Monday, July 23, 2007

phyu phyu thin related news

0 comments

ဦးခင်မောင်ကြည်၊ ဒေါ်ခင်ချိုဦး၊ မဖြူဖြူသင်း
( မှတ်ချက် - ၁။ ဧရာဝတီသတင်းဗျာ။ ဓာတ်ပုံကတော့ မိုးမခ ဆရာသမားတစ်ယောက်ဆီက။
၂။ ဓာတ်ပုံက အင်န်အယ်လ်ဒီ ရုံးချုပ်မှာ ရိုက်ထားတာ။ ခုခံကျရောဂါတိုက်ဖျက်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဖဲကြိုးနီကိုယ်စီနဲ့။
၃။ ဖြူဖြူသင်း ဘလော့ဂ်မှာ သူ့သတင်း သူ့လှုပ်ရှားမှုသတင်း ဖော်ပြရတာ ၀မ်းသာပါရဲ့။ သတင်းထဲက အချက်အလက်တွေကလည်း စိတ်ဝင်စားစရာပါပဲ။
၎။ သတင်းတွေကို မြန်မာပြည်ထဲကနေ လွယ်လွယ်ကူကူ ဖတ်လို့ရအောင် ဒီဘလော့ဂ်မှာ တင်ပေးနေတယ် ဆိုပေသော်ငြားလည်း သတ်ပုံအကျအပေါက်တွေကတော့ မိမိနှင့် မည်သို့မျှ မသက်ဆိုင်ပါကြောင်း :D )

ကိုယ်ခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရာတွင်
လူ့အခွင့်အရေးရှိရန်လည်းလိုအပ်

ဧရာဝတီ ဇူလိုင် ၂၃၊ ၂၀၀၇

ကိုယ်ခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် အစိုးရအဖွဲ့များ၏ ဝေဒနာရှင်များအပေါ် အသရေဖျက်မှု များနှင့် ခြိမ်းခြောက်မှုများကို ဆန့်ကျင်ရှုပ်ချရန် နိုင်ငံတကာ ကိုယ်ခံအားကျဆင်းမှုရောဂါ နှီးနှောဖလှယ်ပွဲသို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့က တောင်းဆိုသည့်အပေါ် မဖြူဖြူသင်းက ကြိုဆိုထောက်ခံလိုက်သည်။

စတုတ္ထအကြိမ်မြောက် နိုင်ငံတကာ ကိုယ်ခံအားကျဆင်းမှုရောဂါ နှီးနှောဖလှယ်ပွဲကို ယခုလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကျင်းပလျက်ရှိရာ အိပ်ခ်ျအိုင်ဗီရေးရာ ကျွမ်းကျင်သူများနှင့် သိပ္ပံပညာရှင်များ တက်ရောက်ကြောင်းသိရသည်။

ကိုယ်ခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးအတွက် ဆေးဝါးနှင့်နည်းပညာတိုးတက်မှုကြောင့် အကျိုး သက်ရောက်မှုများ ရှိနေသော်လည်း ဝေဒနာရှင်များကို ကဲ့ရဲ့ပြစ်တင်ခြင်း၊ ခွဲခြားဆက်ဆံခြင်းများရှိနေသည်ဟု လူ့အခွင်းအရေး လေ့လာ စောင့်ကြည့်အဖွဲ့ ကိုယ်ခံအားကျဆင်းမှုရောဂါ အစီအစဉ်၏ ညွှန်ကြားရေးမှူး ဂျိုး အမွန်က ပြောဆိုသည်။

ခေတ်မီနည်းပညာတိုးတက်မှုတခုတည်းက ရောဂါပြန်ပွားမှုနှုန်းကို တဖြည်းဖြည်းလျော့ချနိုင်မည်မဟုတ်ဘဲ လူ့အခွင့်အရေး ရရှိမှုနှင့် ဆက်စပ်နေသည်ဟု သူကဆက်လက်ပြောဆိုပြီး မဖြူဖြူသင်းအား စစ်အစိုးရက ဖမ်းဆီးခဲ့သည့်အပေါ် ဝေဖန်ပြစ်တင်လိုက်သည်။

မဖြူဖြူသင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ကိုယ်ခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနှင့် ပညာပေးရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သောကြောင့် ယခုနှစ် မေလ ၂၁ ရက်နေ့တွင် ဖမ်းဆီးခြင်းကိုခံရပြီး ယခုလ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက် လာသူဖြစ်သည်။

မဖြူဖြူသင်းက “လက်ရှိအခြေအနေမှာ ကျမတို့ဟာ လွတ်လွတ်လပ်လပ်သွားလို့မရဘူး။ လုပ်ပိုင်ခွင့်လဲ မရှိဘူး။ ကျမတို့ အန်အယ်လ်ဒီ တခုတည်းကိုမဟုတ်ဘူး။ မြန်မာပြည်မှာရှိတဲ့ အန်ဂျီအိုတွေရဲ့ လုပ်ပိုင်ခွင့်တွေ ကန့်သတ် ခံထားရတာကို တွေ့ရတယ်” ဟု ဧရာဝတီကို ပြောသည်။

မဖြူဖြူသင်းနှင့်အဖွဲ့သည် ၂၀၀၂ ခုနှစ် ကိုယ်ခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ စတင်လုပ်ကိုင်ချိန်မှစ၍ ယခုအချိန်အထိ ထောင်နှင့်ချီသည့် ဝေဒနာရှင်များကို ကြည့်ရှုစောင့်ရှောက်ခဲ့ကြသည်။

“မြန်မာနိုင်ငံမှာ လက်ရှိအာဏာပိုင်တွေက ကျန်းမာရေးအတွက် ငွေပမာဏအနည်းငယ်ကိုသာ သုံးနေတာ တွေ့ရတယ်။ လက်ရှိမှာ အိန္ဒိယက လက်နက်တွေဝယ်နေမယ့်အစား အဲဒီကထုတ်တဲ့ အိပ်ခ်ျအိုင်ဗီ ဟန့်တားတဲ့ ဆေးတွေဝယ်နေမယ် ဆိုရင် ပိုအကြိုးရှိပါလိမ့်မယ်” ဟုလည်း မဖြူဖြူသင်းကပြောသည်။မြန်မာနိုင်ငံတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်ခံအားကျဆင်းမှုရောဂါကို ကုသပေးနေသည့် ဆေးရုံများမှာ ရန်ကုန်မြို့မှ ဝေဘာဂီကူးဆက်ဆေးရုံနှင့် လတ်တလောဖွင့်လှစ်ထားသည့် မင်္ဂလာဒုံဆေးရုံ ၂ ရုံသာရှိသည်။

picture of Nu Nu Yee ( Inn Waa )

