Wednesday, June 23, 2010

US officer met PPT

0 comments
အမေရိကန် အထက်လွှတ်တော် အရာရှိတဉီးနှင့် မဖြူဖြူသင်းတို့ တွေ့ဆုံ
အေးနိုင် ၂၃ ဇွန် ၂၀၁၀ - DVB

ရန်ကုန်မြို့ကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံ ခြားရေးရာ ဆပ်ကော်မတီ ဉက္ကဋ္ဌ ဂျွန်ကယ်ရီရဲ့ လက်ထောက် မစ္စ ရော်ဘင်လာနာ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာသည် အကူအညီပေးရေး အစီအစဉ်တာဝန်ခံ မဖြူဖြူသင်းနဲ့ ကိုရာဇာ တို့ကို ဒီနေ့ တွေ့ ဆုံခဲ့ပါတယ်။

မစ္စ ရော်ဘင်လာနာ ဟာ အိပ်ခ်ျအိုင်ဗွီဝေဒနာသည်တွေကို ကိုယ်ဖိရင်ဖိ စောင့်ရှောက်ကူညီနေတဲ့ မဖြူဖြူသင်းနဲ့ ကိုရာဇာတို့ကို ရန်ကုန်òမိ့ တော်ဝင်လမ်း မှာရှိတဲ့ အမေရိကန်စင်တာမှာ ဒီမနက် တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်သံရုံးအရာရှိတယောက်ပါ တက်ရောက်ပြီး ၁ နာရီ ၃၅ မိနစ် ကြာမြင့်တဲ့ တွေ့ဆုံမှုအတွင်း အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အခြေအနေကို အဓိကထား မေးမြန်းတယ်လို့ ကိုရာဇာက ပြောပါတယ်။

“အဓိက ကျနော်တို့အခန်းကဏ္ဍကိုမေးတယ်၊ အန်ဂျီအိုတွေရဲ့ အခန်းကဏ္ဍ ကို မေးတယ်၊ အစိုးရရဲ့ အခန်းကဏ္ဍတွေကို မေးတယ်၊ အစိုးရအနေနဲ့ ဘာလုပ်ပေး လဲဆိုတော့ ကျနော်တို့က ရှင်းရှင်းပဲ ပြောလိုက်တယ် အစိုးရအနေနဲ့ တနိုင်ငံလုံး အ နေနဲ့ ဆေးရုံ ၂ ရုံပဲထားတယ်၊ လူတွေ ရာဂဏန်းလောက်ပဲ ဆေးပေးနိုင်တယ်။ တ ခြား အန်ဂျီအိုတွေ ဆေးဝိုင်းပေးနေလို့သာ သောင်းနဲ့ချီတဲ့လူတွေ အသက်ရှင်နေ တာ၊ ကျနော်တို့ လုပ်ရကိုင်ရတာ ဘယ်လောက်အထိ ခက်ခဲသလဲဆိုတော့ ကျနော် တို့ကို အစိုးရဘက်ကလည်း မကြည်ဖြူဘူး မုန်းတယ်ပေါ့၊

“ဒီ အန်ဂျီအိုတွေကလည်း ကျနော်တို့ကို မချဉ်းကပ်ရဲဘူး။ အနားကို မကပ် ရဲတဲ့အခါကျတော့ ကျနော်တို့က တကိုယ်တော် လုပ်ရသလို ဖြစ်နေတယ်၊ အဲဒီ တော့ ကျနော်တို့က အင်မတန်မှ ပင်ပန်းဆင်းရဲ တယ်ပေါ့၊ သူက ဘာထပ်ပြောလဲ ဆိုတော့ အစိုးရအနေနဲ့လုပ်လာအောင်လို့ ယူအန်ကနေပြီးတော့ လက်တွဲရင် မဖြစ် ဘူးလား၊ အန်ဂျီအိုတွေက လက်တွဲရင် မဖြစ်ဘူးလား၊ ဘယ်လိုမျိုးပြုရင် ဖြစ်မလဲပေါ့ မေးတယ်။

“မေးတော့ ကျနော်တို့က ပြန်ပြောတယ် အစိုးရအနေနဲ့ လုပ်ချင်ရင် ဟိုး အစောကတည်းက ကိုက လုပ်မှာပေါ့၊ အခု အစောကြီး ကတည်းကကို မလုပ်ချင်လို့ ပြစ်ထားတဲ့ ပြဿနာ ဖြစ်တယ်၊ အစိုးရကိုယ်တိုင် မဖြေရှင်းလို့ ဒီနေ့အထိ ပြဿနာ ဖြစ်နေရတယ်၊ အဲဒီတော့ သူက ဗမာပြည်မှာ တိကျတဲ့ ကိန်းဂဏန်းတွေ ရှိလားတဲ့။ အစိုးရက နောက်ဆုံး ထုတ်ပြန်တာကတော့ ၂၀ဝ၄ မှာ ထုတ်ပြန်လိုက်တာ ၃ သိန်း ၆ သောင်းလို့ ပြောတယ်၊ သို့သော် ဒီ စာရင်းဇယားတွေက ဒီ့ထက် တိုးလာတာ လည်း မရှိဘူး။ ကျသွားတာလည်း မရှိဘူးဆိုတော့ ဒီ စာရင်းဇယားတွေက စတင် ကောက်ခံကတည်းက မမှန်ကန်ဘူးလို့တော့ ကျနော်တို့ ပြောလိုက်နိုင်တယ်။”

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ပေးအပ်ထားတဲ့ သူတို့ တတွေရဲ့ ရှေ›ဆက်ခရီး ပြင်ဆင်ချက်ကို မေးတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကို ဉီးတည်ပြီးတော့ မေးတာကတော့ ကျနော်တို့ ရှေ›ဆက်ပြီး ဘယ်လိုလုပ်မလဲ၊ ကျနော်တို့အနေနဲ့ ဘာတွေ ရည်ရွယ်ထားလဲပေါ့ဗျာ၊ ကျနော်တို့ ဘက်က တုံ့ပြန်လိုက်တာကတော့ ကျနော်တို့သည် အန်အယ်လ်ဒီတွေ ဖြစ်တယ်၊ အန်အယ်လ်ဒီနဲ့အတူ ရပ်တည်မယ်၊ အန်အယ်လ်ဒီ မရှိဘူးဆိုတာ မဟုတ်ဘူး၊ အန် အယ်လ်ဒီအဖွဲ့ဝင်တွေ ရှိနေတုန်း။ အန်အယ်လ်ဒီ လုပ်ငန်းစဉ်တွေ လုပ်နေတုန်းပေါ့ နော် ဒါပြောတယ်။

