အပြုအမူတွေ ပြောင်းလဲသွားတဲ့ မောင်ဇော် နဲ့ ကိုစန်း
ဖြူဖြူသင်း
သြဂုတ် ၁၁၊ ၂ဝ၁ဝ

(မဖြူဖြူသင်းက သူ ကူညီခဲ့သူတွေထဲက ကိုရဲကျော်၊ ကိုသာပေါင်း တို့ အကြောင်းကို အပြုအမူ ပြောင်းလဲသွားသူ ၂ ဦး ဆိုတဲ့ အမည်နဲ့ ဧရာဝတီ မှာ ရေးခဲ့ဖူးပါတယ်။ သူ့ဘလော့မှာလည်း ဖတ်နိုင်ပါတယ်။ ဒီတခါတော့ မောင်ဇော်၊ ကိုစန်း ဆိုတဲ့ ထူးခြားသူ ၂ ဦးအကြောင်းကို မဖြူဖြူသင်းက ပြောပြထားပါတယ်။)
တချိန်ကဆိုရင် ကျမ ကူညီနေတဲ့ လူနာတွေ ရှိတဲ့ ဝေဘာဂီဆေးရုံကို နေ့တိုင်း နီးပါး ကျမ ရောက်ပါတယ်။ အဲ့ဒီတုန်းကလည်း မင်္ဂလာဒုံ ဆေးရုံကလည်း မပေါ်သေးတော့ ဝေဘာဂီမှာပဲ လူနာတွေ အတင် များတာပါ။ ဝေဘာဂီကို သွားရင် ကျမလူနာကော ကျမလူနာ မဟုတ်သူတွေကပါ ကျမကို အကူအညီ တောင်းကြပါတယ်။ သူတို့က ကျမကို နိုင်ငံတကာ အန်ဂျီအို တခုခုကလို့ ထင်မှတ်ထားကြပုံပါပဲ။ ကျမလည်း တတ်နိုင်သမျှ အားပေးပြီး ကျမမှာ ရှိသမျှနဲ့ ကူညီပါတယ်။ ကူညီနေရပေမယ့် ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်တဲ့အတွက် ကျမလည်း စိတ်မကောင်းခြင်းစွာ ဖြစ်ရပါတယ်။
မောင်ဇော်
ဝေဘာဂီ ကူးစက်ဆေးရုံကို သွားရင် ဆံပင်ရှည်ရှည်နဲ့ တကိုယ်လုံး အရုပ်တွေ ထိုးထားတဲ့ ကောင်လေးတယောက် အမြဲလိုလို အရက် မူးနေတာလိုလို ဆေးမူးနေတာလိုလို ကောင်လေး တယောက်ကို အမြဲတွေ့ပါတယ်။ သူက အမြဲ ပြုံးပြတာလောက်ပဲ လုပ်ပါတယ်။ တခြား လူနာတွေလို ကျမဆီ အကူအညီ တောင်းတာမျိုးတော့ မလုပ်ပါဘူး။
အမူးသမားလိုလို ဖြစ်နေတဲ့ ဒီကလေးကို ကျမလည်း စကားပြောချင်စိတ် မရှိလို့ မပြောပါဘူး။ ဒါပေမယ့် ကျမ လူနာတွေ ပြောပြချက် အရ သူ့မိန်းမကော ကလေးပါ ဆေးရုံမှာ တင်ထားရတယ် ဆိုတာ သိရတော့ ကရုဏာ သက်မိသလို သူ့ကိုလည်း စိတ်ဝင်စားမိပါတယ်။ သူကတော့ သန်သန်မာမာပါပဲ။ နောက်တပတ် အကြာမှာ ကျမ ဆေးရုံပေါ် တက်သွားတော့ ငိုကြီးချက်မနဲ့ လူးလှိမ့်နေတဲ့ ကောင်လေးကို တွေ့ပါတယ်။ သူ့ကလေး ဆုံးသွားပြီ တဲ့။ ကျမကလည်း အားပေးစကား ပြောတာပေါ့လေ။ အရက်နံ့ကတော့ သူ့ဆီက တထောင်းထောင်း ထနေတာပါပဲ။ ကျမကလည်း သူ ခံစားနေချိန် သောက်တာဖြစ်မှာပါ ဆိုပြီး ဘာမှ မပြောပါဘူး။
တိုက်တိုက် ဆိုင်ဆိုင်ပါပဲ သူ့ကလေးဆုံးပြီး ရက်လည်နေ့မှာ ကောင်လေးက အတော်လေး မူးရူးပြီး သတိ လစ်သလိုလို နတ်ပူး သလိုလို လုပ်နေတာ တွေ့ရပြန်ပါတယ်။ ကျမ အတော်လေး စိတ်ပျက်သွားမိပါတယ်။ ဒါပေမယ့် ချက်ခြင်း ဆိုသလိုပဲ သူ့မိန်းမ အဲ့ဒီနေ့ပဲ ဆုံးသွားတယ် ဆိုတာ သိလိုက်ရတော့မှ ကျမလည်း သူ့အတွက် အတော် လေး စိတ်မသက်မသာ ဖြစ်ရပြီး အတော်လေး သနားသွားပါတယ်။
သူကလည်း ရောဂါသည် ဆိုတော့ ခုလိုမျိုး စိတ်သောကနဲ့ အရက် သောက်တာတွေကော၊ ဆေးချတာတွေပါ လုပ်နေရင် မဖြစ်ချေဘူး ဆိုပြီး နောက်တရက် မနက် အစောကြီး သူနဲ့ စကားပြောဖို့ ဆေးရုံကို လိုက်သွားပါတယ်။ အခြား လူနာတွေကို မေးကြည့်တော့ မောင်ဇော် တယောက် မျက်ရည်စက်လက်နဲ့ သူ့ရွာ ပြန်သွားပြီ တဲ့။
သူနေတာက ကွမ်းခြံကုန်းမြို့နယ်မှာပါ။ ဒီတော့ သူ့ကို ခြေရာခံဖို့ မခက်ခဲပါဘူး။ ကျမတို့ အဖွဲ့ဝင်တွေက တဆင့် စုံစမ်းကြည့်တော့ ဒီကောင်လေး မနက်ကော ညကော တချိန်လုံး သောက်စားပြီး ငိုယိုနေတာပဲ တဲ့။ မေးကြည့်တိုင်း မူးရူးနေတယ် ပြောပြောနေတော့ သေအောင်လုပ်နေတာပဲ၊ လုပ်ပစေတော့ ဆိုပြီး မေ့မေ့ ပျောက်ပျောက် ထားလိုက်ပါတယ်။
