ဖြူဖြူသင်း
မေ ၂၈၊ ၂၀၁၁ - Moemaka
လူထုခေါင်းဆောင် လွတ်မြောက်လာပြီးနောက် အတွင်ကျယ်ဆုံး စကားလုံးကတော့ ကွန်ယက်ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ကွန်ယက်ဆိုတာက လူ့အဖွဲ့စည်းမှာက အထူးဆန်းမဟုတ်ပေမယ့် ကွန်ယက်ကို ဘယ်လိုဖွဲ့တည်မလဲဆိုတာကတော့ အနည်းငယ်ပြောစရာလို ဖြစ်နေတာပါ။
တူရာတူရာ အုပ်စုတွေ အလုပ်တူရာတူရာတွေ ပေါင်းစပ်မှုကို ကွန်ယက်လို့ အလွယ်ပြောလို့ရမယ် ထင်ပါတယ်။ ဒါပေမယ့် မတူရာတွေပေါင်းစပ်ဖို့ ကြိုးစားလာကြတာကလည်း ကွန်ယက်ဖွဲ့တယ် ဆိုကြပါတယ်။ ဒီလိုဖွဲ့စည်းရာမှာ လူအများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ်လို့ ထင်မှတ်နေကြတာ ဖြစ်ပါတယ်။ အမှန်တကယ်တမ်းကတော့ လူထုခေါင်းဆောင် မျှော်လင့်ထားတာက ဦးဆောင်သူရယ် မထားရှိဘဲနဲ့ လုပ်နိုင်စွမ်းရှိသူတွေ၊ လက်တွဲသင့်တယ်ထင်တဲ့လူတွေကို ပူးပေါင်းဆောင်ရွက်ခိုင်းတာသာ ဖြစ်ပါတယ်။
နောက်တခုက အများစုကြီး သတိမထားမိတာက လူမှုရေးလုပ်ငန်းတွေ၊ နိုင်ငံရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြရာမှာ ပူးပေါင်းဆောင်ရွက်မှု အနည်းနဲ့အများဆိုသလို ရှိကြတာချည်းပါပဲ။ ဒါပေမယ့်လို့ ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲဆိုတာနဲ့ ဘာတွေကို လက်တွေ့ကျကျ ဆောင်ရွက်နေသလဲ ဆိုတာပေါ်မှာ တည်မှီနေတာပါ။ လူမှုရေးလှုပ်ရှားနေသူများက လူမှုရေးကွန်ယက်၊ လူ့အခွင့်ရေးဆောင်ရွက်နေသူများက လူ့အခွင့်အရေးကွန်ယက် အစရှိတာတွေက ရှိနှင့်ပြီးသား အဖွဲ့စည်းတွေပါ။ ဒါတွေကို ထပ်ပြီးတိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လူငယ်တွေကြားထဲမှာလည်း လူချင်းမတွေ့ဆုံနိုင်ပေမယ့် အွန်လိုင်း ချက်တင်တွေကနေပြီးတော့ စကားပြောဆိုနေကြတာလည်း တနည်းအားဖြင့် ကွန်ယက်တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒီလိုကွန်ယက်တွေရဲ့ အားသာမှုတခုကတော့ သတင်းစီးဆင်းမှု မြန်ဆန်လာတာကိုကြည့်ယုံနဲ့ သိသာလှပါတယ်။ ခုကမ္ဘာပေါ်မှာ အဖြစ်ပျက်တခုဖြစ်တိုင်း အချိန်နဲ့အမျှဆိုသလို သိရှိကြပြီးတော့ ဒီ ကောင်းမွေ၊ ဆိုးမွေတွေကလည်း တမဟုတ်ချင်းဆိုသလို ပြန့်နှံ့သွားတာပဲဖြစ်ပါတယ်။ ဒီလိုအားသာချက်တွေ အများကြီးတည်ရှိနေတဲ့အတွက် ကွန်ယက်တည်ဆောက်ဖို့ဆိုတာ လွယ်လည်း လွယ်ကူလာပါတယ်။ အရေးကြီးတာက မတူညီတဲ့လူတွေဖြစ်နေတော့ သဘောထားကြီးပြီး အမြော်အမြင်ရှိဖို့ လိုအပ်ပါတယ်။ နောက် အပြန်လှန်ထိန်းညှိပေးပြီးသားလည်း ဖြစ်သွားမှာပါ။ တူတာတွေလုပ်နေချိန်မှာ မတူတာတွေကို မပြတ်ညှိနှိုင်းနေနိုင်ပြီးတော့ သဘောထားတူပြီဆိုတာနဲ့ ပူးပေါင်းဆောင်ရွက်လိုက်ဖို့ပဲရှိတော့ လုပ်ငန်းတွေ ပိုမိုမြန်ဆန်လာမှာလည်း ဖြစ်ပါတယ်။