“ရှေ›လျှောက် ရည်ရွယ်ချက်တွေ ကျတော့ အများကြီးပေါ့ဗျာ၊ ကျနော်တို့ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ဒီ ဒီမိုကရေစီရေး လူ့အခွင့်အရေးတွေနဲ့ ပတ် သက်တဲ့ကိစ္စတွေ သူ့ကို မပြောပြလိုက်ရတာတွေ လည်းရှိတာပေါ့။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီဝေဒနာသည်တွေကို ကူညီပံ့ပိုးရေး၊ ပညာပေးရေး လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့မှုရှိမရှိတာနဲ့ ပတ်သက်လို့လည်း မေးမြန်းသွား တယ် လို့ ကိုရာဇာက ပြောပါတယ်။

“ခေတ်လွန်နေတဲ့ တိုင်းပြည်ကလာတဲ့ လူဆိုတဲ့အခါကျတော့ ကျနော်တို့ ဒီမှာ ဖြစ်နေတဲ့ဟာတွေကို သူ သိပ်နားမလည်နိုင်ဘူး တချို့ဟာတွေ၊ အစိုးရက မလုပ်တဲ့ကိစ္စတွေ၊ မိသားစုက စွန့်ပစ်တဲ့ကိစ္စတွေ၊ နောက်ပြီးတော့ ရပ်ရွာကနေပြီး တော့ ဝိုင်းပယ်တဲ့ ကိစ္စတွေ၊ တော်တော် ပြောယူရပါတယ်။ “ပုံပြင်တပုဒ်လိုတောင် ဖြစ်နေတယ် သူတို့အတွက်က၊ ဒါပေမယ့်လို့ ကျ နော်တို့က ဒါဟာ တကယ့်အဖြစ်မှန်တွေ၊ ဒီ့ထက်မက ဆိုးဝါးနေတာတွေ ရှိသေး တယ်။ အဲဒီတော့ သူက ထပ်မေးတယ်၊ အန်ဂျီအိုတွေက ပညာပေး လုပ်ငန်းတွေ လုပ် နေတာပဲ မထိရောက်ဘူးလားတဲ့၊ သူကလည်း သူ့ ကန့်သတ်နယ်မြေ ရှိတယ်။

“အစိုးရက သတ်မှတ်ပေးထားတဲ့ ဉပမာ လမ်းမတော်မှာ လုပ်ဆို လမ်းမ တော်မှာပဲလုပ်။ လသာဘက်ကို စင်ထွက်လာလို့ မရဘူး။ ဒီလို ကိစ္စမျိုးတွေ ကျနော် ပြောပြတယ်ပေါ့နော်၊ ပြောပြတော့ သူ အင်မတန်မှ အံ့အားသင့်ပြီးတော့ သူ့အနေ နဲ့ ဒီလို ဒုက္ခတွေကို သူ ကူညီချင်တယ်၊ သူ့ရဲ့ အကြီးအကဲတွေကိုလည်း ကူညီဖို့ သူ ပြောပါမယ်တဲ့ ပြန်ပြောသွားပါတယ်။”

မစ္စ ရောဘင်လာနာဟာ ဒီလ ၁၉ ရက်နေ့ကတည်းက ရောက်နေတာဖြစ်ပြီး နိုင်ငံရေးပါတီတချို့ကိုလည်း လိုက်လံတွေ့ဆုံခဲ့ပါတယ်။

Sunday, June 13, 2010

from yoma 3

0 comments
မဖြူဖြူသင်း ဦးဆောင်သည့်အဖွဲ့က NLD လူကြီးများအား ဂါဝရပြု
လွန်းဒင်။ ။ ၁၃၊ ၆၊ ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် HIV/AIDS ရောဂါသည်တွေကို အကူအညီပေးရေး အစီအစဉ်တာဝန်ခံ မဖြူဖြူသင်းဦးဆောင်ပြီး ဝေဒနာသည်များက အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့အား ဂါဝရပြု ကန်တော့သည့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၁၈) ရပ်ကွက်ရှိ HIV/AIDS ဝေဒနာရှင်များကိုထားရှိသည့်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မဖြူဖြူသင်းက ပြောသည်။

“ဘဘတို့ကလည်း လူနာတွေကို အရမ်းအားပေးချင်တယ်။ လူနာတွေကလည်း ဘဘတို့ကို ဂါရ၀ပြုချင်တယ်။ အဲဒါနဲ့ ဒီနေ့တိုင်ပင်ပြီး လုပ်လိုက်တာပါ၊ ဘဘတို့က ဒီမှာလာပြီး လူနာတွေကို တွေ့ဆုံတယ်၊ အားပေးတယ်၊ အတူတူစားပြီး ချစ်ချစ် ခင်ခင်ရင်းရင်းနှီးနှီး နေကြတယ်။ လူနာတွေကလည်း ဘဘတို့ကို ကန်တော့တယ် အဲဒီပုံစံမျိုးလေး လုပ်လိုက်တာ” ဟု ပြောသည်။

ယင်းကဲ့သို့ ဝေဒနာရှင်များနှင့် တွေ့ဆုံရာတွင် ဦးဝင်းတင်နှင့် ဦးတင်ဦးတို့က ၎င်းတို့အနေဖြင့် ဝေဒနာရှင်များအတွက် ကူညီနိုင်သမျှ အကူညီပေးသွားမည်ဖြစ်ကြောင်း အားပေးပြောဆိုခဲ့သည်။

“ဘဘတို့အခုလို လာရောက်တွေ့ဆုံပြီး အားပေးစကားတွေပြောတဲ့အခါကြတော့ လူနာတွေလည်း တော်တော်တက်တက်ကြွကြွဖြစ်လာတယ်၊ အခုလောလောဆယ် ဒီမှာဝေဒနာရှင် (၆၀) လောက်ရှိတယ်၊ အပြင်က မပါသေးဘူး၊ ဘဘတို့ကလည်း အကူညီတွေပေးဖို့ လုပ်သွားမယ်ဆိုတာလည်း ပြောသွားတယ်” ဟု ဆက်ပြောသည်။