တနှစ်လောက် ရှိတော့ မောင်ဇော်ကို ဆေးရုံမှာ ပြန်တွေ့ပါတယ်။ မမှတ်မိလောက်အောင် ပိန်လှီနေပြီးတော့ အေအိုင်ဒီအက်စ် အဆင့်ကိုတောင် ရောက်နေပါပြီ။ သူက ကျမကို တွေ့တော့ ထုံးစံ အတိုင်း ပြုံးပြပါတယ်။ သူ့ကို ကြည့်ပြီး ကျမလည်း စိတ် မချမ်းမသာ ဖြစ်မိပါတယ်။ သူကတော့ ကျမကို အားတက်သရောပါပဲ။ "ကျနော် အခု ဆေး ရတော့မယ် အစ်မ” တဲ့။ အေအာတီဆေးက မြန်မာနိုင်ငံမှာ လူနာတိုင်း မရနိုင်ပါဘူး။ ဒါကြောင့် ဆေးရပြီ ဆိုရင် လူနာတွေက ၀မ်းသာကြပါတယ်။ ကျမကလည်း သူ့ကို နင် ဆေးမသောက်ဘဲ အရက်ပဲ သောက်ပါလား လို့ နောက်မိပါတယ်။ ကျနော် ပြန်ကောင်းလာရင် မလုပ်တော့ပါဘူး လို့တော့ ပြောတာပါပဲ။ ကျမက မယုံပါဘူး။ အဲ့ဒီလိုဆို ကောင်းတာပေါ့ လို့ပဲ ပြောလိုက်ပါတယ်။
ကျမလည်း ရုံးကိစ္စတွေ တခြား လူနာကိစ္စတွေကြောင့် ဆေးရုံဘက် မရောက်ဖြစ်ပြန်ဘူး။ ဒါပေမယ့် မောင်ဇော် တယောက် NGO တခုမှာ စေတနာ့ဝန်ထမ်း လုပ်နေကြောင်း၊ အရက်လည်း မသောက်တဲ့ အကြောင်းတွေတော့ ကြားနေရပါတယ်။ ဒါနဲ့ သူ့အတွက်လည်း စိတ် ချမ်းသာရပါတယ်။
တရက်ကျတော့ မောင်ဇော် တယောက် ကျမအိမ်ကို အစောကြီး ရောက်လာပါတယ်။ သူ့ဆီကလည်း အရက်နံ့ တထောင်းထောင်း ထလို့။ သူလုပ်နေတဲ့ NGO နဲ့ အဆင်မပြေဘူး ဆိုတဲ့အကြောင်းတွေ၊ အဆင် မပြေတာတွေကို ကပေါက် ကချာ ပြောနေပြန်ပါတယ်။ ဒီကလေးကို ကြည့်ပြီး ကျမလည်း ဘာလုပ်ရမှန်းလည်း မသိ၊ ဒေါသကလည်းဖြစ်၊ နင်ဘာလုပ်မလဲ ဆိုတော့ ကျနော် အစ်မ တို့ကို ကူညီချင်တယ် တဲ့။ ကျမ အတော်လေး စိတ်ပျက်သွားပါတယ်။ မဖြစ်မနေ နင်နေချင်ရင်တော့ လူနာတွေ စုနေတဲ့ တောင်ဒဂုံ(၁၈) အိမ်မှာ သွားနေဖို့ ပြောလိုက်တယ်။
သွားနေပါတော့လို့ ပြောလိုက်ရပေမယ့် သူ့ကို ဘယ်လို ထိန်းသိမ်းမလဲ၊ ဒါပေမယ့် အဲ့ဒီမှာနေတဲ့ ကျမအဖွဲ့က လူငယ်တွေကလည်း ရှိနေတော့ ကြည့်ထိန်းရင် ဖြစ်လောက်ပါတယ် လို့တော့ တွေးမိပါတယ်။ သူကကော ပြုပြင်ချင်စိတ် ရှိပါ့မလား စဉ်းစားပြီး စိတ်မောမိပါတယ်။ အံ့သြ ၀မ်းသာဖို့ ကောင်းတာက အဲဒီနေရာကို ရောက်ပြီး နောက်ပိုင်း
လူနာတွေအိမ် ရောက်ပြီး နောက်ပိုင်း မောင်ဇော်ဟာ ဒီနေ့ချိန်ထိ သောက်တာ စားတာလည်း မရှိတော့ပါဘူး။ ပြီးတော့ လူနာတွေမှန်သမျှ ဆေးရုံတက်ရင်လည်း သူပဲ လိုက်စောင့်၊ ဆေးခန်းလည်း သူပဲ ပို့၊ သေတဲ့လူလည်း သူပဲ အသုဘချ ဆိုတာတွေကို လုပ်ပေးနေရှာပါတယ်။ ဒီအလုပ်တွေအတွက် သူ ငွေတပြားတချပ်မှ မရဘူး၊ ထမင်းကိုတော့ အလျဉ်းသင့်သလို ကျွေးပြီး လမ်းစရိတ် ပေးတာလောက်ပဲ လုပ်နိုင်ပါတယ် ဆိုတဲ့ ကျမတို့အခြေအနေမှန်ကိုလည်း သူ သိပါတယ်။
ကိုစန်း
နောက်တယောက်က ကျမတို့ အိမ်နီးနားချင်း တယောက်ပါ ကိုစန်းလို့ အလွယ် ခေါ်ပါတယ်။ ကျမတို့ ငယ်စဉ်ကတည်းက ရင်းနှီးနေတာပါ။ ကျမတို့ အိမ်ရှေ့မှာ ကော်စက် ဆွဲတဲ့အလုပ် လုပ်ပါတယ်။ ဒါပေမယ့် သူက စကားလည်း မပြောပါဘူး ဒါပေမယ့် ဥက္ကလာထဲမှာ ရိုက်ပွဲ ဖြစ်တယ်ဆိုရင် သူ ထိပ်ဆုံးကပဲ။ လမ်းသူရဲ ခေါ်မလား လူမိုက် ခေါ်မလားပဲ။ လူလည်း ခဏခဏ ရိုက်ပါတယ်။ ဘယ်လောက် ဆိုးသလဲ ဆိုတော့ လက်ဖက်ရည် တခွက် တိုက်ရင်ကို လူရိုက်ပါသတဲ့။ ကျမတို့နဲ့ ရင်းနှီးတယ် ဆိုပေမယ့် ဒီလို စရိုက်ကြီးကြောင့် ကျမတို့ကတော့ ဖာသိဖာသာ နေလိုက်တာပါပဲ။
ဒါနဲ့ သူငါးနှစ်လောက် ပျောက်သွားပါတယ်။ ရေတာရှည်ဘက်မှာ အိမ်ထောင် ကျပြီး သစ်မှောင်ခို လုပ်နေသလိုလို ကားစပယ်ယာ လုပ်နေသလိုလို ကြားတာပါပဲ။ ၇ နှစ်လောက် ရှိတော့ သူ ပြန်ရောက်လာပါတယ်။ မိန်းမကော ကလေးပါ ဆုံးသွားပြီတဲ့ ရှေ့ဆင့် နောက်ဆင့်ပဲ ဆုံးတာပါတဲ့။ သူ့အဒေါ်တွေက ကျမတို့ အိမ်မှာ အလုပ်လုပ်တော့ သူ့အကြောင်းကို မကြားချင်လည်း ကြားနေရတာပါပဲ။
