Wednesday, August 1, 2007
တောင်ကိုရီးယားဓားစာခံများ လွတ်မြောက်ရေးအတွက်ပါ ဆုတောင်း
ဉာဏ်မောင်။ ရိုးမ ၃။
သြဂုတ် ၁၊ ၂၀၀၇
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်းသူများက အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ ဖမ်းဆီးထားသည့် တောင်ကိုရီးယားဓားစာခံများ လွတ်မြောက်ရေးအတွက်ပါ ယနေ့ ၀တ်ပြုဆုတောင်းခဲ့ကြသည်။
အင်္ဂါနေ့တိုင်းဝတ်ပြုဆုတောင်းနေသည့် (NLD)ပါတီဝင်များက ယခုလ (၁၉) ရက်နေ့က တာလီဘန်များ ထိန်းသိမ်းခံထားရသည့် တောင်ကိုရီးယားမှ ကျန်ရှိနေသည့် ဓါးစားခံ (၂၁)ဦး လွတ်မြောက်ရေးအတွက်ပါ ဆုတောင်းခဲ့ကြခြင်းဖြစ်သည်။
ခရီသည်တင်ဘတ်(စ်)ကားပေါ်မှ တောင်ကိုရီးယားဓားစာခံ (၂၃)ဦးကို တာလီဘန်များက ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က ဓါးစာခံနှစ်ဦးမြောက်ကို သတ်ဖြတ်ခဲ့ပြီးနောက် မြန်မာ ဒီမိုကရေစီရေးလှုပ်ရှားနေသူ (၂၀) က ၄င်းတို့ လွတ်မြောက်ရေးအတွက်ပါ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ဆုတောင်းကြသလို တောင်ကိုးရီးယား ဓားစာခံများ အမြန်ဆုံး လွတ်မြောက်ရေးအတွက်ပါ ကျွန်မတို့ ဆုတောင်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ် ဆုတောင်းလာတာ ယခု (၁၆၁)ပတ် ရှိပြီ”ဟု နော်အုန်းလှမှ ပြောသည်။
နှစ်ပေါင်း (၁၉)နှစ်ခန့် သံတမန်အဆက်အသွယ်ဖြတ်တောက်ထားရာမှ ယခုနှစ် ဧပြီလအတွင်း မြောက်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး မစ္စတာကင်ယုံအီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ခဲ့ပြီးနောက် ယနေ့တွင် စစ်အစိုးရက တရုတ်ပြည်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသိန်းလွင်အား မြောက်ကိုရီးယားသံအမတ်အဖြစ် ခန့်အပ်လိုက်သည်။
ပြုံယမ်းရှိ ကွန်မြူနစ်ပါတီထုတ်ပြန်ကြေညာချက်အရ နှစ်နိုင်ငံကြား သံအမတ်ကြီးအဆင့် သံတမန်အဆက်အသွယ် ပြန်လည်တည်ဆောက်ရန် သဘောတူညီခဲ့ခြင်းသည် နှစ်နိုင်ငံစလုံး အတွက် အမျိုးသားအကျိုးစီးပွားကို ပြန်လည်တည်ဆောက်နိုင်မည့်အပြင် နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဖေါ်ပြထား သည်။
Authorities urge to complain of illegal incoming calls
ပြည်ပမှ တရားမ၀င် ဖုန်းခေါ်ဆိုမှုအတွက် တိုင်ကြားရန် နအဖ ၀န်ကြီးဌာနက တိုက်တွန်း
နန်းဒေ၀ီ / ဇူလိုင် ၃၁ ရက်၊ ၂၀၀၇ ခုနှစ်။