အဘဦးတင်ဦးနှင့် အဘဦးဝင်းတင်တို့ ဦးဆောင်၍ ဝေဒနာရှင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အထိမ်းအမှတ်ဖြစ် ခရေပင် (၂) ပင်ကို နံနက် (၁၁) နာရီအချိန်တွင် စိုက်ပျိုးခဲ့သည်။

အဖွဲ့ချုပ်၏ HIV/AIDS ကူညီရေးအစီအစဉ်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြားချက်ဖြင့် ၂၀၀၂ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး ထိုကူညီရေးအဖွဲ့တာဝန်ခံအဖြစ် အဖွဲ့ချုပ် တောင်ဥက္ကလာပမြို့နယ် စည်းအဖွဲ့ဝင် မဖြူဖြူသင်းက တာဝန်ခံအဖြစ် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။

အဖွဲ့ချုပ် ကူညီရေးအဖွဲ့ စတင်သည့်နှစ်မှ အခုအချိန်ထိ HIV/AIDS ဝေဒနာသည် (၃၀၀၀) ကျော်အတွက် ဆေးစစ်နိုင်ရန် ဆေးဝါးရရှိရန်၊ နေရေထိုင်ရေး စသည့်လိုအပ်ချက်များကို အကူအညီပေးနိုင်ခဲ့ပြီး ယခုလက်ရှိ လူနာတစ်ရာကျော်ကို လက်ခံကူညီပေးလျက်ရှိသည်။

Monday, June 7, 2010

news from NEJ

1 comments
HIV ဝေဒနာရှင်များအတွက် အလှူရှင်များ အရေးပေါ် လိုအပ်
အောင်ထက် / ၀၇ ဇွန် ၂၀၁၀ ခေတ်ပြိုင်တနေ့တခြား တိုးပွားလာသော HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးဝါးစရိတ်ကုန်ကျမှု ငွေကြေးအခက်အခဲ ရှိနေသည့်အတွက် ART ဆေးဝါးများ ဆက်လက်ပေးဝေနိုင်ရန် မလွယ်ကူတော့ကြောင်း HIV အရေး ဆောင်ရွက်နေသူ မဖြူဖြူသင်းက ပြောကြားသည်။

ပြည်တွင်း အန်ဂျီအိုများစွာမှ ART (ARV) ဆေးဝါးများ ဖြန့်ဝေမပေးနိုင်တော့ခြင်း၊ မီးလောင် မင်္ဂလာဈေး၏ လတ်တလော ဆေးဈေးကွက် ပျက်သွားခြင်းတို့ကြောင့် HIV အပါအ၀င် ၎င်းနှင့် ဆက်စပ်ဆေးဝါးများ တန်ဖိုးမြင့်တက်လာက ငွေအကုန်အကျ ပိုမိုများလာသည့်အတွက် ART ဆေးဝါးများ ဆက်လက်ဖြန့်ဝေရန် အခက်အခဲ ရှိလာခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“ကျမတို့က ဆေးယူထား၊ အလှူရှင် ရလာရင် ငွေသွားရှင်း၊ အဲလိုရှိတယ်။ အခု ဆေးပစ္စည်းတွေ မီးလောင်ဆုံးရှုံးကုန်တော့ သူတို့လည်း ဆိုင်တွေကို အသစ်ကနေ ပြန်စနေရတယ်။ ART ကို တခြားဆိုင်တွေမှာ လက်လီဝယ်ယူဖို့ကျတော့ ကျမတို့ ငွေလက်ငင်း မတတ်နိုင်ဘူးဖြစ်နေတယ်” ဟု မဖြူဖြူသင်းက ပြောသည်။

HIV/AIDS ဝေဒနာရှင်များ သောက်သုံးရသည့် ART (ARV) ဆေးများကို ပြင်ပဆေးဆိုင်များမှ ၀ယ်ယူပါက တလစာ (ပျမ်းမျှ) (၃၀,၀၀၀) မှ (၃၅,၀၀၀) ကျပ် ၀န်းကျင်ခန့်ရှိကြောင်း၊ ထို့ပြင် HIV/AIDS နှင့် ဆက်စပ်နေသော အခြားရောဂါများအတွက် ကာကွယ်ဆေးများဖြစ်သော Forcan, Septrim, Imodium ဆေးများ၊ ပိုးသတ်ဆေးများ၊ ၀မ်းပျက်ဝမ်းလျှောအတွက် ဓာတ်ဆားထုပ်များပါမကျန် ယခင်ထက် ဈေးတက်နေသည့်အတွက် ဆေးဝါးဝယ်ယူမှုစရိတ် ပျမ်းမျှ လစဉ် (၂၀-၂၅) သိန်းခန့် ကုန်ကျနေကာ ဆက်လက်ဝယ်ယူနိုင်ရန် ငွေကြေးအခက်အခဲ ရှိနေသည်ဟု သိရသည်။

“သဇင် ဆေးခန်းကြီး အပါအ၀င် အန်ဂျီအိုတွေအနေနဲ့ HIV လူနာသစ်တွေကို သွေးစစ်ပေးရုံကလွဲလို့ ART လုံးဝ မပေးနိုင်တော့ဘူး။ အရင်က အန်ဂျီအို အတော်များများ (မှို၊ ရေယုန်၊ ၀မ်းပျက်ဝမ်းလျှော စတဲ့ အခြား အခွင့်အရေးယူရောဂါ) (OI) ဆေးတွေ ပေးနိုင်သေးတယ်။ အခု သူတို့ဆီမှာ OI တောင်ပြတ်နေပြီ။ အန်ဂျီအိုတွေမှာ ခုလို ART ရော၊ OI ရော ပြတ်နေတော့ ကျမတို့ဆီကို လူနာတွေ ပိုတိုးဝင်နေတယ်” ဟု လည်း မဖြူဖြူသင်းက ပြည်တွင်း အန်ဂျီအိုအဖွဲ့အစည်းများ၏ လက်ရှိရပ်တည်မှုကို ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင်လုပ်ကိုင်နေသူ မဖြူဖြူသင်းက ၎င်းတို့အနေဖြင့် လက်ရှိတွင် လူနာ (၁၀၀) ဦးခန့်အား ART ဆေး လစဉ် ပေးဝေနေရပြီး OI အဆင့် လူနာသစ်များလည်း (၃-၄) ဦးမျှ နေ့စဉ် ရောက်ရှိနေသည့်အတွက် နယ်လူနာ (၁၀၀) ခန့်ကို တောင်ဒဂုံ (၁၈) ရပ်ကွက်၌ (၂) အိမ်၊ မြောက်ဒဂုံ၌ (၂) အိမ် စုစည်းနေထိုင်စေကာ ART, TB, OI ဆေးများသာမက ၀မ်းရေးအခက်အခဲကိုလည်း တတ်နိုင်သမျှ ဖြေရှင်းပေးနေရသည်ဟု ပြောဆိုသည်။