သူကတော့ ထုံးစံတိုင်း စကား နည်းမြဲပါပဲ။ ဒါပေမယ့် ကျမက ဒီ အိပ်ခ်ျအိုင်ဗွီ ကိစ္စတွေ လုပ်နေတယ် ဆိုတာ သိတော့ အကူအညီ လာတောင်းပါတယ်။ သူ့မိန်းမနဲ့ ကလေးကော ဒီရောဂါနဲ့ ဆုံးသွားလို့ သူလည်း သွေးစစ်ချင်တယ် ပြောပါတယ်။ သူရောဂါဖြစ်နေတယ် ဆိုတော့လည်း ကျမ လိုက် ကူညီပေးပြီးတော့ ဆေးရအောင် လုပ်ပေးပါတယ်။ ဒီမှာတင် ပြဿနာ တခုက သူ့မှာ နေစရာမရှိ ဖြစ်နေတယ် ဆိုတာပါပဲ။
ကျမကလည်း သူ့ကို ကြောက်တော့ ခေါ်ထားဖို့ အတော့်ကို စဉ်းစားရပါတယ်။ အခြား အတူနေ လူနာတွေကို မထင်ရင် မထင်သလို လုပ်လိုက်မှာကို ကြောက်တာပါ။ ဒါပေမယ့် အရဲစွန့်ပြီးတော့ ခေါ်ထားလိုက်ပါတယ်။
ကြောက်စရာ ကိုစန်းတယောက် လူနာအိမ်ရောက်ပြီးနောက်မှာ အင်မတန် ပြောင်းလဲသွားပါပြီ။ ခုဆို အဝေးပြေးကားဂိတ်မှာ လူနာကြိုတာ၊ ဆေးခန်းပြတာ၊ လူနာတွေကို လိုက်ပြုစုပေးတာ၊ အိမ်တွေကို လိုက်ပြုစုပေးတာတွေကို ကျမတို့နဲ့ တန်းတူ တကယ် လုပ်နေပါတယ်။
မောင်ဇော် နဲ့ ကိုစန်းတို့ နှစ်ယောက် ပြောင်းလဲပုံကိုလည်း ကျမ အံ့သြမိတယ်။ ဒါနဲ့ ကျမ နှစ်ယောက်စလုံးကို မေးကြည့်ပါတယ်၊ သူတို့ ပြန်ပြောပြတာကတော့ တူနေပါတယ်။ သူတို့ကြောင့် အပြစ်မဲ့တဲ့ မိန်းမ တယောက်နဲ့ ကလေး တယောက်စီ သေခဲ့ရပြီးပြီ၊ ဒီတော့ သူတို့ ဒီရောဂါနဲ့ ဆက်ဆိုးနေမယ်၊ ဆက်မိုက်နေမယ် ဆိုရင် သူတို့တင်မက အပစ်မဲ့ သေသွားတဲ့ သူတို့ ဇနီးသည်တွေနဲ့ ကလေးတွေပါ ဘ၀ကူး မကောင်းအောင် လုပ်သလို ဖြစ်နေမှာပေါ့ တဲ့။ အဲဒီတော့ သေဆုံးသွားတဲ့ မိန်းမနဲ့ ကလေးအတွက် တတ်နိုင်သမျှ ကောင်းမှု အစုစု လုပ်ပေးနေတာပါ တဲ့။
ကျမလည်း ကြည်နူး ၀မ်းသာစိတ်နဲ့ သာဓု ခေါ်မိပါတယ်။ ဒီနှစ်ယောက်စလုံး ကျန်းမာ သက်ရှည်ပြီး ကောင်းကျိုး များများ ပြုလုပ်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။
အိတ်ခ်ျအိုင်ဗွီ ကူးစက်မှု အများစုမှာ အသိပညာမဲ့မှုကြောင့်ဟု မဖြူဖြူသင်းကဆို
ရီမေအောင် (၁၅ ဇူလိုင် ၂၀၁၀) DVB -
မြန်မာပြည်မှာ စီးပွားရေးချို့တဲ့မှုနဲ့ ပညာပေးမှု အားနည်းတာကြောင့် HIV/AIDS လူနာတွေ ပိုများပြားလာတဲ့ အခြေအနေမှာ ဒီလူနာတွေအတွက် စောင့်ရှောက် အကူအညီပေးမူတွေကို အရင်ကထက် ပိုပြီး အခုချိန်မှာ တိုးချဲ့ဆောင်ရွက်ပေးနေတယ်လို့ မဖြူဖြူသင်းက ပြောပြပါတယ်။
အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှူဆောင် ကော်မတီဝင် ဦးဝင်းတင် လွတ်လာပြီးနောက်ပိုင်း သူတို့ကိုယ်တိုင် မဖြူဖြူသင်းတို့ရဲ့ HIV/AIDS လူနာစောင့်ရှောက်ရေး လုပ်ငန်းကို အားပေးတာကြောင့် ပိုပြီး တိုးချဲ့လုပ်ကိုင်နိုင်တာလို့ မဖြူဖြူသင်းက ပြောပြပါတယ်။
“အရင်တုန်းကဆိုရင် ကျမတို့တွေက နိုင်ငံတကာနဲ့လည်း လုပ်ကိုင် ဆောင်ရွက်တဲ့ အခါမှာ ကျမတို့ လူငယ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့တယ် ပေါ့နော်၊ တော်ရုံတန်ရုံ ကိစ္စတွေ ကျမတို့ သတင်း အနေနဲ့ပဲ ဖြစ်ဖြစ် နောက်တခုက ဝေဒနာသည်တွေနဲ့ပဲ ဖြစ်ဖြစ် ကျမတို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့တယ်။ အခုနောက်ပိုင်းတော့ အဘတို့ လွတ်လာတဲ့ နောက်ပိုင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လေ သူတို့ကိုယ်တိုင် ဝေဒနာသည်တွေ အိမ်လာပြီး ကြည့်တယ်။
“လိုအပ်ချက်တွေ ဘာတွေ ဆက်လုပ်ရမယ်၊ နောက်တခုကကျတော့ နိုင်ငံတကာမှာ ရှိနေတဲ့ အဖွဲ့အစည်း အားလုံးနဲ့ရော ပြည်တွင်းက အလှူရှင်တွေလည်း စိတ်ဝင်စားလာအောင် ပိုပြီးကြိုးစားပြီး လုပ်ဖို့အတွက်ကို အားပေးတာတွေ ရှိလာတဲ့ အခါကျတော့ ကျမတို့ လုပ်ကိုင်ဆောင်ရွက် တာတွေကလည်း ပွင့်ပွင့်လင်းလင်း လုပ်ကိုင်ခွင့် ရလာတယ်ပေါ့နော်၊ အဘတို့ အနေနဲ့လည်း သူတို့တတ်နိုင်တဲ့ ဘက်တွေကနေပြီးတော့ လိုအပ်တဲ့ဟာလေးတွေ ကူညီပေးတာတွေ ရှိတဲ့ အခါကျတော့ ကျမတို့ ပိုပြီး လုပ်ကိုင်ဖြစ်တာ ပေါ့နော်။”
