတော့ ART ဆေးဝါးတွေ ပေးတယ်။ လူနာအသစ်တွေကိုတော့ သွေးစစ်ပေးတာ လောက်ပဲ လုပ်ပေးနိုင်တော့တယ်။ သာမန် ဆေးတွေဖြစ်တဲ့ အားဆေးတွေလောက်ကိုတောင် ပေးနိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ထောက်ပံ့တာတွေ မရှိတော့ဘူးလို့ ပြောတယ်" ဟု သူက ပြောသည်။

MSF အဖွဲ့က မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင် စုစုပေါင်း ၂ သိန်းကျော် ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၇ သောင်းခွဲကျော်မှာ အရေးပေါ် ဆေးကုသမှု လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တွင် ART ဆေးရနိုင်သော နေရာအနည်းသာရှိရာ ပြင်သစ် အခြေစိုက် နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားသော AZG ဆေးပေးခန်းနှင့် မြောက်ဥက္ကလာရှိ ဝေဘာဂီ ဆေးရုံတို့မှာ လူသိများသည်။

ကုလသမဂ္ဂ (UNAIDS) က ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ မြန်မာပြည်တွင် HIV ရောဂါပိုး ကူးစက်ခံထားရသူ ၃ သိန်း ၆ သောင်း ကျော်ပြီး AIDS ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ အသုံးစရိတ်မှာ အမေရိကန် ဒေါ်လာတသိန်း ဝန်းကျင်သာ ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ လူတဦးချင်းစီ ပျမ်းမျှရရှိမည့် ကျန်းမာရေး စောင့်ရှောက်မှုနှုန်းမှာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အစိုးရက နိုင်ငံသားတဦးအတွက် ကုန်ကျခံသည့် ပမာဏထက် အဆပေါင်း ၂၅ဝ ခန့် လျော့နည်းသည်ဟု (UNAIDS) က ဆိုသည်။

Tuesday, November 25, 2008

BBC news on Aids in Burma

0 comments


အပြည့်အစုံဖတ်ရန် Read more ကို နှိပ်ပါ။