“လတ်တလော အခက်အခဲအရ လူနာနဲ့ ကျမတို့ ငွေကြေး တယောက်တ၀က် ကျခံစေတဲ့ ပုံစံမျိုး၊ လူနာအချင်းချင်း ART လှည့်ပေးနေရတဲ့ ပုံစံမျိုးတွေ လုပ်နေရတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရ စားဖို့တောင် အနိုင်နိုင်ဆိုတော့ ဆေးဝါးကို အပြင်ဈေးနဲ့ ၀ယ်သုံးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အများစုကို အခမဲ့ ပေးဝေနေရတယ်။ လူနာတွေ ဆေးပြတ်ရင် အသက်တိုလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ပြည်တွင်း အန်ဂျီအိုများသည် 3D Funds, Global Funds တို့မှ ပေးဝေသော ART ဆေးများဖြင့်သာ ရပ်တည်နေရကြောင်း၊ လာမည့် ၂၀၁၁ တွင် Global Funds မှ မြန်မာပြည်တွင်းသို့ ART အလုံအလောက် ဖြန့်ဝေမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် များစွာ မျှော်လင့်နေရကြောင်း မဖြူဖြူသင်းက ပြောသည်။

၎င်းက “HIV လူနာတွေအတွက် အရေးပေါ် ငွေကြေးလိုအပ်နေပါတယ်။ ဒါကြောင့် နိုင်ငံတကာက ဖြစ်စေ၊ တရားမ၀င် ငွေကြေးဖြစ်စေ၊ ဘယ်အဖွဲ့အစည်းက လှူလှူ အားလုံးကို လက်ခံမယ်။ ဒီနည်းပဲ ရှိတော့တယ်။ အဲလိုလုပ်လို့ ပြဿနာ တစုံတရာ ရှိလာရင် ကျမ ဖြေရှင်းမယ်။ HIV လူနာတွေကို ART ဆေးဖြန့်ဝေလို့ ထောင်ချမယ်ဆိုလည်း ကျမခံမယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မင်္ဂလာဒုံဆေးရုံနှင့် ဝေဘာဂီဆေးရုံတို့တွင်လည်း ဆေးမပေးနိုင်သည့်အတွက် HIV/AIDS လူနာသစ်များကို လက်မခံတော့ကြောင်း၊ ဆေးပေးနေကျ လူနာဟောင်းများကို တလတကြိမ် ဆေးပေးသော်လည်း ရက်ချိန်းမမှန် ဖြစ်နေကြောင်း သိရသည်။

စစ်အစိုးရကမူ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းခဲ့သည်ဟု ၂၀၀၉ ခုနှစ် ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့တွင် ကြေညာခဲ့သော်လည်း အရေအတွက် အတိအကျကိုမူ ဖော်ပြခြင်းမရှိပေ။