ဒီလို ကွန်ယက်နဲ့ပတ်သက်ပြီး လူငယ်ကွန်ယက်တခုဟာလည်း ပေါ်ပေါက်လာအုံးမှာ ဖြစ်ပါတယ်။ လူငယ်တွေကို ကွန်ယက်ဖွဲ့စည်းမယ်ဆိုရင်တော့ ပိုမိုအားကောင်း မြန်ဆန်လာမှာလည်း ဖြစ်ပါတယ်။ ဒီလို လူငယ်ကွန်ယက်နဲ့ပတ်သက်ပြီးတော့ လူငယ်တယောက်က …
“ကျနော့်အမြင် ပြောရရင်တော့ဗျာ ဒီလိုကွန်ယက်ဖွဲ့တာ အရင်ကတည်းက လုပ်သင့်တာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ကွန်ယက်ဖွဲ့စည်းပြီးလုပ်တာဟာ တဦးချင်းတဖွဲ့ချင်းလုပ်တာထက် ပိုပြီးမြန်ဆန်ပြီး ထိရောက်ပါတယ်။ အခုဆိုရင် ကျနော်တို့ဆီကလူငယ်တွေဟာ လွန်ခဲ့တဲ့လေးငါးနှစ်ကထက်စာရင် ဆက်သွယ်ရေးနည်းပညာတွေကို တွင်တွင်ကျယ်ကျယ် သုံးနေ ကြပြီ။ ဒီလို တိုးတက်လာတဲ့ နည်းပညာတွေနဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအကျိုးကိုသာ တဦးချင်းမှသည် အဖွဲ့အစည်းများအထိ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ ဆက်သွယ်ဆောင်ရွက်နိုင်မယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် သေချာ ဖော်ဆောင်နိုင်မယ်လို့ မြင်ပါတယ်။
ဥပမာအနေနဲ့ပြောရရင်တော့ အရင် ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ကြိုးစားတဲ့နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တခုထဲကိုပဲ အားထားနေရတယ်။ အခုလိုမျိုး ကွန်ယက်တွေဖွဲ့ပြီး ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ လူတိုင်းဟာ မိမိတို့ကြုံတွေ့နေကြတဲ့ နေ့စဉ်ဘဝတွေကို အချိန်နဲ့တပြေးညီ အခြားသူများ သိအောင်၊ ပြည်သူများ သိအောင် ဆောင်ရွက်လာနိုင်မှာပါ။ အခု ဒီလိုမျိုးလုပ်ရင်းနဲ့ တဦးနဲ့တဦး နားလည်မှုတွေ ရလာမယ်၊ နောက်ဆုံး ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”
ဒီကနေ့ လူငယ်တွေအနေနဲ့ ဆက်သွယ်ရေး နည်းပညာအသစ်တွေနဲ့ ဆက်သွယ်နေကြတာ အားရစရာ ကောင်းလှပါတယ်။ တဦးတယောက်ထက်ပိုတဲ့ ကိစ္စရပ်တွေ လုပ်ဆောင်နေတာလည်း ကြားရ မြင်နေရပါတယ်။ ဖေ့စ်ဘွတ်ကတော့ လူသုံးအများဆုံး နည်းပညာဖြစ်နေတော့ ဒီလို အင်တာနက် အွန်လိုင်းတွေ သုံးကြဖို့လည်း လိုအပ်လှပါတယ်။
နည်းပညာသုံးပြီးတော့ ကိုယ်ယုံကြည်ရာ ဒါမှမဟုတ် တိုင်းပြည်ကောင်းဖို့ အားလုံးနဲ့ ချိတ်ဆက်မိသွားရင် ကိုယ့်ပန်းတိုင်ကိုမြင်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ အစစ်အမှန် ထွန်းကားအောင် လုပ်ဆောင်ကြပါ။ ဆက်သွယ်ရေးလမ်းကြောင်းသစ်တွေ ရှာဖွေပြီးကောင်းမွန်တဲ့ အိုင်ဒီယာတွေနဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုကြပါစို့လို့ တိုက်တွန်းနှိုးဆော်ပါရစေ။