ပြည်ပ နိုင်ငံများမှ မြန်မာပြည်တွင်းသို့ ဖုန်းခေါ်ဆိုရာတွင် ပြည်တွင်း နံပါတ်များသာ ပေါ်နေသောကြောင့် ပြည်သူ့ ဘဏ္ဍာငွေ ဆုံးရှုံးနေသဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ ဖော်ထုတ် တိုင်ကြားပါရန် နအဖ ၀န်ကြီးဌာနက ယခုလ ၁၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် လိုက်သည်။
မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန်လိုက်သည့် အဆိုပါ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ကြေညာချက်တွင် ပြည်ပ အ၀င် ခေါ်ဆိုမှု (Incoming Call) များကို ပြည်ပ ကုမ္ပဏီ အချို့နှင့် ပူးပေါင်းပြီး တရားမ၀င် နည်းလမ်းများဖြင့် ပြည်တွင်းသို့ ပေးပို့ နေကြသဖြင့် ပြည်သူ့ ဘဏ္ဍာငွေ ဆုံးရှုံးသည့် အပြင် ပြည်ပအ၀င် ခေါ်ဆိုမှုများတွင် အသံ အရည်အသွေး ညံ့ဖျင်းမှုများ၊ ဖက်စ်၊ အီးမေးလ်များ အသုံးပြု၍ မရခြင်းများ ဖြစ်ပေါ်လျက် ရှိသည်ဟု ဖော်ပြ ထားသည်။
ရန်ကုန်ရှိ အင်တာနက်ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူ တဦးက “အခုလို လုပ်လိုက်တာကလည်း သူတို့ (ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ၀န်ကြီးဌာန) အိတ်ကပ်ထဲ အကုန်ဝင်တဲ့ ၀င်ငွေတွေ ရပ်တန့်စေတဲ့ အတွက်ပေါ့လေ၊ သူတို့အတွက် ထိခိုက်လို့ပေါ့” ဟု မဇ္ဈိမကို ပြောသည်။ ယခင်က ယင်းသို့ ပြည်ပအ၀င် ခေါ်ဆိုမှုများသည် မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနကို ဖြတ်သန်းရပြီး ဖြတ်သန်း ခေါ်ဆိုခ အဖြစ် တမိနစ်လျှင် အမေရိကန် ဒေါ်လာ ဒဿမ ၂၄ ဒေါ်လာ ပေးဆောင်ရသည်။ ယခုအခါ VOIP (Voice over Internet Protocol) မှတဆင့် ဖြတ်ကျော်ကာ တိုက်ရိုက် အ၀င် ခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီး ဈေးနှုန်း ချိုသာစွာ အချိန် ကြာမြင့်သည် အထိ စကား ပြောနိုင်သည့် အဆိုပါ ဆက်သွယ်ရေး လမ်းကြောင်း ပိတ်ပင်ခံရပါက ယခင် ဈေးနှုန်းအတိုင်း ပြန်လည် မြင့်တက်သွားမည် ဖြစ်သဖြင့် နိုင်ငံရပ်ခြားမှ မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများနှင့် ဆက်သွယ်မှု ထိခိုက်စေနိုင်သည်ဟု အင်တာနက် သုံးစွဲနေသူ ရန်ကုန် မြို့ခံတဦးကလည်း ပြောဆိုသည်။
သူက “မြန်မာ အစိုးရက သိသွားတော့ ပိတ်ချင် နေတာပေါ့။ တကယ်လို့ သူတို့ ပိတ်လိုက်ရင် သူတို့က လွဲပြီး ဘယ်သူတွေ အတွက်မှ ကောင်းကျိုး ဖြစ်စေမှာ မဟုတ်တော့ဘူး။ အရင်အတိုင်း ဈေးကြီး လာအုံးမယ့် အပြင် MPT (စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန) က ရမယ့် ၀င်ငွေတွေဟာ ၀န်ကြီးတွေဆီ ၀င်သွားမှာ။ ပြည်တွင်းက လူတွေအတွက် ပိုပြီး ဆိုးကျိုး ဖြစ်စေလိမ့်မယ်” ဟု ပြောသည်။