လောလောဆယ် တောင်ဒဂုံမှာ ရှိတဲ့ လူနာတွေရဲ့ အိမ်ကို ဒီရက်အတွင်းမှာပဲ နောက်ထပ် လူ ၂၀ စာ အတွက် စတင်တိုးချဲ့နေသလို တီဘီဆေးနဲ့ အေအာရ်ပီ ဆေးကိုလည်း တတ်နိုင်သလောက် တိုက်ပေးနေပြီး တချို့လူနာတွေရဲ့ မဖြစ်မနေ ကူညီရမယ့် လူမှုရေး အခက်အခဲတွေကို မိသားစုလို ဖြေရှင်း ပေးနေသလို ကျန်းမာရေး ပညာပေး လမ်းညွှန်မှုတွေကိုလည်း အပတ်စဉ် လုပ်သွားမယ်လို့ မဖြူဖြူသင်းက ပြောပြပါတယ်။
၂၀၀၂ ကစလို့ HIV/AIDS၊ TB ရောဂါသည် လူနာပေါင်း ၅, ၀၀၀ ကျော်ကို ဆေးရုံပြသဖို့၊ သွေးစစ်ဖို့၊ သောက်ဆေးရဖို့ ကူညီပေးခဲ့ပြီး လတ်တလော လူနာ ၁၀၀ ဝန်းကျင်ကို လက်ခံ စောင့်ရှောက် ထားပါတယ်။ ပိုပြီးတိုးချဲ့ လုပ်ကိုင်နေ ပေမယ့်လည်း အကူအညီတွေ ကတော့ လိုအပ်နေဆဲ ဖြစ်တယ် လို့လည်း မဖြူဖြူသင်းက ရှင်းပြပါတယ်။
“ကျမတို့အခု လက်ရှိကတော့ ဒီလူနာတွေ နေဖို့အတွက်ကို ကျမတို့ဘာသာ ကျမတို့ ပေါ့နော် အခင်းတွေ ခင်းတယ်၊ အပေါ်တွေ အထပ်တွေ ဘာတွေ တင်ပြီး လုပ်ထားတာ ရှိတယ်ပေါ့။ အဲဒါတွေလည်း ကျမတို့ အခု လက်ရှိအချိန်အထိ လုပ်နေတုန်းပဲ။ သူတို့နေရတာ နည်းနည်း အဆင်ပြေအောင် ပေါ့နော်။”
“ကျယ်ကျယ်ဝန်းဝန်း မဟုတ်ပေမယ့်လည်း နေလို့ရအောင် ဆိုပြီး ကျမတို့ တိုးချဲ့ပြီး လုပ်နေပါတယ်။ နေရာတွေ ဘယ်လောက်ပဲ ခက်ခက်။ လူနာတွေက တအားကို များများလာတယ်။ အခုဆိုရင် အိပ်ယာတောင် သူတို့ အခက်အခဲဖြစ်တယ်။ တအိမ်တည်းမှာကို ၆၀ - ၇၀ - ၈၀ အဲဒီလောက်ကို ထားရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်ပေါ့နော်၊ တကယ်ပြောမယ် ဆိုရင်တော့ ဒီ ဝေဒနာသည်တွေ နေဖို့ အတွက်ကို အဆောက်အဦးတွေက အများကြီး လိုအပ် နေပါသေးတယ်။”
မြန်မာနိုင်ငံမှာ ဝေဒနာ ဖြစ်ပွားသူ အများစုကို ကြည့်မယ်ဆိုရင် အသိပညာမဲ့ မှုကြောင့် ကူးစက်ရတာကို အများဆုံး တွေ့ရတယ်လို့ မဖြူဖြူသင်းက သူမရဲ့ အတွေ့အကြုံအရ ပြောပါတယ်။
“လူနာတယောက် ရှိတယ်။ ကလေး တယောက်ကလေ သူကတော့ ၄ နှစ်ရှိသွားပြီး၊ သုံးခွဘက်မှာ နေတာ၊ အဲဒီကလေး တယောက်ဆိုရင် မိဘနှစ်ဦးစလုံးက HIV Negative ပေါ့နော်၊ မိဘတွေကလည်း သူတို့ သံသယ ဖြစ်တယ်။ သူတို့မှ မရှိဘဲ ကလေး ဘာကြောင့်ဖြစ်လဲ ဆိုတော့၊ အဲဒီ နယ်တွေမှာ ဆေးထိုးအပ်တွေက ကူးနိုင်တာ ပေါ့နော်။ အဲဒီကလေးက အဲဒီကနေ ကူးသွားတာ၊ အခုဆိုရင် သူ အေအာရ်ပီ သောက်နေပြီ။”
“ရန်ကုန်မြို့နဲ့ အနီးစပ်ဆုံးမှာ ရှိနေတဲ့ တချို့ကလေးတွေ သူတို့ HIV တွေ ဖြစ်နေတာ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဗဟုသုတတွေ တော်တော်များများ နည်းကြတယ်။ ဒါကိုကာကွယ်ဖို့ အတွက်ကို ကွန်ဒုံးလို ပစ္စည်းမျိုးကို မမြင်ဘူးဘဲနဲ့ ရောဂါကူးစက်တာတွေ အများကြီး ရှိတယ်။ အဓိက က ဒီပညာပေးမှု အပိုင်း အများကြီး အားနည်းတာကို တွေ့ရတယ်။”
အန်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲ ပါတီ မှတ်ပုံမတင်ဘဲ လူမှုရေး လုပ်ငန်းတွေကို အန်ဂျီအို ဆန်ဆန် လုပ်မယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီအပေါ် မဖြူဖြူသင်းက သူတို့အနေနဲ့ လူနာ စောင့်ရှောက်မှု တွေကို ၂၀၀၂ ကတည်းက လုပ်ကိုင်ခဲ့ပြီး အန်အယ်လ်ဒီ အနေနဲ့ တရားဝင် ပါတီအဖြစ် ပြည်သူတွေအတွက် လုပ်နိုင်သမျှကို အမျိုးသားရေး တာဝန်အဖြစ် ခံယူပြီး လုပ်ကိုင် နေတယ်လို့ ဆိုပါတယ်။