0 comments

နုနုရည် (အင်းဝ) ရဲ့ ပုံဗျာ။ ပြီးခဲ့တဲ့နှစ် ဇွန်လ မြန်မာတိုင်းမ်စ် ဂျာနယ် အင်္ဂလိပ်ပိုင်းမှာ ပါတယ်။ သိမ်းထားတာ လိုရမယ်ရ။ ဟို အောက်ကပုံကတော့ သူ့အမျိုးသားနဲ့ သူနဲ့။ ဘယ်ဂျာနယ်ကမှန်း မသိ၊ မမှတ်မိတော့ပါ။

Nu Nu Yee's novel nominated for Asian literary prize

0 comments
ဧရာဝတီသတင်း

နုနုရည် (အင်းဝ) အာရှစာပေဆု ပဏာမ ရွေးချယ်ခံရ

ကိုစိုး ဇူလိုင် ၂၃၊ ၂၀၀၇
မြန်မာနိုင်ငံမှ စာရေးဆရာမ နုနုရည်(အင်းဝ)၏ ၀တ္ထု စာအုပ်တအုပ်ကို ၂၀၀၇ အာရှစာပေဆု (The 2007 Man Asian Literary Prize) အတွက် ပဏာမ ရွေးချယ်လိုက်ကြောင်း သိရသည်။
အဆိုပါဆုကို အမည်စာရင်း တင်သွင်းသည့် စာရေးဆရာပေါင်း ၂၄၃ ဦး၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များ ထဲမှ ဆရာမ နုနုရည် (အင်းဝ) အပါအ၀င် ဆန်ခါတင် ပထမ အဆင့်၂၃ ဦးကို ရွေးချယ်ခြင်းဖြစ်သည်။

ယခုကဲ့သို့ ရသစာပေ ဆု ရွေးချယ်ခံရသည့်အတွက် ၀မ်းသာသည့်အပြင် စာပေ မျိုးဆက်သစ်လူငယ်များ အတွက်ပါ တအား ဖြစ်မည်ဟု ယုံကြည်ကြောင်း ဆရာမ နုနုရည် (အင်းဝ)ကပြောသည်။
“အခုလို မြန်မာပြည်ထက်ကျော်လွန်ပြီး နိုင်ငံတကာက အသိအမှတ်ပြုတယ်ဆိုတဲ့ အတွက် ၀မ်းသာတယ်၊ မျိုးဆက်သစ် လူငယ်တွေအတွက်တအားဖြစ်လိမ့်မယ် လို့လည်းယုံတယ်”ဟု ဆရာမ နုနုရည် (အင်းဝ) က ဧရာဝတီသို့ ပြောသည်။

ဆရာမနုနုရည် (အင်းဝ) ၏ ရွေးချယ်ခံရသော စာအုပ်မှာ “ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ ခံတော်မူပါ” အမည်ရှိစာအုပ်ဖြစ်ပြီး မြန်မာနတ်ကတော်များ အကြောင်းရေးသားထားသည့် ၀တ္ထု စာအုပ်ဖြစ်သည်။

ယင်းစာအုပ်ကို ဆရာမနုနုရည်(အင်းဝ) က အယူသီးမှု၊ ယုံကြည်မှု၊ ကိုးကွယ်မှုမှသည် ယဉ်ကျေးမှုတခုသဖွယ် ဖြစ်လာ တတ်သည်ဟူသော အခြေခံပေါ်တွင် တင်ပြရေးသားထားခြင်းဖြစ်သည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရသစာပေသည် အနှိပ်ကွပ်ခံနေရသောကြောင့် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဟု ပြောဆို ဝေဖန်နေကြ ကြောင်းလည်း ဆရာမ နုနုရည်က ပြောပြသည်။

“ရသစာပေကို ပျောက်ကွယ်သလိုလို ပြောကြတာကတော့ လွတ်လပ်ခွင့်ကြောင့်ပဲ၊ တကယ် ရသကို ရေးရင်လည်း အကုန်ဖြတ်တောက် တာခံရတယ်၊ အဲဒီတော့ နောက်မျိုးဆက်သစ် တွေကလည်း ရသကို ရေးဖို့ လက်တွန့်နေတယ်၊ စာဖတ်ပရိသတ်ကတော့ ရသစာပေ သိပ်ငတ်မွတ်ပါတယ်၊ မဖတ်ဘူးဆိုတာ မဟုတ်ပါ ဘူး”ဟု ဆရာမနုနုရည် က ပြောသည်။

ယခုဆု အတွက် ရွေးချယ်ကြောင်း မသိရသေးခင် ရက်ပိုင်းအတွင်းကပင် ယင်းဝတ္ထုအား ရုပ်ရှင်ကုမ္ပဏီတခုက ရုပ်ရှင် ကားကြီး ရိုက်ရန် စီစဉ်ထားရာ ဇာတ်လမ်းစိစစ်ရေးအဖွဲ့က လုံးဝခွင့်မပြုကြောင်း အကြောင်းကြားခဲ့သည်ဟု သိရသည်။

ဆရာမ နုနုရည်(အင်းဝ)က “ဒီဝတ္ထု ကို တမြန် မနေ့ကပဲ ဆင်ဆာအဖွဲ့က ကျလာတယ်၊ အချက် ၄ ချက် နဲ့ လုံးဝ ရုပ်ရှင် ရိုက်ခွင့် မပြုနိုင်ဘူးလို့ ပြောပါတယ်”ဟု ပြောဆိုလိုက်ပြီး ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ခြင်း၊ ၀တ္ထု တအုပ်လုံးတွင် လိင်ပြဿနာများ နှင့် နတ်ကတော်များ၏ အကြောင်းသာ ရေးသားထား၍ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့်အတွက် အများ ပြည်သူကို ပြသရန်မသင့်ခြင်း၊ ရခဲလှသော လူ့ဘ၀တွင် ယောက်ျားစင်စစ် ဧကန် ဖြစ်ပါလျှက်နှင့် မိန်းမရှာ ဘ၀ ခံယူပြီး နိမ့်ကျစွာလုပ်ကိုင် စားသောက်ခြင်းအား ရေးပြရန်မသင့်ခြင်း၊ တောင်ပြုံးပွဲ သည် အမှန်တကယ်ရှိသော်ငြား သိသာသိစေ မမြင်စေနှင့် ဆိုသကဲ့သို့ ရိုက်ကူးပြသရန် မသင့်လျော်ခြင်း စသည့် အချက်များဖြင့် ဇာတ်လမ်းစိစစ်ရေးအဖွဲ့က ပိတ်ပင်လိုက်သည်ဟု ဆက်လက်၍ ပြောပြသည်။

ယခု ရွေးချယ်ခံရသည့် ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ ခံတော်မူပါ ၀တ္ထုစာအုပ် ကို ၁၉၉၄ ခုနှစ် ပထမအကြိမ် ထုတ်ဝေစဉ် စာပေစိစစ်ရေးက ခွင့်မပြုသောကြောင့် ထုတ်ဝေခွင့် ရရန် ခက်ခဲစွာ ကြိုးပမ်းခဲ့ရသည်ဟုလည်း ဆရာမ နုနုရည်က ပြောသည်။