ကျမ မဖြူဖြူသင်းပါ။
(လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုအစီအစဉ်ကို ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)
Sunday, May 29, 2011
Monday, March 7, 2011
ဂုဏ်ယူတယ်ဆို ကူကြပါ
ဖြူဖြူသင်း
HIV/AIDS လူနာတွေကို စောင့်ရှောက်တဲ့ လုပ်ငန်းမှာ ဘာအခက်ခဲတွေ ရှိသလဲဆိုတဲ့ မေးခွန်းကို ထပ်ခါတလဲလဲ အမေးခံရ ပါတယ်။ ကျမလည်း ဖြေစရာစကား မရှိသလိုတောင် ဖြစ်ဖြစ်နေပါပြီ။ အကုန်လုံး လိုအပ်တယ်လို့ ပြောရင် နှာခေါင်းရှုံ့ကြလေမလား မသိဘူး။
“ဆယ့်ရှစ်အိမ်” လို့ ကျမတို့ အလွယ်ခေါ်ကြတဲ့ ရန်ကုန်မြို့ဒဂုံမြို့သစ် တောင်ပိုင်း အမှတ် ၁၈ ရပ်ကွက်က ဂေဟာမှာ လူနာ တချို့က ကျမတို့ကို ပြန်ကူညီနေကြပါတယ်။
တခါတော့ သူတို့က ကျမကို ထူးဆန်းတဲ့ မေးခွန်းတခု မေးပါတယ်။ “လူနာတွေကို မီဒီယာသမားတွေနဲ့ တွေ့တဲ့အခါ ပိုက်ဆံရှိတယ်၊ တည်းစရာနေရာ ရှိတယ်လို့ မပြောဖို့ ခြိမ်းခြောက်ထားသလား” တဲ့။ ဒီလို လုပ်စရာ မလိုပါဘူး၊ ဘာဖြစ်လို့ မေးတာလဲ ဆိုတော့ “လာသမျှ လူနာတွေက ဘာမှမပါဘူး၊ ဘယ်မှမသွားတတ်ဘူး၊ ဘယ်မှာမှ နေစရာမရှိဘူး၊ ဘာမှ မလုပ်တတ်ဘူး၊ ဘာ စားစရာမှမပါဘူး ဆိုတာချည်း ပြောပြောနေလို့ပါ” တဲ့။ ဒါဟာ ရင်းနှီးခင်မင်လာတဲ့ သူတို့က မွန်းကျပ်စရာ အခြေအနေနဲ့ ကြုံချိန်မှာ နောက်ပြောင်ပြောတာဖြစ်လို့ ကျမ သက်ပြင်းချရင်း ရယ်မောမိပါတယ်။
တကယ် လက်တွေ့မှာတော့ အခြေအနေတွေက ရယ်မောစရာ နည်းပါးပြီး ရင်မောစရာတွေပဲ များပါတယ်။ ကျမက ပင်ကိုအားဖြင့်တော့ အဆင်ပြေတာ၊ မပြေတာကို ပြောလေ့ မရှိပါဘူး။ ဒါပေမယ့် ဒါဇင်နဲ့ချီပြီး များလှတဲ့ လူနာတွေကို စောင့်ရှောက်ရင်းမှ ကျမလည်း ညည်းတတ်တဲ့ အကျင့် ပါလာသလား မသိပါဘူး။ မညည်းမိအောင် ထိန်းသိမ်းနေရင်းကကို ညည်းညူမိနေတာပါ။
ကျမတို့ကို ထောက်ပံ့သူတွေကလည်း နိုင်သလောက်၊ စွမ်းသလောက် လှူနေကြတာပါ။ ဒါပေမယ့် မလောက်ငှဘူး ဆိုတဲ့ စကားတခွန်းတောင် ထပ်တိုး ပြောရမလိုပါပဲ။
ဒီလောက်ဆိုရင်တော့ ဒီခုခံအားကျဆင်းမှု ရောဂါနဲ့ ပတ်သက်လို့ ကျမတို့ တိုင်းပြည်မှာ ဘယ်လောက် အခက်အခဲ ဖြစ်နေသလဲ၊ အကူအညီ အကာအကွယ် မဲ့နေသူ ဘယ်လောက် များသလဲ ဆိုတာ အနည်းအကျဉ်းတော့ ပေါ်လွင် ထင်ရှားမယ်လို့ ထင်ပါတယ်။ ကျမတို့ ကူညီနိုင်တဲ့ အ၀န်းအ၀ိုင်းလေးမှာတောင် ဒီလောက် ခက်ခဲမှု၊ ကျပ်တည်းမှု ဖြစ်နေတယ်ဆိုရင် တပြည်လုံး အတိုင်းအတာနဲ့ဆို ဘယ်လောက်တောင်များ ခက်ခဲနေသလဲ၊ ဘယ်လောက်များ လူတွေ သေနေသလဲဆိုတာ တွေးမိပြီး ကျမ စိတ်ဆင်းရဲကြီးစွာ ဖြစ်ရပါတယ်။