“ကျမတို့ အခုမှ စတင်ပြီး လုပ်ကိုင် ဆောက်ရွက်ခဲ့တာ မဟုတ်ဘူးရှင့်၊ ၂၀၀၂ ခုနှစ် ကတည်းကနေ စပြီးတော့ ကျမတို့ ဒီကိစ္စကို အမျိုးသားရေး ပြဿနာ တရပ်အနေနဲ့ရော မြန်မာပြည်မှာ အရေးတကြီးကို လိုအပ်နေတဲ့ ကိစ္စတရပ် အနေနဲ့ရော ယူဆပြီးတော့ နိုင်ငံရေး ပါတီတရပ် အနေနဲ့ လုပ်ကို လုပ်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်ကိုင် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ အခုနောက်ပိုင်းလည်း ကိုယ့်ဘာသာကိုယ် ခံယူထားပြီးသား ကျမတို့ ပါတီရှိတယ်။”
“ကျမတို့ အခု ဆက်လက် လုပ်ကိုင်ဆောင်ရွက် နေတာကလည်း အားလုံးဟာ အမျိုးသားရေး စိတ်ဓာတ် အနေနဲ့ ကျမတို့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို အခုလိုပေါ့ HIV ကိစ္စတွေ ရှိတယ်။ လူမှုရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေလည်း အန်အယ်လ်ဒီမှာ လုပ်ကိုင် ဆောင်ရွက်နေတာ ရှိတယ်။ အဲဒါတွေ အကုန်လုံးကို ကျမတို့က ရပ်တန့်မသွားဘူး၊ တိုင်းပြည်အတွက် လိုအပ်ချက် တခုအနေနဲ့ရော အမျိုးသားရေး တာဝန်တရပ် အနေနဲ့ရော ကျမတို့ ဆက်ပြီး လုပ်သွားမှာ။”
အခုအချိန်မှာ HIV/AIDS၊ TB ကူးစက်မှု မပြန့်ပွားရေးကို မဖြူဖြူသင်းတို့ အနေနဲ့ တတ်နိုင်သမျှ ကြိုးပမ်း ဆောက်ရွက်နေသလို အစိုးရ အပါအဝင် လုပ်ကိုင်နိုင်သူ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အမြဲ အဆင်သင့် ရှိပါတယ်လို့လည်း မဖြူဖြူသင်းက ပြောကြားခဲ့ပါတယ်။”
အမေရိကန် အထက်လွှတ်တော် အရာရှိတဉီးနှင့် မဖြူဖြူသင်းတို့ တွေ့ဆုံ
အေးနိုင် ၂၃ ဇွန် ၂၀၁၀ - DVB
ရန်ကုန်မြို့ကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံ ခြားရေးရာ ဆပ်ကော်မတီ ဉက္ကဋ္ဌ ဂျွန်ကယ်ရီရဲ့ လက်ထောက် မစ္စ ရော်ဘင်လာနာ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာသည် အကူအညီပေးရေး အစီအစဉ်တာဝန်ခံ မဖြူဖြူသင်းနဲ့ ကိုရာဇာ တို့ကို ဒီနေ့ တွေ့ ဆုံခဲ့ပါတယ်။
မစ္စ ရော်ဘင်လာနာ ဟာ အိပ်ခ်ျအိုင်ဗွီဝေဒနာသည်တွေကို ကိုယ်ဖိရင်ဖိ စောင့်ရှောက်ကူညီနေတဲ့ မဖြူဖြူသင်းနဲ့ ကိုရာဇာတို့ကို ရန်ကုန်òမိ့ တော်ဝင်လမ်း မှာရှိတဲ့ အမေရိကန်စင်တာမှာ ဒီမနက် တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်သံရုံးအရာရှိတယောက်ပါ တက်ရောက်ပြီး ၁ နာရီ ၃၅ မိနစ် ကြာမြင့်တဲ့ တွေ့ဆုံမှုအတွင်း အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အခြေအနေကို အဓိကထား မေးမြန်းတယ်လို့ ကိုရာဇာက ပြောပါတယ်။
“အဓိက ကျနော်တို့အခန်းကဏ္ဍကိုမေးတယ်၊ အန်ဂျီအိုတွေရဲ့ အခန်းကဏ္ဍ ကို မေးတယ်၊ အစိုးရရဲ့ အခန်းကဏ္ဍတွေကို မေးတယ်၊ အစိုးရအနေနဲ့ ဘာလုပ်ပေး လဲဆိုတော့ ကျနော်တို့က ရှင်းရှင်းပဲ ပြောလိုက်တယ် အစိုးရအနေနဲ့ တနိုင်ငံလုံး အ နေနဲ့ ဆေးရုံ ၂ ရုံပဲထားတယ်၊ လူတွေ ရာဂဏန်းလောက်ပဲ ဆေးပေးနိုင်တယ်။ တ ခြား အန်ဂျီအိုတွေ ဆေးဝိုင်းပေးနေလို့သာ သောင်းနဲ့ချီတဲ့လူတွေ အသက်ရှင်နေ တာ၊ ကျနော်တို့ လုပ်ရကိုင်ရတာ ဘယ်လောက်အထိ ခက်ခဲသလဲဆိုတော့ ကျနော် တို့ကို အစိုးရဘက်ကလည်း မကြည်ဖြူဘူး မုန်းတယ်ပေါ့၊
“ဒီ အန်ဂျီအိုတွေကလည်း ကျနော်တို့ကို မချဉ်းကပ်ရဲဘူး။ အနားကို မကပ် ရဲတဲ့အခါကျတော့ ကျနော်တို့က တကိုယ်တော် လုပ်ရသလို ဖြစ်နေတယ်၊ အဲဒီ တော့ ကျနော်တို့က အင်မတန်မှ ပင်ပန်းဆင်းရဲ တယ်ပေါ့၊ သူက ဘာထပ်ပြောလဲ ဆိုတော့ အစိုးရအနေနဲ့လုပ်လာအောင်လို့ ယူအန်ကနေပြီးတော့ လက်တွဲရင် မဖြစ် ဘူးလား၊ အန်ဂျီအိုတွေက လက်တွဲရင် မဖြစ်ဘူးလား၊ ဘယ်လိုမျိုးပြုရင် ဖြစ်မလဲပေါ့ မေးတယ်။