“အဲဒီတုန်းက ထုတ်ခွင့်ရပေမယ့် အများကြီး ဖြတ်တောက်ပိတ်ဆို့ ခံခဲ့ရပြီးမှ စာအုပ်ဖြစ်လာတာ”ဟု ၎င်းက ပြောသည်။

ဖြတ်သန်းနေဆဲခေတ်က လူအများ၏ တွေ့ကြုံခံစားရမှုများကို အနုပညာမြောက်စွာ ထင်ဟပ်တင်ပြနိုင်မှ တာဝန်ကျေ သည်ဟု ယုံကြည်ချက်ဖြင့် စာရေးသူဘ၀ကို ခံယူရေးသား နေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်ကြောင်း ဆရာမ နုနုရည်က ပြောကြားသည်။

ယခုရွေးချယ်ခံရသူ ၂၃ ဦးမှ ၅ ဦး ကို ထပ်မံရွေးချယ်၍ လာမည့် အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။ ယင်း ၅ ဦးထဲမှ နောက်ဆုံး ရွေးချယ်ခံရသူကို နိုဝင်ဘာ ၁ ရက် နေ့တွင် ကြေညာ၍ နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဟောင်ကောင်၌ ဆုပေးအပ်မည့်အခမ်းအနား ကျင်းပမည်ဖြစ်သည်။ ဆုရွေးချယ်ခံရသူသည် ဆုကြေး ငွေ အမေရိကန် ဒေါ်လာ ၁ သောင်း ရရှိမည်ဖြစ်သည်။

ယင်း အာရှစာပေဆုကို Hong Kong International Literary Festival Limited နှင့် Man Group စာအုပ်တိုက် တို့၏ ထောက်ပံ့ စီစဉ်မှုဖြင့် ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်ဟု သိရသည်။

Sunday, July 22, 2007

talk with aapp

0 comments
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)နှင့် ဆက်သွယ်မေးမြန်းခြင်း
ရိုးမ ၃။ ဇူလိုင် ၂၁၊ ၂၀၀၇




မြန်မာပြည်တွင်းမှာ နိုင်ငံရေးအကျဉ်းသားများရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ခြုံငုံရှင်းပြပေး စေချင်ပါတယ်။


ယနေ့ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ကျနော်တို့ အေအေပီပီက စုဆောင်းရရှိသမျှ အနည်း ဆုံး (၁၁၉၇)ဦး ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဒီအရေအတွက်လောက် ရှိနေတာကိုက ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ယေဘုယျ ခန့်မှန်းလို့ရနိုင်ပါတယ်။ ဒီ ၂၀၀၇ ခုနှစ်ထဲမှာ ဒီမိုကရေ စီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူပေါင်း (၁၄၂)ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဟိုဘက်နှစ်များနဲ့စာရင် ဖမ်းဆီးတာ တွေ ပိုများလာတယ်လို့ ဆိုရမှာပါ။




ဒါ့အပြင် စစ်အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားတွေကို ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်အောင် နည်းမျိုးစုံနဲ့ ဟန့်တားခဲ့ပါတယ်။ ဥပမာ- လူ့အခွင့်အရေးအဖွဲ့တွေကို ပြည်ဝင်ခွင့်ဗီဇာပိတ်တာတို့၊ အိုင်စီအာစီလို အဖွဲ့မျိုးကို ကန့်သတ်မှုတွေ၊ အကျဉ်းထောင်အတွင်း သွားရောက်လေ့လာခွင့်၊ ကူညီခွင့်မရအောင် တားဆီးတာတို့ ပြုလုပ်ခဲ့တယ်။ နောက် နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ဝေးကွာတဲ့ ဒေသများကို ပို့ပစ်တာတို့ အငြိုးအတေးကြီးစွာနဲ့ တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့ပါတယ်။




ဆိုတော့ အကျဉ်းသားများရဲ့ အခြေအနေတွေကို တော်ရုံနဲ့ ကမ္ဘာက သိခွင့်မရတာတွေ၊ မိသားစု တွေက ထောင်ဝင်စာသွားတွေ့နိုင်ဖို့ အခက်အခဲတွေ များစွာ ရင်ဆိုင်နေရပါတယ်။ အဓိက ကျမ္မာ ရေးနဲ့ပတ်သက်ပြီး စိုးရိမ်ရပါတယ်။ အကျဉ်းထောင်တွင်း ဆေးရုံများမှာ ဆရာဝန်မရှိတာတွေ၊ ဆေးမရှိတာတွေ၊ ပြင်ပက ဆေးဝါးများ သွင်းခွင့်မပေးတာ၊ လိုအပ်တဲ့အချိန်မှာ အချိန်မီ ဆေး ကုသခွင့်မရတာတွေနဲ့ ကြုံနေရပါတယ်။ အခုဆိုရင် ကျမ္မာရေးအရ အသက်အန္တရာယ်ကို ထိခိုက် လာနိုင်တဲ့ နိုင်ငံရေးအကျဉ်းသား (၈၀)ကျော် ရှိနေပါတယ်။




ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်တို့ကို လွတ်ရက်စေ့ပေမယ့် ၁၀(က) ဆိုတဲ့ အခြေ အမြစ်မရှိတဲ့ ပုဒ်မနဲ့ အကျဉ်းထောင်ထဲမှာ ဆက်လက်ချုပ်နှောင်ထားတယ်။ သူတို့တွေဟာ ဆရာဝန်ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ကုသခွင့်မရတာ၊ အာဏာပိုင်များက ဆေးကုသခွင့် မပြု တာတွေကြောင့် သူတို့ရဲ့ ကျမ္မာရေးဟာ အထူးစိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။




ဦးဝင်းတင်ကိုလည်း ပြန်လွှတ်ပေးမယ်ဆိုတဲ့ နှုတ်ကတိတွေပေးပြီး အကျဉ်းထောင်ထဲက ထုတ် သွားလိုက်၊ ပြန်ထည့်လိုက်လုပ်တာ (၃)ကြိမ်ရှိပါပြီ။ ဒါဟာ လူတယောက်ကို စိတ်ပိုင်းဆိုင်ရာအရ အမြင့်ဆုံး ညှဉ်းပန်းနှိပ်စက်တဲ့ လုပ်ဟန်ပါပဲ။ ဦးခင်မောင်ဆွေဟာ လွတ်ရက်စေ့ပေမယ့် အရင် တခါချမှတ်ထားတဲ့ ပြစ်ဒဏ်ကို နောက်ကြောင်းပြန် ခံစားနေတာဖြစ်ပါတယ်။