Sunday, May 16, 2010

moemaka

1 comments
မသေချင်ကြသူများ
ဖြူဖြူသင်း
မေ ၁၆၊ ၂၀၁၀
[IMG_0218.JPG]
ကျမဆီကို ရောက်လာကြသူ တော်တော်များများပဲ မသေချင်ကြပါဘူး။ ဒါလည်း အထူးအဆန်း မဟုတ်ပါဘူး။ ဘယ်လူမျိုးမဆို မသေချင်ကြတာ မဆန်းဘူး ပြောရမလားပဲ။ ဒါပေမယ့် ကျမဆီ ရောက်လာပြီး မသေချင်ကြသူတွေကျတော့ တခြား မသေချင်သူတွေနဲ့ သိပ်မတူသလို ခံစားရပါတယ်။ သူတို့ မသေချင်ကြပုံတွေက ရှက်ရွံ နာကျည်းမှု တွေနဲ့ အတူ ရှင်သန်စဉ် ကျဆင်းခဲ့ရတဲ့ ဂုဏ်သိက္ခာတွေ အတွက် နောင်တတွေနဲ့ ရောပြွမ်းနေတယ် လို့ ကျမစိတ် ထဲမှာ ထူးထူး ဆန်းဆန်း ခံစားနေရတာပါ။ ပထမဆုံး မကွေးက ရောက်လာတဲ့ ညီအစ်ကို နှစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။
ညီအစ်ကို နှစ်ယောက်က အကြီးဆုံးနဲ့ အငယ်ဆုံး ဆိုတော့ သားအဖတွေလို ဖြစ်နေတာပါ။ ညီဖြစ်သူက ပက်လက် ကလေးနဲ့ ဆေးရုံ တက်ရပါတယ်။ ထုံးစံအတိုင်း လူနာစောင့်က လွဲလို့ ကျန်တာ ကျမ စိုက်ထုတ် ကျခံရပါတယ်။ ဒီကလေးက ၄ လ လောက် အတွင်းမှာ ကံကောင်း ထောက်မစွာနဲ့ ဆေးသောက်ရတယ်။ မြန်မာပြည်မှာက သိတဲ့အတိုင်း အေအာတီဆေးက ဝေဒနာသည်တိုင်း မရပါဘူး။ သူက ဆေးသောက်ပြီးတော့ တဖြည်းဖြည်း ပြန်လည် ကျန်းမာလာပါတယ်။ ခုထက်ထိလည်း ကျန်းမာနေတုန်းပါပဲ။
ဒီကလေး ထူထူထောင်ထောင် ဖြစ်လာချိန်မှာ အစ်ကိုဖြစ်သူက သူ မကွေးပြန်ပြီးတော့ ငွေအနည်းငယ် ရှာလိုကြောင်း ပြောပါတယ်။ ကျမကို အားနာလာတယ် ထင်ပါရဲ့။ ကျမကလည်း သူ့ ညီလေး ကျန်းမာရေးက စိတ်ချရတဲ့ အခြေအနေမို့ ပြန်လွှတ်လိုက်ပါတယ်။
ဒါပေမယ့် တလလည်း ပြန်မလာ၊ နှစ်လလည်း ပြန်မလာ ဖြစ်လာလို့ ကောင်လေးကို မေးပြီးတော့ ဖုန်းနံပါတ် တောင်းတော့လည်း ဖုန်းက မရှိ၊ ဒါနဲ့ လိပ်စာ တောင်းပြီး မကွေးက အဖွဲ့ဝင်တွေကနေ တဆင့် စုံစမ်းခိုင်းတော့ လွန်ခဲ့တဲ့ တလကျော်ကပဲ ဆိုက်ကား နင်းနေတုန်း အဝေးပြေး ကားတစီးနဲ့ တိုက်မိပြီး ကွယ်လွန်သွားပြီလို့ ဆိုပါတယ်။
သေခြင်းတရားဟာ ထူးဆန်းတဲ့အရာ မဟုတ်ပေမယ့် ဒီတယောက် ကွယ်လွန်တဲ့ အခါမှာတော့ အံ့သြရပါတယ်။ အမှန်တကယ် သေရမှာက သေကောင် ပေါင်းလဲ ဖြစ်နေတဲ့ ရောဂါသည် ညီငယ်။ ဒါပေမယ့် ဘာရောဂါမှလည်း မရှိသူ၊ သူ့ကိုယ်သူ အပါအ၀င် ကျမတို့ အားလုံး ထင်မှတ် မထားတဲ့ အစ်ကို ဖြစ်တဲ့လူက မမျှော်လင့်ဘဲ သေပါရောလား။
နောက်တယောက်က ကျောက်ပန်းတောင်းနယ်ကပါ။ အသက် ၅၈ နှစ် ရှိပါပြီ။ သူ ရောဂါ ဖြစ်ပုံကလည်း မထူးဆန်းပါဘူး။ သွေးသွင်းရာက ဖြစ်တာပါ။ သူက အသက်ကလည်း ကြီးတော့ ကျမလည်း အတော်လေး ဂရုတစိုက် ပြုစုပေးပါတယ်။ သူ့ကို အားလုံးက အမေမြိုင် လို့ပဲ ခေါ်ကြပါတယ်။ ကျမလည်း အဲ့ဒီလိုပဲ ခေါ်ပါတယ်။ သူက အသက်ကြီးတာက တကြောင်း၊ ရောဂါကြောင့် ရှက်တာက တကြောင်း ဖြစ်မယ် ထင်တယ် ဘယ်သွားသွား တဘက်ကြီး ခေါင်းပေါ် ခြုံပြီးတော့မှ အပြင် ထွက်ပါတယ်။ သူတို့ အညာဓလေ့အရ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ပြောမရတာနဲ့ ကျမလည်း ဒီအတိုင်းပဲ သွားလေရာ ခေါ်သွားရတယ်။ သူ ရန်ကုန်မှာနေတော့ ကျမက ယုဇနအိမ်ယာမှာ အိမ်ခန်း ငှားထားပေးတာပါ။ သူနဲ့ အတူနေတဲ့ သူတွေလည်း ရှိပါတယ်။
သူ့ခံနိုင်ရည်ကလည်း ကြောက်စရာ ကောင်းလှတယ်။ သူ ရန်ကုန်မှာ နေစဉ် သုံးလလောက် အတွင်းမှာပဲ ပြန်လည် ကျန်းမာလာပါတယ်။ အေအာတီဆေးလည်း အမြန် သောက်ရတယ်။ တခြားလူတွေလို စောင့်စရာ မလိုဘူး။ သူ ပြန်လည် ကျန်းမာလာတော့လည်း အသက်အရွယ်နဲ့ မလိုက်အောင် ခံနိုင်ရည် ရှိတာ တွေ့ရပါတယ်။ ဒါနဲ့ သူ တရက်ကျတော့ သားသမီး မြေးများနဲ့ ပြန်တွေ့မယ် ဆိုပြီး ကျမကို လာနှုတ်ဆက်ပါတယ်။ သူ့အခြေအနေက ပြောစရာ မရှိအောင် ကောင်းမွန်နေတော့ ကျမကလည်း ပြန်ပါလို့ ပြောလိုက်ပါတယ်။
သူ ကျမကို လာနှုတ်ဆက်ပြီး ပြန်သွားတဲ့ ညမှာပဲ သူနဲ့ အတူနေတဲ့ ၄ ယောက်ထဲက ၁ ယောက်က ဖုန်းဆက်လာပါတယ်၊ အမေမြိုင် တယောက် ဗိုက်အောင့်တယ်၊ ပြောနေတယ် ဆိုတော့ ကျမလည်း သာမန် ဗိုက်အောင့်တယ် လောက်ပဲ ထင်ပြီးတော့ အနီးစပ်ဆုံး ဆေးခန်း ပြလိုက်ပါ လို့ ပြောလိုက်ပါတယ်။
၁၂ နာရီလောက် ကျတော့ ဖုန်းထပ်လာ ပါတယ်။ အမေမြိုင် တယောက် ဆေးရုံကြီး အရေးပေါ် ရောက်နေတယ်၊ အရေးတကြီး ဖြစ်နေတယ် ပြောတော့ ကျမလည်း ကားငှားပြီးလိုက်ရပါတယ်။ ဆေးရုံကြီးရောက်တော့ အမေမြိုင်က ပူတယ်ချည်း အော်နေတော့ ကျမလည်း ယပ်တောင် ထိုင်ခတ်ပေးနေရုံက လွဲပြီး ဘာမှ လုပ်မပေးတတ်ဘူး ဖြစ်နေတာပါ။ မနက်ကျတော့ လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ရပါတယ်။ နောက်တရက်မှာ ဗိုက်ခွဲရမယ်လို့ မှတ်ချက်ပြုပါတယ် ကျမလည်းသူ့ ဘေးနားနေပြီး တချိန်လုံး လိုအပ်တာတွေ လုပ်ပေးနေပြီး အိမ်မပြန်ဖြစ်ပါဘူး။ နောက်တရက် ခွဲစိတ်ခန်း သွင်းပါတယ်။ အဆင်မပြေပါဘူး။ အတွင်းမှာ အစာအိမ် ကင်ဆာဆဲလ်တွေက ဘယ်လိုမှ ဖြတ်ထုတ်လို့ မရအောင် ပျံ့နေပြီလို့ ဆရာဝန်တွေက ပြောပါတယ်။ ဆေးရုံမှာ အမေမြိုင် တယောက် ညည်းညူနေရင်း ကျမလက်ပေါ်မှာပဲ အသက်ပျောက်သွားပါတယ်။ ကျမအနေနဲ့ သေခြင်းတရားကို ဒုတိယအကြိမ် ထူးဆန်းစွာ ခံစားလိုက်ရတာပါ။
နောက်တယောက်က သန်လျင်ဘက်ကပါ။ ကိုထွန်းစိန် ဆိုသူ ကားနောက်လိုက်တယောက်။ မျက်လုံး တဘက်က ဖန်မျက်လုံး တပ်ထားရပါတယ်။ ကျမဆီလာတော့ အသိ တယောက်က လိုက်ပို့တာပါ။ မိသားစုက ပစ်ပယ်ထားတာလည်း လ အနည်းငယ် ကြာနေပါပြီ။ ဒီတော့ စိတ်ဓာတ်ကျနေတာကော၊ စိတ်မကောင်းဖြစ်နေတာကော ပေါင်းပြီးတော့ လူက အတော်လေး ကျနေပါပြီ။ သူက တီဘီလည်း ဖြစ်နေလို့ ဒီလောက် ကျနေတာပါ။ ဒီတော့ တီဘီဆေး ၂ လ စားပြီးတဲ့အခါမှာ သူ လူကောင်း ပကတိ နီးပါး ပြန်ဖြစ်လာပြီးတော့ ၀ဖြိုး စိုပြေလာပါတယ်။ တီဘီဆေး သုံးလ သောက်ပြီးတော့ ကျမဆီ တခါ ထပ်ရောက်လာပါတယ်။ သူ ကားပြန်လိုက်နေပြီး မိသားစုကလည်း ပြန်လက်ခံပြီ ဖြစ်ကြောင်း ၀မ်းသာ အားရ လာပြောရှာတာပါ။
နောက် ၄ ရက် အကြာမှာတော့ ကျမဆီ နာရေး ဖိတ်စာ တစောင် ရောက်လာတယ်၊ ကိုထွန်းစိန် ကွယ်လွန်ရှာပြီ တဲ့။ ကျမလည်း မေးကြည့်ပါတယ် ရောဂါက ပြန်သက်သာလာပြီ မဟုတ်လား ဆိုတော့ ရောဂါကြောင့် သေတာ မဟုတ်ဘူး တဲ့။ ကားနောက် လိုက်နေရင်း ကားက မြေပြိုတဲ့ အထဲ ပါသွားလို့ လူလည်း တစစီ ဖြစ်ပြီးတော့ အလောင်းတောင် မနည်း ပြန်မှတ်မိအောင် ဆက်ထားရတယ် ဆိုတဲ့ အကြောင်း ပြောပြပါတယ်။ ကျမ တော်တော်လေး အံ့သြ ၀မ်းနည်းမိပါတယ်။
မွေးဖွားရာကနေ သေဆုံးမယ် ဆိုတဲ့ သစ္စာတရားကို ကျမ အပြည့်အ၀ လက်ခံပါတယ်။ ဒါပေမယ့် ထင်မှတ်ထားသလို မဟုတ်ဘဲ မမျှော်လင့်တဲ့ ပုံစံတွေနဲ့ သေသွား ရရှာတဲ့ ကျမ လူနာတွေ၊ လူနာစောင့်တွေ ကောင်းရာ သုဂတိ လားပါစေ လို့ ဆုတောင်းပေးရုံက လွဲပြီး ကျမအနေနဲ့ ဘာမှ မတတ်နိုင်သလို ဒီလို အဖြစ်မျိုးတွေ ထပ်မံ မကြုံတွေ့ချင်တော့ပါဘူး။