တနေ့တနေ့ ဒီ ခုခံအားကျဆင်းမှု ရောဂါ ကာကွယ်ကုသရေး ဆေးရုံတွေမှာ လူဘယ်လောက် သေနေလဲဆိုတာ ကျမ မျက်မြင် ကိုယ်တွေ့ပါ။ ဒီဆေးရုံတွကို ကျမအပြစ် မမြင်၊ မပြောချင်ပါဘူး။ ဒီဆေးရုံ ဆေးခန်းတွေမှာ ၀န်ထမ်း အင်အားကလည်း မလုံလောက်၊ နောက် ဆေးဆိုရင်လည်း ပဋိဇီဝဆေးလောက်သာ ပေးနိုင်ပြီး တခြားဆေးဝါးတွေက မရှိသလောက် ဆိုတော့ လူနာတွေက ဆေးရုံဆို တယ် မသွားချင်ကြလှပါဘူး။
လူတွေမှာ “အားကိုးမရဘူး” ဆိုတဲ့ အသိ ၀င်နေတာက အတော်လေး ခက်ပါတယ်။ မဖြစ်လွန်းမှ ဆေးရုံတင်ကြ၊ ဆေးရုံရောက်ချိန်မှာလည်း ခြေလွန်လက်လွန် ဖြစ်နေကြ၊ နောက် ဆေးဖိုးဝါးခကလည်း မတတ်နိုင် ဆိုတာနဲ့ လုံးချာလည်၊ အသက် ဆုံးရှုံးနေသူ အများကြီးပါပဲ။ တကယ်တော့ တာဝန်ရှိသူ ဘယ်သူလဲ မေးရင်တော့ ရွှေသမင်ဘယ်ကထွက် ဆိုတာပါပဲ။ တကယ် တာဝန်ရှိသူ အစိုးရကမှ ဂရုမစိုက်ဘူးဆိုရင် သူတို့လက်အောက်မှာ တာဝန် ထမ်းဆောင်နေသူတွေကတော့ ပြောစရာ မရှိလောက်အောင်ပါပဲ။ သူတို့မှာ ဘယ်လောက် ကောင်းတဲ့ စိတ်စေတနာ ရှိတယ် ဆိုဆို ဘာမှ လုပ်မရပါဘူး။
ဒါတွေဟာ အရေးပေါ်ဖြေရှင်းရမယ့် ကိစ္စတွေပါ။ ကျမတို့ လူမျိုးတွေဟာ မဖြစ်ခင်ကတော့ ဘာမှမဖြစ်ပါဘူး၊ ဖြစ်ပြီးရင်တော့ ပြာပြာသလဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တည့်တည့်ရင်ဆိုင်ရမယ့် ဟာမျိုးကို ရှောင်ပါတယ်။
ဒီလို အကူအကယ် မဲ့နေတာကိုလည်း အစိုးရ တာဝန်ရှိသူ၊ အောက်ခြေဆေးရုံအုပ် အစရှိသဖြင့် မတင်ပြရဲပါဘူး။ အဖြစ်မှန်ပြောရင် အလုပ်ပြုတ်မယ် ဆိုတာကို တွေးပြီး မပြောတာ ဖြစ်ပါတယ်။
မကြာသေးခင်က ပဲခူးမှာ လူငယ်နှစ်ယောက်ကို ကလေးစစ်သားက သေနတ်နဲ့ ပစ်သတ်တာ ဟိုးလေးတကြော်ဖြစ်သွားပါတယ်။ ဒါပေမယ့် လူတွေ မရိပ်မိတာကတော့ သေနတ်သံ မထွက်ဘဲ သွယ်ဝိုက်သောနည်းနဲ့ ဖြစ်နေတာတွေ ရှိပါတယ်။ ဒါကတော့ စစ်အစိုးရက လူတွေ သေကြေနေတာကို လျစ်လျူရှုနေတယ် ဆိုတဲ့ အချက်ပါပဲ။
ဒီအကျိုးဆက်ဟာ နောင် လေးငါးခြောက်နှစ်လောက် အထိ ကုစားဖို့ မလွယ်ပါဘူး။ အထူးသဖြင့် ရွေးကောက်ပွဲလွန် ကာလတွေမှာလည်း တခြားနိုင်ငံရေး အာဏာလုပွဲတွေပဲ လုပ်နေဦးမယ် ဆိုရင်တော့ လူတွေ ဒီထက်မက သေကြဦးမှာပါ။ ဒီတော့ တာဝန်ရှိတဲ့ အစိုးရကတော့ ဘာတာဝန်မှ မယူပါဘူး။ ကျမတို့ နိုင်သလောက် တာဝန်ယူကြရမှာပါ။
ကျမ အင်တာဗျူးတခုမှာ ပြောခဲ့ဖူးတဲ့ စကားက လောကြီးပြီး ပြောလိုက်မိတာပါ၊။“တရားမ၀င်ငွေလည်း ယူမယ်” ဆိုတာပါ။ အမှန် ကျမ ဆိုလိုရင်းက အစိုးရက အသိမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ဘယ်အဖွဲ့စည်း ဘယ်နိုင်ငံက ငွေကြေးမဆို ကျမ လက်ခံပြီး လူနာတွေအတွက် ဆောင်ရွက်သွားမယ်လို့ ဆိုလိုချင်တာပါ။