ဒီကနေ့ မြန်မာ နိုင်ငံအခြေအနေက အမျိုးသားရင်ကြားစေ့ဟာ အသက်နဲ့အမျှ အရေးကြီးနေချိန်မှာ တိုင်းရင်း သားခေါင်းဆောင်တွေကို မတရား အမှုဆင်ဖမ်းဆီးပြီး နှစ်ရာချီတဲ့ ထောင်ဒဏ်တွေ ချမှတ်ရုံမက တယောက်တနေရာစီခွဲပြီး ရွှေ့ပြောင်းခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က ဒီအမှုတွဲထဲက ဦးမြင့်သန်း သံတွဲထောင်မှာ သေဆုံးခဲ့ရတယ်။ ဒါဟာ စစ်အုပ်စုက သူတို့နဲ့ အယူအဆ မတူသူတွေကို အာဃာတကြီးစွာ ထားရှိတယ်ဆိုတာ ပြသနေတာပါ။



အခု ၂၀၀၇ ခုနှစ်၊ မေဒေးနေ့မှာ ဖမ်းဆီးခံရတဲ့ (၆)ဦးဟာ ရုံးထုတ်တာတွေ၊ အမိန့်ချတာတွေ မရှိဘဲ နေ့စဉ်နဲ့အမျှ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရတယ်လို့ သိရပါတယ်။ သူ့တို့ရဲ့ မိသားစုက လည်း ဒီအတွက် အလွန်စိုးရိမ်နေကြောင်းကို မီဒီယာများမှတဆင့် အသိပေးနေတာတွေလည်း ကြားနေရပါတယ်။ ဒါဟာ လက်ရှိမြန်မာပြည်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တွေရဲ့ အခြေအနေအကျဉ်းပါ။



ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုတွေက ပြည်တွင်းပြည်ပမှာ အတော်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တာ တွေ့ရတယ်။ အဲဒီလှုပ်ရှားမှုတွေရဲ့ သက်ရောက်မှုတွေကိုလည်း ပြောပြပေးစေချင်ပါတယ်။



အထက်ကပြောခဲ့သလို ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို စစ်အုပ်စုက သဲကြီး မဲကြီး ဖမ်းဆီးနေမယ့်လည်း ဒီနောက်ပိုင်းကာလတွေမှာ လှုပ်ရှားမှုတွေက ပိုမိုပြီး စိပ်စိပ်လာတာ တွေ့ရသလို အရှိန်အဟုန်လည်း မြင့်မားလာတာ တွေ့ရတယ်။ အဓိကအားဖြင့် ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ ပြည်တွင်းမှာရော ပြည်ပမှာပါ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။ ဒါဟာ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်ပါ။ စစ်အုပ်စုရဲ့ အမျိုးသားညီလာခံ အဆုံး သတ်တော့မယ့်ကာလမှာ (၉၀)ပြည့်နှစ်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိထားတဲ့ အနိုင်ရပါတီ မပါဘဲ၊ စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ် တွေမပါဘဲ ပြုလုပ်တဲ့ အမျိုးသား ညီလာခံကို ဆန့်ကျင်ဆန္ဒပြလိုက်တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက် တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီရေးဖြစ်စဉ်တွေမှာ ဒီလူတွေပါဝင်ဖို့က အဓိကလိုအပ်နေတယ်ဆိုတာ ပြသလိုက်တာပါပဲ။



ဒီလှုပ်ရှားမှုက တိုင်းပြည်ရဲ့ ယနေ့ကာလ လိုအပ်ချက်ကို မီးမောင်းထိုးပြတဲ့ လှုပ်ရှားမှုလို့ဆိုရင် မမှားနိုင်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားမှုတွေ ကျယ်ပြန့်လာလေလေ စစ်အုပ်စုက ထိတ်လန့်လေလေ ဖြစ်လာမှာပါ။ အကျိုး ဆက်က ပြည်သူတွေကြား နိုင်ငံရေးနိုးကြားမှု ပိုမိုမြင့်မားလာမယ်။ နိုင်ငံတကာရဲ့ဖိအားတွေ ပိုများလာမယ်။ ဒါဟာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို တွန်းပို့မယ့် လှုပ်ရှားမှုတခုလို့ ယူဆရမှာပါ။ ‘ပြည်တင်းရင် မင်းမခံနိုင်’ဆိုတာ ရှိပါတယ်။ လူထုရဲ့ ခွန်အားဟာ အင်မတန် ကြီးမားတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲပါ။



အေအေပီပီအခန်းကဏ္ဍအနေနဲ့ရော အကျဉ်းသားများလွတ်မြောက်ရေးနဲ့ပတ်သက်ပြီး ထူးခြား တဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာ ရှိ၊ မရှိ ပြောပြစေချင်ပါတယ်။



အေအေပီပီဟာ အသင်းစတင်ဖွဲ့စည်းစဉ်ကတည်းက နိုင်ငံရေးအကျဉ်းသားများနဲ့ အကျဉ်း ထောင်များအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာခဲ့ပြီး ထူးခြားတဲ့ အခြေအနေတွေ ကို နိုင်ငံတကာအစိုးရများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းများ ကို ပေးပို့ပါတယ်။






နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် စည်းရုံးလှုံ့ဆော်မှုများ ကိုလည်း အစဉ်တစိုက်လုပ်ဆောင်ခဲ့ပါတယ်။ အခါအခွင့်သင့်သလို နိုင်ငံရေးအကျဉ်းသားများ၊ အကျဉ်းထောင်များနဲ့ သက်ဆိုင်တဲ့ အစီရင်ခံစာများလည်း ထုတ်ပြန်ခဲ့ပါတယ်။ အေအေပီပီရုံး တည်ရှိရာနေရာမှာ နိုင်ငံရေးအကျဉ်သားများနဲ့ အကျဉ်းထောင်များရဲ့ အခြေအနေကို ထင်ဟပ် စေနိုင်တဲ့ ပြခန်းလေးတခုကိုလည်း ပြသထားပါတယ်။ ထို့အတူ နိုင်ငံတကာအ၀ိုင်းမှ အလွယ် တကူ လေ့လာနိုင်အောင် အင်တာနက်စာမျက်နှာတခု(http://www.aappb.org/)လည်း ဖွင့်လှစ်ထား ပါတယ်။



နိုင်ငံတကာမိသားစုများက မြန်မာနိုင်ငံရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှန်များကို သိရှိနိုင်ရန်၊ နိုင်ငံရေးအကျဉ်းသားများအပေါ် နားလည်စာနာလာစေရန်နဲ့ အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ၎င်းတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်လာစေရန် စည်းရုံးဆောင်ရွက်မှုတွေကို အခါအခွင့် သင့်သလို ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတကာမှာရှိတဲ့ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေ၊ အကျဉ်းသားဟောင်း တွေအနေနဲ့လည်း သက်ဆိုင်ရာနိုင်ငံအလိုက် အကျဉ်းသားလွတ်မြောက်ရေးအတွက် လှုပ်ရှားမှု တွေ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ထူးခြားတဲ့လုပ်ငန်းစဉ်အနေနဲ့ကတော့ မကြာခင် ကာလမှာ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုတခုကို အေအေပီပီက ကမကထပြုပြီး ကမ္ဘာ့နေရာ အတော်များများမှာ ပြုလုပ်ဖို့ စီစဉ်နေတာတွေ ရှိပါတယ်။