“မေးတော့ ကျနော်တို့က ပြန်ပြောတယ် အစိုးရအနေနဲ့ လုပ်ချင်ရင် ဟိုး အစောကတည်းက ကိုက လုပ်မှာပေါ့၊ အခု အစောကြီး ကတည်းကကို မလုပ်ချင်လို့ ပြစ်ထားတဲ့ ပြဿနာ ဖြစ်တယ်၊ အစိုးရကိုယ်တိုင် မဖြေရှင်းလို့ ဒီနေ့အထိ ပြဿနာ ဖြစ်နေရတယ်၊ အဲဒီတော့ သူက ဗမာပြည်မှာ တိကျတဲ့ ကိန်းဂဏန်းတွေ ရှိလားတဲ့။ အစိုးရက နောက်ဆုံး ထုတ်ပြန်တာကတော့ ၂၀ဝ၄ မှာ ထုတ်ပြန်လိုက်တာ ၃ သိန်း ၆ သောင်းလို့ ပြောတယ်၊ သို့သော် ဒီ စာရင်းဇယားတွေက ဒီ့ထက် တိုးလာတာ လည်း မရှိဘူး။ ကျသွားတာလည်း မရှိဘူးဆိုတော့ ဒီ စာရင်းဇယားတွေက စတင် ကောက်ခံကတည်းက မမှန်ကန်ဘူးလို့တော့ ကျနော်တို့ ပြောလိုက်နိုင်တယ်။”
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ပေးအပ်ထားတဲ့ သူတို့ တတွေရဲ့ ရှေ›ဆက်ခရီး ပြင်ဆင်ချက်ကို မေးတယ်လို့ ပြောပါတယ်။
“ကျနော်တို့ကို ဉီးတည်ပြီးတော့ မေးတာကတော့ ကျနော်တို့ ရှေ›ဆက်ပြီး ဘယ်လိုလုပ်မလဲ၊ ကျနော်တို့အနေနဲ့ ဘာတွေ ရည်ရွယ်ထားလဲပေါ့ဗျာ၊ ကျနော်တို့ ဘက်က တုံ့ပြန်လိုက်တာကတော့ ကျနော်တို့သည် အန်အယ်လ်ဒီတွေ ဖြစ်တယ်၊ အန်အယ်လ်ဒီနဲ့အတူ ရပ်တည်မယ်၊ အန်အယ်လ်ဒီ မရှိဘူးဆိုတာ မဟုတ်ဘူး၊ အန် အယ်လ်ဒီအဖွဲ့ဝင်တွေ ရှိနေတုန်း။ အန်အယ်လ်ဒီ လုပ်ငန်းစဉ်တွေ လုပ်နေတုန်းပေါ့ နော် ဒါပြောတယ်။
“ရှေ›လျှောက် ရည်ရွယ်ချက်တွေ ကျတော့ အများကြီးပေါ့ဗျာ၊ ကျနော်တို့ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ဒီ ဒီမိုကရေစီရေး လူ့အခွင့်အရေးတွေနဲ့ ပတ် သက်တဲ့ကိစ္စတွေ သူ့ကို မပြောပြလိုက်ရတာတွေ လည်းရှိတာပေါ့။”
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီဝေဒနာသည်တွေကို ကူညီပံ့ပိုးရေး၊ ပညာပေးရေး လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့မှုရှိမရှိတာနဲ့ ပတ်သက်လို့လည်း မေးမြန်းသွား တယ် လို့ ကိုရာဇာက ပြောပါတယ်။
“ခေတ်လွန်နေတဲ့ တိုင်းပြည်ကလာတဲ့ လူဆိုတဲ့အခါကျတော့ ကျနော်တို့ ဒီမှာ ဖြစ်နေတဲ့ဟာတွေကို သူ သိပ်နားမလည်နိုင်ဘူး တချို့ဟာတွေ၊ အစိုးရက မလုပ်တဲ့ကိစ္စတွေ၊ မိသားစုက စွန့်ပစ်တဲ့ကိစ္စတွေ၊ နောက်ပြီးတော့ ရပ်ရွာကနေပြီး တော့ ဝိုင်းပယ်တဲ့ ကိစ္စတွေ၊ တော်တော် ပြောယူရပါတယ်။ “ပုံပြင်တပုဒ်လိုတောင် ဖြစ်နေတယ် သူတို့အတွက်က၊ ဒါပေမယ့်လို့ ကျ နော်တို့က ဒါဟာ တကယ့်အဖြစ်မှန်တွေ၊ ဒီ့ထက်မက ဆိုးဝါးနေတာတွေ ရှိသေး တယ်။ အဲဒီတော့ သူက ထပ်မေးတယ်၊ အန်ဂျီအိုတွေက ပညာပေး လုပ်ငန်းတွေ လုပ် နေတာပဲ မထိရောက်ဘူးလားတဲ့၊ သူကလည်း သူ့ ကန့်သတ်နယ်မြေ ရှိတယ်။
“အစိုးရက သတ်မှတ်ပေးထားတဲ့ ဉပမာ လမ်းမတော်မှာ လုပ်ဆို လမ်းမ တော်မှာပဲလုပ်။ လသာဘက်ကို စင်ထွက်လာလို့ မရဘူး။ ဒီလို ကိစ္စမျိုးတွေ ကျနော် ပြောပြတယ်ပေါ့နော်၊ ပြောပြတော့ သူ အင်မတန်မှ အံ့အားသင့်ပြီးတော့ သူ့အနေ နဲ့ ဒီလို ဒုက္ခတွေကို သူ ကူညီချင်တယ်၊ သူ့ရဲ့ အကြီးအကဲတွေကိုလည်း ကူညီဖို့ သူ ပြောပါမယ်တဲ့ ပြန်ပြောသွားပါတယ်။”
မစ္စ ရောဘင်လာနာဟာ ဒီလ ၁၉ ရက်နေ့ကတည်းက ရောက်နေတာဖြစ်ပြီး နိုင်ငံရေးပါတီတချို့ကိုလည်း လိုက်လံတွေ့ဆုံခဲ့ပါတယ်။
မဖြူဖြူသင်း ဦးဆောင်သည့်အဖွဲ့က NLD လူကြီးများအား ဂါဝရပြု