ကျမကို လာတွေ့တဲ့ နိုင်ငံခြားသားတွေ၊ ပြီးတော့ ပြည်တွင်း ပြည်ပက မြန်မာပြည်သားတွေလည်း ပြောကြပါတယ်။ ကျမ လုပ်ရပ်အတွက် အရမ်းကို ဂုဏ်ယူပါတယ်တဲ့။ ကျမလည်း ဒီလို အပြောခံရတာကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဂုဏ်ယူနေကြရုံနဲ့ ပြီးမတဲ့လား။ ဒီ အကာကွယ်မဲ့ လူသားတွေကိုရော ဘယ်လို ကူညီကြမလဲ ဆိုတာလေး စဉ်းစားပေးကြပါ။
ဒါကြောင့် ဂုဏ်ယူကြတယ်၊ ဒီထက်မက ဂုဏ်ယူချင်တယ်ဆိုရင် အထိရောက်ဆုံး ၀ိုင်းဝန်းကူညီကြတာဟာ အကောင်းဆုံးပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။
(၂၀၁၁ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဧရာဝတီတွင် ဖော်ပြပြီး)

Tuesday, January 11, 2011
Senator visited the shelter
မဖြူဖြူသင်း တာဝန်ယူထားတဲ့ HIV/AIDS ဂေဟာကို အမေရိကန် ဆီးနိတ်အဖွဲ့ဝင်တွေ လာရောက်ကြည့်ရှု
http://www.naytthit.net/?p=6388

ယနေ့ နံနက် ၈ နာရီခွဲခန့်က တောင်ဒဂုံ ၁၈ ရပ်ကွက်ရှိ မဖြူဖြူသင်း တာဝန်ယူ ဆောင်ရွက်နေတဲ့ HIV/AIDS ဝေဒ နာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးအဖွဲ့မှ Mr. Paul Gorve နှင့် ရန်ကုန်မြို့ အမေရိကန် သံရုံး ယာယီတာဝန်ခံ Mr Dinger သံရုံးအတွင်းဝန် Mrs.Jeniffer တို့ လာရောက်ခဲ့ကြပါတယ်။
အဆိုပါ တွေ့ဆုံပွဲတွင် HIV/AIDS Prevention and Care တာဝန်ခံ မဖြူဖြူသင်းနှင့် ကိုရာဇာတို့မှ ဦးဆောင်တဲ့အဖွဲ့မှ လက်ခံတွေ့ဆုံကာ အဖွဲ့က လုပ်ဆောင်နေတဲ့ လက်ရှိအခြေအနေများနှင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဆွေးနွေး ခဲ့ပြီး Senate အဖွဲ့ဝင် Mr Paul Gorve နှင့် အဖွဲ့မှ သိလိုသည်များကို မေးမြန်းခဲပါတယ်။
မနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး လူနာတွေကို လိုက်လံကြည့်ရှု အားပေးစကားတွေ ပြောပြခဲ့ပါ တယ်။ Mr.Paul Grove မှ ယခုဆွေးနွေးပွဲမှရရှိတဲ့ အချက်အလက်တွေကို အမေရိကန်နိုင်ငံကို ပြန် ရောက်ရင် ကော်မတီိသို့ အစီရင်ခံ တင်ပြသွားပေးမှာဖြစ်ပြီး ဘယ်လိုကိုင်တွယ်ဆောင်ရွက်မယ်ဆိုတာကို ကော်မတီ က ဆုံးဖြတ်ပါမယ်လို့ ပြောဆိုသွားခဲ့ပြီး၊ မနက် ၉ ခွဲခန့်မှာ အဆိုပါဂေဟာမှ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။
ဒီမိုဝေယံမှ ကူးယူဖေါ်ပြပါသည်။
Tags: aids, hiv, NLD, phuy phuy thin, ဖြူဖြူသင်း
2 Responses to “မဖြူဖြူသင်း တာဝန်ယူထားတဲ့ HIV/AIDS ဂေဟာကို အမေရိကန် ဆီးနိတ်အဖွဲ့ဝင်တွေ လာရောက်ကြည့်ရှု”
1.