လက်ရှိမြန်မာပြည်မှာ နှစ်ရှည်ကျခံနေရတဲ့ အကျဉ်းသားတွေရှိပါတယ်။ ဥပမာ- ဦးဝင်းတင်တို့၊ ဒေါ်မေ၀င်းမြင့်တို့ အစရှိသဖြင့်ပေါ့။ အဲဒီ နှစ်ရှည်ကျခံနေရတဲ့ အကျဉ်းသားတွေ လွတ်မြောက် သင့်ပါလျှက် ဘာဖြစ်လို့မလွတ်သေးတာလဲ။



ကြောက်လို့နေမှာပါ။ စစ်အုပ်စုဟာ သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်လာမယ်လို့ယူဆရင် ဘယ်သူ့ကိုမဆို ဖယ်ရှားပစ်ဖို့၊ ဖမ်းဆီးအကျဉ်းချထားဖို့ ၀န်မလေးတဲ့ လူတွေပါ။ ကမ္ဘာ့နိုင်ငံ အသီးသီးက အာဏာရှင်တွေဟာ အကျဉ်းထောင်ကို ဖိနှိပ်ရေးကိရိယာအဖြစ် တစိုက်မတ်မတ် အသုံးပြုနေတာဟာ သီအိုရီတခုလို ဖြစ်နေခဲ့တာပါ။



အကျဉ်းသားတွေရဲ့ မိသားစုတွေအနေနဲ့ကော သူတို့ရဲ့ မိဘဆွေမျိုး၊ ညီအကိုမောင်နှမတွေ ကျခံနေရတဲ့အပေါ် လှုပ်ရှားကြိုးပမ်းမှုတွေ ရှိပါသလား။




နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေအနေနဲ့ကတော့ သူတို့တတ်စွမ်းသရွေ့တော့ လုပ်နေ ကြတာပါ။ သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းပွဲလုပ်တာမျိုးတွေ၊ မီဒီယာကတဆင့် ပြောဆိုနေတာတွေ၊ အာဏာပိုင်တွေဆီကို စာပို့တာတွေ စသဖြင့် လုပ်နေကြတာရှိပါတယ်။ ဒီထက်ပိုလုပ်နိုင်တဲ့ အခြေအနေမျိုးရှိရင်၊ သိရင် ပိုလုပ်ကြမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါ တယ်။ အိမ်မလည်တတ်တဲ့ သားတယောက် အချိန်တန် အိမ်ပြန်မရောက်လို့ မျက်ရည်နဲ့ အဖော် ပြုနေရတဲ့ အမေတွေလည်း ထောင်သောင်းချီခဲ့ပါပြီ။
ဒါတွေ အဆုံးသတ်နိုင်ဖို့ ကျနော်တို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ အားသွန်ခွန်စိုက် လုပ်ကြရပါလိမ့်မယ်။

Talk with MKN 1

0 comments
(အင်တာဗျူးကတော့ ၂လလောက် ကြာသွားပြီ။ ဖတ်သင့်လို့ တင်ပေးလိုက်ပါတယ်။)

မင်းကိုနိုင်နှင့် စကားပြောခြင်း
ဧရာဝတီ မေ ၂၄၊ ၂၀၀၇

မေး။ ။ အိုးပင်းဟတ် ကန်ပိန်းကြောင့် ရန်ကုန်မှာ လူတွေ မကျေနပ် တာတွေကို ဖော်ထုတ်တင်ပြရဲလာကြတယ်လို့ သုံးသပ်နေကြတယ်။ အိုးပင်းဟတ်ကန်ပိန်းရဲ့ နောက်ဆုံးအနေအထားက ဘယ်လိုရှိသလဲဗျ။

ဖြေ။ ။ ကျနော်တို့ ရည်ရွယ်ကတည်းကိုက ပြည်သူတွေမှာရှိတဲ့ နဂိုမူလအခွင့်အရေးဖြစ်တဲ့ လွပ်လပ်စွာ ဖော်ထုတ်ရေးသားခွင့် ကိုယ့်ရဲ့ သဘောထားတွေကို တင်ပြခွင့်ဆိုတဲ့အတိုင်းကို ကျနော်တို့ကပြောတာ၊ အဲဒီဥစ္စာတွေကို သုံးကြပါဆိုပြီးတော့ ကျနော်တို့က နှိုးဆော်တာ၊ အဲဒီတော့ ရင်ဖွင့်လွှာတွေလုပ်လာတဲ့ နောက်ပိုင်းမှာတော့ ဟုတ်ပါတယ်၊ ပြန်လည်ပြီးတော့ နိုးကြားမှုတွေဖြစ်လာတယ်။

အဲဒီကနေ တဆင့်ပြီးတော့ သဘောထားဆန္ဒတွေ စာရေးပြီးတော့ တင်ပြတာမဟုတ်ဘဲနဲ့ ပုံစံမျိုးစုံနဲ့ ငြိမ်းချမ်းစွာ ဖော်ထုတ်တာတွေ ရှိလာတယ်။ ဒီလိုပဲ တချို့ဆိုလို့ရှိရင် မိမိအိမ်မှာ မိမိ ခြံတံခါးမှာ ကပ်ထားတာမျိုးတွေလည်း ရှိတယ်။ ဒါကတော့ ကျနော်တို့မျိုးစုံ တွေ့နေရတယ်။ နောက်ဆုံးအနေအထားကို ပြောရမယ်ဆိုလို့ရှိရင် တပြည် လုံးက နယ်အနှံ့ တောအနှံ့ တောင်အနှံ့ကရလာတဲ့ စာတွေအပေါ်မှာ မူတည်ပြီးတော့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒ အစစ်အမှန်ဟာ ဘာလဲဆိုတာကို ကျနော်တို့ ပုံဖော်လို့ရနေပြီဖြစ်တယ်။

ကျနော်တို့က စနစ်တကျ အမျိုးအစားတွေ ခွဲထုတ်တယ်။ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး … သူ့ကဏ္ဍ အလိုက်နဲ့သူ ကျနော်တို့ခွဲကြည့်လိုက်တဲ့အခါမှာ သုတေသနစာတမ်းတစောင်ကို ကျနော်တို့ ပြုစုနိုင်နေပြီ ဖြစ်တယ်။ အဲဒီအပေါ်မှာ ရလာတဲ့အခြေခံကို ကျနော်တို့ တကမ္ဘာလုံးသိအောင် တင်ပြမယ်။ ကျနော်တို့ တိုင်းပြည်ရဲ့အခြေအနေ၊ ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့ သဘောထားဆန္ဒ အစစ်အမှန် ဘာဖြစ်တယ်ဆိုတာကို ကျနော်တို့ တင်ပြဖို့ အတွက် အခြေခံကောင်းတခု ရသွားပြီဖြစ်ပါတယ်။