လွန်းဒင်။ ။ ၁၃၊ ၆၊ ၂၀၁၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် HIV/AIDS ရောဂါသည်တွေကို အကူအညီပေးရေး အစီအစဉ်တာဝန်ခံ မဖြူဖြူသင်းဦးဆောင်ပြီး ဝေဒနာသည်များက အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့အား ဂါဝရပြု ကန်တော့သည့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၁၈) ရပ်ကွက်ရှိ HIV/AIDS ဝေဒနာရှင်များကိုထားရှိသည့်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မဖြူဖြူသင်းက ပြောသည်။
“ဘဘတို့ကလည်း လူနာတွေကို အရမ်းအားပေးချင်တယ်။ လူနာတွေကလည်း ဘဘတို့ကို ဂါရ၀ပြုချင်တယ်။ အဲဒါနဲ့ ဒီနေ့တိုင်ပင်ပြီး လုပ်လိုက်တာပါ၊ ဘဘတို့က ဒီမှာလာပြီး လူနာတွေကို တွေ့ဆုံတယ်၊ အားပေးတယ်၊ အတူတူစားပြီး ချစ်ချစ် ခင်ခင်ရင်းရင်းနှီးနှီး နေကြတယ်။ လူနာတွေကလည်း ဘဘတို့ကို ကန်တော့တယ် အဲဒီပုံစံမျိုးလေး လုပ်လိုက်တာ” ဟု ပြောသည်။
ယင်းကဲ့သို့ ဝေဒနာရှင်များနှင့် တွေ့ဆုံရာတွင် ဦးဝင်းတင်နှင့် ဦးတင်ဦးတို့က ၎င်းတို့အနေဖြင့် ဝေဒနာရှင်များအတွက် ကူညီနိုင်သမျှ အကူညီပေးသွားမည်ဖြစ်ကြောင်း အားပေးပြောဆိုခဲ့သည်။
“ဘဘတို့အခုလို လာရောက်တွေ့ဆုံပြီး အားပေးစကားတွေပြောတဲ့အခါကြတော့ လူနာတွေလည်း တော်တော်တက်တက်ကြွကြွဖြစ်လာတယ်၊ အခုလောလောဆယ် ဒီမှာဝေဒနာရှင် (၆၀) လောက်ရှိတယ်၊ အပြင်က မပါသေးဘူး၊ ဘဘတို့ကလည်း အကူညီတွေပေးဖို့ လုပ်သွားမယ်ဆိုတာလည်း ပြောသွားတယ်” ဟု ဆက်ပြောသည်။
အဘဦးတင်ဦးနှင့် အဘဦးဝင်းတင်တို့ ဦးဆောင်၍ ဝေဒနာရှင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အထိမ်းအမှတ်ဖြစ် ခရေပင် (၂) ပင်ကို နံနက် (၁၁) နာရီအချိန်တွင် စိုက်ပျိုးခဲ့သည်။
အဖွဲ့ချုပ်၏ HIV/AIDS ကူညီရေးအစီအစဉ်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြားချက်ဖြင့် ၂၀၀၂ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး ထိုကူညီရေးအဖွဲ့တာဝန်ခံအဖြစ် အဖွဲ့ချုပ် တောင်ဥက္ကလာပမြို့နယ် စည်းအဖွဲ့ဝင် မဖြူဖြူသင်းက တာဝန်ခံအဖြစ် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။
အဖွဲ့ချုပ် ကူညီရေးအဖွဲ့ စတင်သည့်နှစ်မှ အခုအချိန်ထိ HIV/AIDS ဝေဒနာသည် (၃၀၀၀) ကျော်အတွက် ဆေးစစ်နိုင်ရန် ဆေးဝါးရရှိရန်၊ နေရေထိုင်ရေး စသည့်လိုအပ်ချက်များကို အကူအညီပေးနိုင်ခဲ့ပြီး ယခုလက်ရှိ လူနာတစ်ရာကျော်ကို လက်ခံကူညီပေးလျက်ရှိသည်။
HIV ဝေဒနာရှင်များအတွက် အလှူရှင်များ အရေးပေါ် လိုအပ်
အောင်ထက် / ၀၇ ဇွန် ၂၀၁၀ ခေတ်ပြိုင်
တနေ့တခြား တိုးပွားလာသော HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးဝါးစရိတ်ကုန်ကျမှု ငွေကြေးအခက်အခဲ ရှိနေသည့်အတွက် ART ဆေးဝါးများ ဆက်လက်ပေးဝေနိုင်ရန် မလွယ်ကူတော့ကြောင်း HIV အရေး ဆောင်ရွက်နေသူ မဖြူဖြူသင်းက ပြောကြားသည်။
ပြည်တွင်း အန်ဂျီအိုများစွာမှ ART (ARV) ဆေးဝါးများ ဖြန့်ဝေမပေးနိုင်တော့ခြင်း၊ မီးလောင် မင်္ဂလာဈေး၏ လတ်တလော ဆေးဈေးကွက် ပျက်သွားခြင်းတို့ကြောင့် HIV အပါအ၀င် ၎င်းနှင့် ဆက်စပ်ဆေးဝါးများ တန်ဖိုးမြင့်တက်လာက ငွေအကုန်အကျ ပိုမိုများလာသည့်အတွက် ART ဆေးဝါးများ ဆက်လက်ဖြန့်ဝေရန် အခက်အခဲ ရှိလာခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
“ကျမတို့က ဆေးယူထား၊ အလှူရှင် ရလာရင် ငွေသွားရှင်း၊ အဲလိုရှိတယ်။ အခု ဆေးပစ္စည်းတွေ မီးလောင်ဆုံးရှုံးကုန်တော့ သူတို့လည်း ဆိုင်တွေကို အသစ်ကနေ ပြန်စနေရတယ်။ ART ကို တခြားဆိုင်တွေမှာ လက်လီဝယ်ယူဖို့ကျတော့ ကျမတို့ ငွေလက်ငင်း မတတ်နိုင်ဘူးဖြစ်နေတယ်” ဟု မဖြူဖြူသင်းက ပြောသည်။