Monday, April 5, 2010

article in Irrawaddy

0 comments
အပြုအမူ ပြောင်းလဲသွားသူ ၂ ဦး
ဖြူဖြူသင်း Monday, April 05, 2010

မူရင်း - http://irrawaddy.org/bur/index.php/articles/2-articles/2939-2010-04-05-07-01-12

ကျမတို့ဆီ လာရောက် ဆက်သွယ် ဆေးကုသ ကြသူတွေဟာ နယ်အသီးသီးက လာတာ များပါတယ်။ လူနာတွေ နေတဲ့နေရာကို လူသစ် ရောက်လာတယ် ဆိုရင်တော့ သူတို့အချင်းချင်း နာမည်ရင်းကို မခေါ်ဘဲ သူတို့ လာရာ ဒေသကို အစွဲပြုပြီး ဖျာပုံ၊ သာပေါင်း၊ ဒေးဒရဲ၊ ပုပ္ပား အစရှိသဖြင့် ခေါ်ဝေါ်ကြပါတယ်။

တချို့ကိုတော့ သူတို့ အလုပ် အကိုင်ကို အစွဲပြုပြီးတော့ အမည်ပေး ကင်ပွန်း တပ်ပါတယ်။ ဥပမာ တပ်ထဲက လာတဲ့ အရာခံ တယောက်ကို နာမည်တပ် မခေါ်ဘဲ ရဲဘော်ကြီး ဆိုပြီး ခေါ်သလို ကျောက်ပန်းတောင်း ဘက်က ရဲဝန်ထမ်းကို ရဲပြုတ်၊ ရဲပြုတ်နဲ့ ခေါ် နေကြလို့ ဒီလို မခေါ်ဘဲ ရဲဟောင်းလို့ ခေါ်ပါဆိုပြီး ကျမက သင်ပေးရပါတယ်။

ဒါပေမယ့်သူက “ရဲက ပြုတ်တာလည်း မဟုတ်ဘူး၊ အဟောင်းလည်း မဟုတ်ဘူး ရဲဘ၀ကို မလိုချင်လို့ ကျော်လာတာ၊ ကျနော့်ကို ရဲကျော်လို့ ခေါ်ပါ” ဆိုပြီး ပြောပါတယ်။ ဒါနဲ့ပဲ သူ့နာမည်က ရဲကျော် ဖြစ်သွားပါတယ်။

ရဲကျော် ဆိုတဲ့ ဒီကလေး ရန်ကုန် လာပြီးတော့ ဆေးဝါးကုသတုန်းက ကျောက်ပန်းတောင်းမြို့က အဖွဲ့ဝင်များက ကျမကို အထူး သတိပေးပါတယ်၊ ဒီကလေးဟာ လူမိုက်ဖြစ်ပြီးတော့ အတော်လေး ဆိုးသွမ်းတယ်၊ လူရိုက်တယ်၊ မြို့လယ်ခေါင်မှာတောင် ငှက်ကြီးတောင်ဓား လွယ်ပြီးတော့ မိုက်တိမိုက်ကန်း လုပ်လို့ အချုပ် ခဏခဏ ကျတယ်၊ ရဲသား ဘ၀မှာလည်း သူနဲ့ ဆက်စပ်ရာ ပတ်ဝန်းကျင်ကို အတော်လေး ဒုက္ခပေးတယ် ဆိုတဲ့ အကြောင်း ပြောပြကြပါတယ်။