မေး။ ။ ဆိုတော့ အဲလိုမျိုး လူတွေဖွင့်ဟဖော်ထုတ်လာတဲ့အခါကျတော့ စစ်အစိုးရက ဆူပူအုံကြွမယ် စိုးရိမ်ပြီး ခင်ဗျား တို့ကို ဖမ်းခဲ့တယ်၊ နောက်ပြီး ပြန်လွှတ်တယ်။ ဒီလိုမျိုးပဲ ကျန်တဲ့ ဆန္ဒပြတဲ့လူတွေကိုလည်း ဖမ်းလိုက် လွှတ်လိုက်ဆိုတဲ့ ပုံစံမျိုးတွေ ရှိနေတယ်လေ။ ဒါ့အပြင်ကို ဥပဒေမဲ့ လွန်လွန်ကျူးကျူး ကိုင်တွယ်ပြုမူတာတွေ လည်းကြားရတယ်။ နောက်ပြီးတော့ လုံထိန်းတပ်တွေကို ပြင်ဆင်တာတွေလည်း ကြားရတယ်။ ဆိုတော့ကာ နိုင်ငံရေးအငွေ့အသက်က သွေးထွက်သံယိုမှုကို ဦးတည်နေတယ်လို့ ခင်ဗျားတို့အနေနဲ့ ခံစားရလားဗျ။

ဖြေ။ ။ အခြေအနေက ဒီကနေ့ စစ်အစိုးရရော ကျနော်တို့ ဒီမိုကရေစီသမားတွေရော နှစ်ဦးနှစ်ဘက်လုံး အပေါ်မှာ မူတည်နေပါတယ်။ ကျနော်တို့တတွေဟာ ခံစားချက်ကို ဦးစားပေးပြီးတော့ လက်လွတ်စပယ် လုပ်မိ တာမျိုးမဖြစ်ဖို့ကတော့ ပထမပါ။ ကျနော်ဆိုလိုတာက ကျနော်တို့သဘောထားတွေ ဖော်ထုတ်တဲ့နေရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုး၊ အကြမ်းဖက် ဆန်တဲ့ ပုံစံမျိုးမဖြစ်အောင် ကျနော်တို့ဘက်က ထိန်းတယ်။ ကျနော်တို့ဘက်က တင်ပြတဲ့ ရိုးရိုးသားသား သဘောထားဆန္ဒ အစစ်အမှန်တွေကို နားထောင်နိုင်တဲ့ နားတွေ လည်း လိုတယ်။

ကျနော်တို့ တင်ပြသမျှ ပြည်သူတွေ ပြောဆိုသမျှအပေါ်မှာ သံသယအမြင်နဲ့ မချဉ်းကပ်ဖို့ အရေးကြီးတယ်။ သဘောကတော့ အာဏာကိုလာပြီးတော့ ထိပါးတော့မလားဟဲ့ဆိုတဲ့ စိုးရိမ်ကြောင့်ကျမှု အခြေခံနဲ့ တုန့်ပြန် မယ်ဆိုရင်တော့ သွေးထွက်သံယို တင်မကဘူး၊ တော်တော်ကို ကြေကွဲစရာတွေ ဖြစ်လာမယ့်အခြေအနေမျိုးတွေ ရောက်သွားမှာပေါ့။ အဲဒီတော့ အဓိက အချက်ဟာ ကျနော်တို့ပြည်သူတွေအနေနဲ့ တကယ်တမ်း ကိုယ့်ဆန္ဒကို ငြိမ်းချမ်းစွာ ဖော်ထုတ်ပါ။ အဲဒီဖော်ထုတ်မှုဟာ အကြမ်းမဖက်ဘဲ ဖြစ်ရပါမယ်။ စည်းကမ်းသေ၀ပ်စွာနဲ့ ဖော်ထုတ် ကြရမယ်။ ရဲရဲရင့်ရင့် ဖော်ထုတ်ရမယ်။

တဘက်က အာဏာပိုင်တွေကလည်း ဒါတွေကို အပြုသဘောနဲ့ နားလည် နိုင်ရမယ်။ ပြီးတော့မှ ဘယ်လိုတွေပြုပြင်နိုင်သလဲဆိုတဲ့ နည်းလမ်းကို ရွေးချယ်ရမှာဖြစ်တယ်။

အဲဒီလိုမဟုတ်ဘဲ လူတွေက သဘောထားတွေဖော်ပြီး ဆန္ဒတွေထုတ်ကြပြီ ဆိုတာနဲ့ကိုတင် အာဏာဆိုတဲ့ အချက် တခုတည်း ကြည့်ပြီးတော့ ဒီကုလားထိုင်ကို လှုပ်မလား၊ ဒီပုလ္လင်ကိုထိပါးလေမလားဆိုတဲ့ အတွေးမျိုးနဲ့ တုန့်ပြန်မယ်ဆိုရင် တော့ အနာဂတ်လည်း မကောင်းဘူး၊ သမိုင်းကြောင်းလည်း မလှဘူးဖြစ်သွားတော့မယ်။ ကျနော်တို့ ဒါကို စိုးရိမ်တယ်။ ဒါကြောင့်မို့ ထပ်ခါတလဲလဲ သတိပေးနေရခြင်းဖြစ်တယ်။

မေး။ ။ ဆိုတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလမ်းက အခုထက်ထိ တံခါးပွင့်နေတုန်းပဲလို့ ခင်ဗျားတို့အနေနဲ့ မြင်လား။

ဖြေ။ ။ ဒီလိုဗျ … သူက တံခါးတချပ်တည်းတော့ မဟုတ်ဘူး။ ကျနော်တို့ဘက်က တချပ်ဖြစ်မယ်၊ လက်ရှိအစိုးရဘက်က တချပ်ရှိမယ်။ ကျနော်တို့ဘက်က တံခါးကိုတော့ ကျနော်တို့က ဖွင့်ထားဆဲပဲ။ ကျနော်တို့က ရှိနေတဲ့ ဖိနှိပ်ခံရမှု၊ မတရားမှု တွေကို တွန်းလှန်ရင်း တဘက်ကလည်း ပြဿနာတိုင်းကို ဖြေရှင်းတဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ စိတ်နှလုံးအခံနဲ့ပဲ ဖြေရှင်းဆဲပဲ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကတံခါးကို ဖွင့်ထားတာ။ တဘက်ကတံခါးပဲ ကျန်နေတာပါ။

အဲဒါကိုလည်း ကျနော်တို့က မှန်ကန်တဲ့ ဖြေရှင်းမှုပုံစံဖြစ်တဲ့ ကိုယ့်အမျိုးသားချင်းပဲဆိုတဲ့ အတွေးနဲ့ပေါ့၊ ဒီဟာတွေကို ချေမှုန်းပစ်မယ်ဆိုတဲ့အစား ဒါ ကိုယ့်ရဲ့အင်အားတွေပဲ၊ ကိုယ့်တိုင်းပြည်တည်ဆောက်ရေးမှာ ပေါင်းရမယ်၊ လက်တွဲရမယ့် အင်အားတွေပါဆိုတဲ့ အသိမျိုးကို ပေးနိုင်ဖို့အတွက် အဲဒီတံခါးကို ဆက်ပြီးတော့ ကျနော်တို့ ခေါက်နေရမှာ ဖြစ်တယ်။