khin lin January 12, 2011
Congratulation ma Phyu Phyu Thin & team! You are doing amazing job.
Reply
2.
julie January 12, 2011
so admirable lady , May God Bless you

Thursday, December 30, 2010
၂၀၁၁ မှာ သူတို့ ဘာတွေလုပ်ကြမလဲ
ဧရာဝတီ
မဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ)
ကျမတို့ အဓိကလုပ်တာ နှစ်ပိုင်းရှိတယ်၊ နိုင်ငံရေးပိုင်းနဲ့ လူမှုရေး ဆိုပြီးမှရှိတယ်ပေါ့။ လူမှုရေးနဲ့ ပတ်သက်လို့ အခုလက်ရှိ လုပ်နေတဲ့ အလုပ်တွေကို တိုးချဲ့ပြီး လုပ်သွားဖို့ ရှိတယ်။ တိုးချဲ့တယ်ဆိုတာက အရင်တုန်းက ကျမတို့ဆီမှာ ဆရာဝန်တွေ ဘာတွေမရှိသေးဘူး၊ အခုဆိုရင် ဆရာဝန်တွေပါ ပါလာပြီ။ အန်တီစု လွတ်လာပြီးတဲ့နောက်ပိုင်းမှာ လူနာတော်တော်များ များက ကျမတို့ဆီမှာ ဆေးဝါးကုသမှု ခံယူချင်တဲ့သူတွေပိုများလာတယ်။ အဲဒီအတွက် ကျမတို့ဘက်က တတ်နိုင်သမျှ ကြိုးစားသွားမယ်၊ လူနာတွေအတွက် ဆက်လက် ရပ်တည်သွားမယ်။
နိုင်ငံရေးပိုင်းမှာ ဆိုရင်တော့ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးဘူး။ အန်တီစု၊ အဘ ဦးတင်ဦးတို့ အဘ ဦးဝင်းတင်တို့ရဲ့ ဦးဆောင်မှုနဲ့ ကျမတို့က နောက်လိုက်ကောင်းတွေ အနေနဲ့ ဆက်လက်လုပ်ကိုင်သွားမယ်၊ မြန်မာ နိုင်ငံ ဒီမိုကရေစီ ရရှိရေးကို ဆက်လက်ကြိုးစားသွားမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့အထိ၊ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ကြိုးစားသွားဖို့ ရှိပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းမှာ ကျမတို့ မျှော်လင့်တဲ့၊ ကျမတို့ လွတ်မြောက်စေချင်တဲ့သူ လွတ်မြောက်လာတယ်။ လာမယ့် နှစ်သစ်မှာလည်း နောက်ထပ် လွတ်မြောက်မှုတွေနဲ့ အတူ နိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။

Monday, December 6, 2010
Daw Suu and postcards
ဒေါ်အောင်ဆန်းစုကြည်လက်ရာ ပန်းချီကား ပို့စ်ကတ်များ ရောင်းပြီး လူမှုရေးတွင် သုံးမည်
ဧရာဝတီ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေရှာ ဖွေသည့် အနေဖြင့် ၎င်းရေးဆွဲထားသော ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ်၍ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြုစုစောင့်ရှောက် ထားသော HIV/ AIDS ဝေဒနာရှင်များကို ကူညီရန် အပါအ၀င် လူမှုရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သော ရန်ပုံငွေရရှိရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကားများကို ပို့စ်ကတ်ထုတ် ရောင်းချမည် ဖြစ်ကြောင်း NLD လူငယ်တာဝန်ခံ တဦးဖြစ်သူ မဖြူဖြူသင်းက ပြောသည်။

Subscribe to:
Posts (Atom)