ကျမဆီ စတင် ရောက်လာစဉ်ကတော့ တီဘီဆေး ပထမအဆင့် ယဉ်ပါးနေပြီးတော့ ပက်လက်လှန်ပြီး ရောက်လာတာပါ။ မိတ်ဆွေများ သတိပေးသလိုပဲ အင်မတန် ရိုင်းစိုင်းပါတယ်။ လူကသာ ပက်လက်လှန်နေတာပါ၊ ဘ၀တူတွေကို မစာနာပါဘူး။ ဆဲဆိုလိုက်၊ ကြိမ်းမောင်းလိုက် လုပ်နေတာပါ။ သူလည်း တီဘီဆေး မတည့်တဲ့ စာရင်းမှာ ပါပါတယ်။ ဒါ့ကြောင့် ဒေါသ ပိုကြီးနေသလား ဒါမှမဟုတ် မူလ ကတည်းကပဲ ရိုင်းစိုင်းသလား ဆိုတာတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ဒဂုံမြို့သစ် တောင်ပိုင်းမှာ ကျမ မိသားစုက လူနာတွေ အတွက် ပေးထားတဲ့ အိမ်တလုံးမှာ ရဲကျော်က နေပါတယ်။ ခုချိန်ထိ လူနာတွေ အများအပြား အဲဒီမှာ ခိုလှုံနေကြပါတယ်။ တောင်ဒဂုံ ၁၈ ရပ်ကွက်မှာ ရှိတဲ့အိမ် ဖြစ်လို့ လူနာတွေ ကြားထဲမှာတော့ ၁၈ အိမ်ရယ်လို့ လူသိများပါတယ်။

အဲ့ဒီအိမ်က လူနာတွေဟာ ကျမကို လာလာတိုင်ပါတယ်၊ ရဲကျော်က ဘယ်လို ဆဲကြောင်း၊ ဘယ်လို မိုက်ရိုင်းကြောင်း အစရှိသဖြင့် ပြောပါတယ်။ ကျမလည်း သူ့ကို အိမ်ခေါ်ပြီး အေးအေးသက်သာ ဆုံးမပါတယ်။ ထုံးစံအတိုင်း ကျမရှေ့မှာ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ပါပဲ။ ကွယ်ရာမှာတော့ ဆိုးမြဲ ဆိုးပါတယ်။ ကျမကို ကူညီနေတဲ့ လူငယ်တွေကဆို “ဒီကောင် သေချင် သေပါစေ၊ ပြန်လွှတ်ပစ်လိုက်” ဆိုပြီး ပြောတာတောင် ရှိပါတယ်။ ဒါပေမယ့် ကျမ စိတ်ရှည်ခဲ့ပါတယ်။

နောက်ဆုံးတော့ ကျမ သူ့ကို နာမည်ကျော် မဂ္ဂင်ကျောင်းမှာ ကိုရင်ကြီး ၀တ်ဖို့ စီစဉ်ပေးလိုက်ပါတယ်။ လူ့စိတ်က ဆန်းကျယ်တယ် ဆိုတာ ကျမ လက်တွေ့ သိလိုက်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုရင်ကြီး ၀တ်ပေးပြီးတော့ သူဟာ တကယ့်ကို သိမ်မွေ့သွားလို့ပါ။ တခုခု လိမ်ချင်လို့များ လိမ်မာချင် ယောင်ဆောင်နေတာလား လို့တောင် သူ့မိသားစုက ထင်ကြပါတယ်။ ဒါပေမယ့် ၂နှစ် အတွင်း သူ ကွမ်းယာ ပြန်စားတာက လွဲပြီး ကျန်တာတွေ မလုပ်တော့ပါဘူး။ တရား သဘောတွေ၊ ဘာတွေကို နားလည်လို့တော့ မဟုတ်ပါဘူး တဲ့၊ လူတယောက် ကျင့်ဝတ် ဆိုတာကို သူ နားလည်သွားလို့ပါ တဲ့။

ကျမလည်း ခုထက်ထိ ဒီကလေး အကြောင်း ကြားလိုက်ရင် ကောင်းကြောင်းချည်းပဲ ကြားပါတော့တယ်။ ရဲကျော်က ဘယ်လူနာကို ဘယ်လို ကူညီတာ၊ ဘယ်လို ပြုစု စောင့်ရှောက်ပေးတာ ဆိုတာချည်းပဲ ကြားရတော့ သူ တကယ် ပြောင်းလဲသွားပြီ ဆိုပြီးတော့ ခုချိန်ထိ ၀မ်းသာတုန်းပါပဲ။

နောက်တယောက်က သာပေါင်းမြို့က လာလို့ သာပေါင်းလို့ အလွယ် ခေါ်ကြပါတယ်။ ဒီကလေးကျတော့ လိုချင်လောဘ များတယ် ပြောရမလား၊ ဘယ်လိုပြောရမယ် မသိပါဘူး၊ အတော် များများကတော့ ဒီကလေးရဲ့ အပြုအမူကို မကြိုက်ကြပါဘူး။ ဥပမာ သူက ဘယ်သူ ဟင်းကောင်းချက်သလဲ ကြည့်ပြီးတော့ အဲ့ဒီ ဟင်းကောင်းချက်တဲ့လူ စားမယ့်အချိန်ကို စောင့်တတ်တယ်၊ အဲ့ဒီလူတွေ စားတော့ သူပါ ထမင်းခူးပြီး ရောစား အစရှိသဖြင့် လုပ်တတ်ပါတယ်။