မေး။ ။ လက်ရှိ အနေအထားအရဆိုရင် စစ်အစိုးရအနေနဲ့ သူ့ဟာသူ အမျိုးသားညီလာခံလုပ်ပြီးတော့ လမ်းပြမြေပုံ အဆင့်ဆင့်နဲ့ ဇွတ်သွားမယ်ဆိုတဲ့ အနေအထားဗျာ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ မပါဘဲနဲ့ ဆက်သွားမယ်ဆိုလည်း တချို့တွေက လိုက်သွားမယ့်အနေအထားမျိုးတွေ တွေ့နေရတယ်ဆိုတော့ ခင်ဗျားတို့အနေနဲ့ရော ဘယ်လိုမျိုး ရင်ဆိုင်ဖြတ်သန်းဖို့ပြင်ဆင်ထားသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့က နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒီလိုပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ ဆိုပြီးတော့ စဉ်းစားတဲ့ ပုံစံမျိုး ကျနော်တို့ မချဉ်းကပ်ဘူးခင်ဗျ။ တခုတော့ရှိတာပေါ့၊ ရွေးကောက်ပွဲတခုရဲ့ ဂုဏ်သိက္ခာကို သေးသိမ်အောင် အင်အား သုံးပြီးတော့ ဖန်တီးပြီးတော့မှ အင်အားရှိတဲ့လူက တဖက်သတ် ဖြေရှင်းတာမျိုးကို တော့ ကျနော်တို့လက်ခံလို့မရဘူး။ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ပြောထားတယ်။

အဲဒီတော့ ရွေးကောက်ပွဲတခုကို အသိအမှတ်ပြုပြီးတော့ ဖြေရှင်းတဲ့ပုံစံကိုတော့ ကျနော်တို့က တောင်းဆိုရလိမ့်မယ်။ အဲဒီဲလိုမှ မလုပ်ဘူးဆိုရင် နောက်ထပ် ရွေးကောက်ပွဲဆိုတာတွေကို ပြည်သူတွေက ဘယ်လိုယုံကြည်ကြမလဲ။ ဘယ်လိုမှ အာမခံချက်မရှိဘူးဆိုတာကို ဖော်ပြနေတယ်။ ဒါ အရေးကြီးတဲ့ အချက်ပါ။

ကျနော်တို့ဘက်ကတော့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ လူထုတရပ်လုံး ပါဝင်တဲ့နည်းကိုပဲ ရွေးတယ်ဆိုတာ ကျနော်တို့ ဖော်ပြပြီးပါပြီ။ တိုင်းပြည်တခုရဲ့ အနာဂတ်ကို့ အစိုးရကချည်း ရွေးလို့တော့မရဘူးပေါ့ခင်ဗျာ။ နိုင်ငံသားအားလုံးရဲ့ သဘောတူညီမှု ဖြေရှင်းမှုက အရေးအကြီးဆုံးပါပဲ။

မေး။ ။ ဟုတ်ပြီ၊ ခင်ဗျား ခုနကပြောသလိုမျိုး နိုင်ငံရေးမှာ လူထုပါဝင်ပတ်သက်ခွင့်ဆိုတဲ့ ဥစ္စာပေါ့ဗျာ။ ပြောကြကြေးဆိုလို့ ရှိရင် ဒီစစ်အစိုးရလက်ထက်မှာ ဘယ်လောက်ထိ လူထုပါဝင်ပတ်သက်ခွင့်ရှိလို့လဲ၊ နောက်ပြီးတော့ လူထုကနေပြီးတော့ သူတို့လိုလားတဲ့ ဒီမိုကရေစီစနစ်ကို တည်ထောင်တဲ့နေရာမှာ လူထုပါဝင်ပတ်သက်လာအောင်လို့ ခင်ဗျားတို့ အဖွဲ့ကရော ဘယ်လောက်လုပ်ပေးနိုင်သလဲ။

ဖြေ။ ။ ကျနော်တို့ ပြီးခဲ့တဲ့လှုပ်ရှားမှုတွေရှိပါတယ်၊ ကျနော်တို့ရဲ့ ကန်ပိန်းတွေပေါ့။ ဆစ်ကနေချာ ကန်ပိန်း ကစပြီးတော့ အဖြူရောင် ကန်ပိန်း၊ ပြီးတော့ အိုးပင်းဟတ်လက်တာကန်ပိန်း၊ အခု အဖြူရောင် တနင်္ဂနွေ ကန်ပိန်း အသီးသီးကိုကြည့် လိုက်ပါ။ ကျနော်တို့ဟာ ပြည်သူလူထုပါဝင်လာနိုင်မယ့် နည်းလမ်းကို ကျနော်တို့က ရွေးတယ်။

ပြည်သူလူထုက နှစ်ပေါင်းများစွာကြီး အပစ်ခံ၊ အချိုးခံထားရတဲ့ အခါကျတော့ ခေါက်ရိုးကျိုးနေတဲ့ သဘောကတော့ရှိတယ်။ ဒါ ကျနော်တို့ ပြန်မထွက်လာခင်အထိ။ ကျနော်တို့ ထွက်လာကြပြီးတော့ အတူတကွ ရပ်တည်ကြပြီးတော့ ကျနော်တို့စပြီး အလုပ်လုပ်ကြပြီဆိုတဲ့အခါမှာ ပြည်သူဟာ ဘယ်လမ်းနဲ့ ဘယ်ပုံနဲ့စပြီးတော့ လိုက်နိုင်မလဲဆိုတာကို ကျနော်တို့ စနစ်တကျ ရွေးချယ်တယ်။

အဲဒီအခါကျတော့ ခေါက်ရိုးကျိုးထားပြီးသားဖြစ်တဲ့ ဒီ ချုံးချုံးကျထားတဲ့ ပြည်သူတွေရဲ့အခြေအနေကို ကျနော်တို့က ပြန်ပြီးတော့ အင်အားသွင်းရတယ်။ တဖြည်းဖြည်းနဲ့ ထထိုင်လာနိုင်အောင်၊ ထိုင်ရာကနေ မတ်တပ်ရပ်နိုင်အောင်၊ ပြီးရင် ဖြည်းဖြည်းတွဲပြီးတော့ လျှောက်နိုင်အောင်ပေါ့။