HIV/AIDS ဝေဒနာရှင်များ သောက်သုံးရသည့် ART (ARV) ဆေးများကို ပြင်ပဆေးဆိုင်များမှ ၀ယ်ယူပါက တလစာ (ပျမ်းမျှ) (၃၀,၀၀၀) မှ (၃၅,၀၀၀) ကျပ် ၀န်းကျင်ခန့်ရှိကြောင်း၊ ထို့ပြင် HIV/AIDS နှင့် ဆက်စပ်နေသော အခြားရောဂါများအတွက် ကာကွယ်ဆေးများဖြစ်သော Forcan, Septrim, Imodium ဆေးများ၊ ပိုးသတ်ဆေးများ၊ ၀မ်းပျက်ဝမ်းလျှောအတွက် ဓာတ်ဆားထုပ်များပါမကျန် ယခင်ထက် ဈေးတက်နေသည့်အတွက် ဆေးဝါးဝယ်ယူမှုစရိတ် ပျမ်းမျှ လစဉ် (၂၀-၂၅) သိန်းခန့် ကုန်ကျနေကာ ဆက်လက်ဝယ်ယူနိုင်ရန် ငွေကြေးအခက်အခဲ ရှိနေသည်ဟု သိရသည်။
“သဇင် ဆေးခန်းကြီး အပါအ၀င် အန်ဂျီအိုတွေအနေနဲ့ HIV လူနာသစ်တွေကို သွေးစစ်ပေးရုံကလွဲလို့ ART လုံးဝ မပေးနိုင်တော့ဘူး။ အရင်က အန်ဂျီအို အတော်များများ (မှို၊ ရေယုန်၊ ၀မ်းပျက်ဝမ်းလျှော စတဲ့ အခြား အခွင့်အရေးယူရောဂါ) (OI) ဆေးတွေ ပေးနိုင်သေးတယ်။ အခု သူတို့ဆီမှာ OI တောင်ပြတ်နေပြီ။ အန်ဂျီအိုတွေမှာ ခုလို ART ရော၊ OI ရော ပြတ်နေတော့ ကျမတို့ဆီကို လူနာတွေ ပိုတိုးဝင်နေတယ်” ဟု လည်း မဖြူဖြူသင်းက ပြည်တွင်း အန်ဂျီအိုအဖွဲ့အစည်းများ၏ လက်ရှိရပ်တည်မှုကို ရှင်းပြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင်လုပ်ကိုင်နေသူ မဖြူဖြူသင်းက ၎င်းတို့အနေဖြင့် လက်ရှိတွင် လူနာ (၁၀၀) ဦးခန့်အား ART ဆေး လစဉ် ပေးဝေနေရပြီး OI အဆင့် လူနာသစ်များလည်း (၃-၄) ဦးမျှ နေ့စဉ် ရောက်ရှိနေသည့်အတွက် နယ်လူနာ (၁၀၀) ခန့်ကို တောင်ဒဂုံ (၁၈) ရပ်ကွက်၌ (၂) အိမ်၊ မြောက်ဒဂုံ၌ (၂) အိမ် စုစည်းနေထိုင်စေကာ ART, TB, OI ဆေးများသာမက ၀မ်းရေးအခက်အခဲကိုလည်း တတ်နိုင်သမျှ ဖြေရှင်းပေးနေရသည်ဟု ပြောဆိုသည်။
“လတ်တလော အခက်အခဲအရ လူနာနဲ့ ကျမတို့ ငွေကြေး တယောက်တ၀က် ကျခံစေတဲ့ ပုံစံမျိုး၊ လူနာအချင်းချင်း ART လှည့်ပေးနေရတဲ့ ပုံစံမျိုးတွေ လုပ်နေရတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရ စားဖို့တောင် အနိုင်နိုင်ဆိုတော့ ဆေးဝါးကို အပြင်ဈေးနဲ့ ၀ယ်သုံးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အများစုကို အခမဲ့ ပေးဝေနေရတယ်။ လူနာတွေ ဆေးပြတ်ရင် အသက်တိုလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ပြည်တွင်း အန်ဂျီအိုများသည် 3D Funds, Global Funds တို့မှ ပေးဝေသော ART ဆေးများဖြင့်သာ ရပ်တည်နေရကြောင်း၊ လာမည့် ၂၀၁၁ တွင် Global Funds မှ မြန်မာပြည်တွင်းသို့ ART အလုံအလောက် ဖြန့်ဝေမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် များစွာ မျှော်လင့်နေရကြောင်း မဖြူဖြူသင်းက ပြောသည်။
၎င်းက “HIV လူနာတွေအတွက် အရေးပေါ် ငွေကြေးလိုအပ်နေပါတယ်။ ဒါကြောင့် နိုင်ငံတကာက ဖြစ်စေ၊ တရားမ၀င် ငွေကြေးဖြစ်စေ၊ ဘယ်အဖွဲ့အစည်းက လှူလှူ အားလုံးကို လက်ခံမယ်။ ဒီနည်းပဲ ရှိတော့တယ်။ အဲလိုလုပ်လို့ ပြဿနာ တစုံတရာ ရှိလာရင် ကျမ ဖြေရှင်းမယ်။ HIV လူနာတွေကို ART ဆေးဖြန့်ဝေလို့ ထောင်ချမယ်ဆိုလည်း ကျမခံမယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
မင်္ဂလာဒုံဆေးရုံနှင့် ဝေဘာဂီဆေးရုံတို့တွင်လည်း ဆေးမပေးနိုင်သည့်အတွက် HIV/AIDS လူနာသစ်များကို လက်မခံတော့ကြောင်း၊ ဆေးပေးနေကျ လူနာဟောင်းများကို တလတကြိမ် ဆေးပေးသော်လည်း ရက်ချိန်းမမှန် ဖြစ်နေကြောင်း သိရသည်။
စစ်အစိုးရကမူ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းခဲ့သည်ဟု ၂၀၀၉ ခုနှစ် ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့တွင် ကြေညာခဲ့သော်လည်း အရေအတွက် အတိအကျကိုမူ ဖော်ပြခြင်းမရှိပေ။