နောက်ထပ်တခုက ကျမ အဲ့ဒီကို သွားရင် အမြဲပဲ သူ့ကို အိပ်နေတာပဲ မြင်တယ်။ ကျမကတော့ သူ မသက်သာလို့ ထင်ပြီး မုန့်ဖိုး ပေးရင်လည်း သူ့ကိုပဲ များများပေးတာပေါ့။ နောက်ပိုင်းမှာတော့ တခြား လူတွေနဲ့ အဲ့ဒီမှာ နေနေတဲ့ ကျမတို့ အဖွဲ့ဝင် ကိုရာဇာ ကိုယ်တိုင် ပြောပြတယ်၊ ဒီကလေးက ကျမ မလာဘူး ဆိုရင်တော့ ပုံမှန် သွားလာနေတာပါပဲ တဲ့။ ကျမ ရောက်လာပြီး ဟိုလူ့ နှုတ်ဆက်၊ ဒီလူ့ နှုတ်ဆက် လုပ်နေပြီဆိုရင် သူက ကြုံတဲ့နေရာ အိပ်ချလိုက်တာပါပဲ တဲ့။ ကျမလည်း နောက်တော့ သတိ ထားမိသွားပါတယ်။

သူ့ကို ဘယ်လို ဆုံးမရမလဲ ဆိုတာ စဉ်းစားနေတုန်း နောက်ရက်တွေမှာ သူ အတော်လေး ပြောင်းလဲသွားပါတယ်၊ မရှိ ရှိတာနဲ့ စားတယ်၊ နောက် သူတပါးကိုလည်း တော်တော်လေး ကူညီလာတာ တွေ့တော့ ကျမ အံ့သြသွားပါတယ်။ ရက်ပိုင်းအတွင်း ပြောင်းလဲသွားတာ ဆိုတော့ ကျမလည်း သိပ်တောင် မယုံချင်ဘူး။ သူ့ကိုလည်း မေးမကြည့်မိဘူး။

လူတိုင်းကလည်း “သာပေါင်း၊ သာပေါင်း” ဖြစ်လာပါတယ်။ အယင်ကလည်း ဖြစ်တာပါပဲ၊ ဒါပေမယ့် ဆဲဆိုပြီးတော့ ဖြစ်တာပါ။ ခုဖြစ်တာကျတော့ ချစ်လို့ တမ်းတတာပါ။ ဒီကလေး ပြန်မယ် ဆိုရင် လမ်းစရိတ် စုပေးတာမျိုးက အစ လုပ်ပြီးတော့ တော်တော်လေးကို ချစ်ခင်သွားတာ တွေ့ရတော့ ဘယ်လိုများ စည်းရုံးထားသလဲတောင် စဉ်းစားမိပါတယ်။ တခြားလူတွေကလည်း သာပေါင်း ပြောင်းလဲသွားတာတော့ သိတယ်၊ ဘယ်လို ပြောင်းလဲသွားသလဲ ဆိုတာ ကျမကို မပြောပြတတ်ကြပါဘူး။

နောက်ဆုံးတော့ ကျမ မနေနိုင်ဘူး၊ မေးကြည့်လိုက်တော့မှ သူက “ကျနော်က အရင် အဲ့ဒီလို လုပ်နေတာ လိုချင် လောဘလည်း ပါပါတယ်၊ ရောဂါ သည်းနေတာလည်း ပါတယ်။ ဒါပေမယ့် ကျနော့်ကို ကိုရာဇာက တရက် ခေါ်ပြောပါတယ်၊ ဟေ့ယောင် - ငါအမုန်းဆုံးက လူတွေရဲ့ ကရုဏာတရားကို လိမ်လည်တာကိုပဲ။ မင်းက အဲ့ဒီလို လုပ်နေတာ ကြာပြီ။ ဒီတော့ ပြင်ရင် ပြင်၊ မပြင်ရင်တော့ မင်းကို ငါ စကား မပြောတော့ဘူး၊ မင်းဖာသာ နေချင်သလို နေလို့ ပြောတော့ ကျနော်လည်း စဉ်းစားရင်း ရှက်လာတယ်။ နောက် - မျက်ရည်လည်း ကျမိတယ်” တဲ့။

အရင်တုန်းက ကိုရာဇာက သူ့ကို ဘာတခုမှ မပြောတာဟာ အကြောင်း မသိလို့ မဟုတ်ဘဲ သူ ဘယ်အချိန် ပြုပြင် ပြောင်းလဲသွားမလဲ ဆိုပြီး စောင့်ကြည့်နေတာကို သိလိုက်ရလို့ လိပ်ပြာမလုံ ဖြစ်သွားတယ်လို့ ဆိုပါတယ်။

“အဲ့ဒီ အချိန်က စပြီးတော့ ကျနော့်ကိုယ် ကျနော် မေးခွန်းထုတ်တယ်၊ လူဆိုတာ ဘာလဲပေါ့။ ငါလည်း သေမယ်၊ သူလည်း သေမယ်၊ နေရတုန်း လူတွေ မုန်းတာ ခံမလား၊ ဒါမှမဟုတ် တခြား လူတွေကို ကူညီပြီးတော့ အသက် ရှင်မလား ဆိုပြီး စဉ်းစားတယ်။ ပြီးတော့ လူပီသအောင် နေလိုက်တာပါ” တဲ့။ သူရှင်းပြတာကို ကြားလိုက်ရတဲ့ ကျမ အံ့သြပြီးတော့ သူ့ကို လေးစားသွားပါတယ်။

လူနာတွေက ကျမကို ချစ်ကြပြီးတော့ ပြတ်ပြတ်သားသား ပြောတတ်ကြတဲ့ ကျမတို့ အဖွဲ့ထဲက ကိုရာဇာ၊ ကိုသန်းထိုက်အောင်တို့ကို ကြောက်ကြပါတယ်။

အပြုအမူ လုံးဝ ပြောင်းလဲသွားတဲ့ သာပေါင်းက ပြောပါသေးတယ် “ကျနော်က ကိုရာဇာ့ကို အစ်ကို တယောက်လိုလည်း ချစ်တယ်၊ လေးလည်း လေးစားပါတယ်” တဲ့။

ကျမတို့ အဖွဲ့ရဲ့ အောင်မြင်မှုလေးတခု ဖြစ်တဲ့ ဒီဖြစ်ရပ်ကလေးကို ကြည်နူးစဖွယ် အမြဲတမ်း သတိရမိနေမှာပါ။ တကယ် ပြောင်းလဲသွားတဲ့ ဒီကလေး နှစ်ယောက်လည်း ကျန်းမာစွာနဲ့ လူ့သက်တမ်းစေ့စေ့ နေထိုင်နိုင်ပါစေ၊ တခြားသူများကို ကူညီပေးနေသူတွေ ဖြစ်ကြပါစေလို့ ကျမ ဆုတောင်းလိုက်ပါတယ်။