အဲဒီလိုရွေးကြတယ်ဆိုတဲ့နေရာမှာ ကျနော်တို့ အကြမ်းမဖက်တဲ့နည်းကိုပဲ ကျနော်တို့ သုံးရသေးတယ်။ ဆိုတော့ ဒီနှစ်ခုကြားထဲမှာ ကျနော်တို့လှုပ်ရှားရတာ အင်မတန်ခက်ခဲပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တဘက်က အဆင့်ဆင့်သော အာဏာပိုင်တွေက စိတ်မထင်ရင် မထင်သလို အပေါ်တမျိုး အောက် တမျိုးတွေနဲ့ ကျနော်တို့ ကြုံရတယ်။ ဟိုတနယ်မှာ တနည်း၊ ဒီဘက်နယ်မှာ တဖုံဆိုတာ ကျနော်တို့ ကြုံရတယ်။ ဆိုတဲအခါ ကျတော့ ပြည်သူလူထုလိုက်ပါလာနိုင်တဲ့နည်းကို ကျနော်တို့ရွေးတဲ့နေရာမှာ ကျနော်တို့ဟာ ကိုယ်ကိုယ်နှိုက်ကတော့ စိတ်ရောကိုယ်ပါ ပေးဆပ်နိုင်မှုအားလုံး ရယ်ဒီဖြစ်ရင် ဖြစ်မှာပေါ့။ ဒါပေမယ့် ပြည်သူ့ဘက်က လိုက်နိုင်မှုဆိုတာရော ရှိသေးတာကိုး။

အဲဒါကြောင့် ကျနော်တို့က ကျနော်တို့ရှေ့တလှမ်းလေး ဦးဆောင်လိုက်၊ ပြည်သူလူထုလိုက်နိုင်တဲ့အခါကျရင် နောက် တလှမ်းကိုတက်လိုက်၊ ဒီနည်းကိုပဲ သွားရမှာ။ နောက်လာမယ့် ကျနော်တို့ရဲ့ ကန်ပိန်းတွေမှာလည်း ဒီထက်ပိုပြီးတော့ ကျယ်ပြန့်ရမယ်၊ ထိရောက်မှုရှိရမယ်၊ ပြည်သူတွေရဲ့ တကယ့်သဘောထားအစစ်အမှန်ကို ထင်ဟပ်နိုင်တာမျိုးကို နည်းမျိုး စုံနဲ့ ကျနော်တို့သုံးမယ်။ တကယ့် အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့မှာ ပြည်သူလူထုရဲ့ ပူးပေါင်းမှုဟာ အင်မတန် လိုအပ်တာမို့ လိုအပ်သလို ထုတ်ပြီးတော့ သုံးနိုင်တဲ့အနေအထားရောက်တဲ့ အထိ ကျနော်တို့ စနစ်တကျ အလုပ်လုပ် သွားမှာဖြစ်တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဒေသတွင်းနိုင်ငံ အစိုးရတွေနေနဲ့ ဒီမိုကရေစီရေးကို မထောက်ခံဘဲနဲ့ စစ်အစိုးရနဲ့ပေါင်းပြီး စီးပွားဖြစ်ဖို့ အဓိကဆိုတဲ့ ပေါ်လစီပေါ်မှာရော ဘယ်လိုမြင်လဲဗျ။

ဖြေ။ ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဂုဏ်သိက္ခာဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ နောက်တခုက ကိုယ်ကျိုး စီးပွားဆိုတာ အမြဲတမ်းရှိကြပါတယ်။ ဆိုတော့ လူပဲဖြစ်ဖြစ်၊ နိုင်ငံပဲဖြစ်ဖြစ် ကိုယ်ကျိုးစီးပွားပေါ်တော့ အခြေခံကြတယ်။ ဒါပေမယ့် ဂုဏ်သိက္ခာမဲ့၊ ကျင့်ဝတ်မဲ့တဲ့ အကျိုးစီးပွားသက်သက်တော့ မဖြစ်သင့်ဘူး။ အဲဒီတော့ ဂုဏ်သိက္ခာလည်း ရှိတယ်၊ အကျိုးစီးပွားလည်း မှန်မှန်ကန်ကန်ပါမယ်ဆိုတဲ့ နှစ်ဘက်လွှဖြစ်တဲ့ ကြိုးပမ်းမှုမျိုးကို စဉ်းစားဖို့သင့်ပါတယ်။

အစိုးရတွေဟာ ပြည်သူလူထုတွေရဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်ရင်တော့ ဆိုးတာပေါ့ဗျ။ သူတို့နည်း သူတို့ဟန်နဲ့ အင်အားတွေနဲ့ အာဏာယူထားကြတဲ့ အစိုးရ အစိုးရချင်း ဆက်ဆံရေးဆိုတာ တကယ်တော့ ကျဉ်းမြောင်း လွန်းပါတယ်ဗျ။ တကယ့်တကယ်က နိုင်ငံသားအချင်းချင်း ဆက်ဆံရေးသာလျှင် ရေရှည် အကျိုးစီးပွားဖြစ်မယ်လို့ ကျနော် ယုံကြည်တယ်။ အဲဒီတော့ ကျင့်ဝတ်ဂုဏ်သိက္ခာအရကော ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး၊ နိုင်ငံတခုစီရဲ့ အကျိုးစီးပွား တွေရောရှိတဲ့ ဆက်ဆံရေးမျိုးကို ကျနော်တို့က ကြိုဆိုပါတယ်။ အဲဒီလိုပဲ ဖြစ်စေချင်တယ်။

ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းကြတဲ့နေရာမှာ ကျနော်တို့တိုင်းပြည်မှာ တကယ်ပြဿနာတွေ ရှိနေတယ် ဆိုတာကို လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာနဲ့ ပယ်ချခဲ့တဲ့ နိုင်ငံကြီးတွေကတောင် ၀န်ခံထားရတယ်။ ကောင်းပြီ၊ ဒီတော့ ကျနော်တို့ရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့နေရာမှာ အငြင်းပွားမှုတွေကိုဖယ်ပြီးတော့ အားလုံးကို ဘုံလုပ်လို့ရတဲ့ လုပ်ငန်းစဉ်တခုကို ရှာလို့ရပါတယ်။အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ လတ်တလော စိတ်ကြိုက်ခြယ်လှယ်နေတဲ့ အင်အားရှိတဲ့လူက စိတ်ကြိုက် လုပ်စတမ်းဆိုတဲ့ ရလဒ်မျိုးကို လက်မခံဘူး။ အများရဲ့ သဘောတူညီမှုကို ယူပါဆိုတဲ့ အချက်မျိုးဟာ ဘုံသဘောတူညီချက်၊ ဘုံလုပ်ငန်းစဉ်အနေနဲ့ ပူးပေါင်းပြီးတော့ လုပ်လို့ရတယ်။ အဲဒီတော့ တကယ်တမ်း မှန်မှန်ကန်ကန် စေတနာရှိတယ်ဆိုရင် ကျနော်တို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားမျက်နှာကိုလည်း ကြည့်ပါ။

အစိုးရ အစိုးရချင်း ပြေလည်ရေးဆိုတာက ယာယီပဲ ဖြစ်ပြီးတော့ သမိုင်းမှာ အားနည်းပါတယ်။ အဲဒီလို အားနည်းမှုတွေ ဖြစ်သွားနိုင်တယ်ဆိုတာ ကျနော်ကြိုပြီးတော့ ပြောထားချင်တယ်။ ။