ကြေညာချက်တွင် ပြည်တွင်း နံပါတ်များဖြင့် ပြည်ပ ခေါ်ဆိုမှုများ ၀င်လာပါက ၎င်း` ပြည်တွင်း နံပါတ်များကို မှတ်သားပြီး မိမိ၏ မည်သည့် ဖုန်းနံပါတ်ကို မည်သည့် အချိန်တွင် မည်သည့် ပြည်တွင်း နံပါတ်ဖြင့် ပြည်ပ ခေါ်ဆိုမှုများ ခေါ်ဆိုသွားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ တိုင်ကြားရန် ဆက်လက် ဖော်ပြ ထားသည်။
လွန်ခဲ့သည့် နှစ်ပတ်ခန့်က အင်တာနက် လိုင်းမှတဆင့် ပြည်ပ နိုင်ငံများသို့ ဈေးနှုန်း ချိုသာစွာ တိုက်ရိုက် ခေါ်ဆိုနိုင်သည့် Mediaring Talk ကိုလည်း အစိုးရ အာဏာပိုင်များက ပိတ်ပစ်ခဲ့သေးသည်။
88 students complain of increased harassment
လူထုအား အသိပေးတိုင်တည်သွားမည်ဟုပြော
ချမ်းလွန် / NEJ/ ၁ သြဂုတ် ၂၀၀၇
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ၎င်းတို့အား ဆိုင်ကယ်စီး၍ လိုက်လံ နှောင့်ယှက်သူ လူစုများကို ဆက်လက် သည်းခံမည်မဟုတ်ပဲ နှောင့်ယှက်ခြိမ်းခြောက်ခံရသည့် နေရာတွင်ပင် ရပ်တန့်၍ လူထုအားအသိပေး ဟောပြောသွားမည်ဟု ယမန်နေ့က ထုတ်ဖော် ပြောကြားသည်။
၈၈ မျိုးဆက်ကျောင်းသားများ သွားသည့်နောက်သို့ ပြီးခဲ့သည့် မေလနှောင်းပိုင်းမှစ၍ ယခုအချိန်ထိ ဆိုင်ကယ်စီးလူစုများက ထက်ကြပ်မကွာ တကောက်ကောက်လိုက်၍ နှောင့်ယှက်နေကြောင်း၊ ထို့ပြင် နေအိမ်အနီးအနားသို့ လူအုပ်များဖြင့် လာရောက် စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုကိုကြီးက ပြောသည်။
၎င်းက “ကျနော်တို့ တယောက်ချင်းရဲ့ အိမ်အနီးအနား ပတ်ဝန်းကျင်တွေမှာ အင်အားအလွန်အကျွံ သုံးပြီးတော့ ဆိုင်ကယ်တွေနဲ့ လူအုပ်စုလိုက် စောင့်ကြပ်ကြည့်ရှုမှုတွေ ဒါတွေက တောက်လျှောက်ကို ဖြစ်နေတာ။ အဲလိုဖြစ်လာတော့ ကျနော်တို့အိမ်တွေကို လာတဲ့ မိသားစုတွေ ဆွေမျိုးသားချင်းတွေရဲ့ ကားလာရင် ကားနံပါတ်မှတ် လူတွေကို လိုက်ပြီးတော့ စစ်ဆေးတဲ့ပုံစံ မေးမြန်းတဲ့ ပုံစံကအစ ဖြစ် လာတော့ ကျနော်တို့ရဲ့လူမှုရေး အဆက်အသွယ်တွေပါ ထိခိုက်လာတဲ့ သဘောမျိုးဖြစ်လာတယ်” ဟု ပြောသည်။
ထို့ပြင် လမ်းလျှောက်၊ စက်ဘီးစီး၊ ကားစီးသည်မှအစ နောက်ကလိုက်၍ ဆိုးရွားစွာနှောင့်ယှက် ကြောင်း၊ ယင်းကိစ္စများကို သက်ဆိုင်ရာ အာဏာပိုင်များသို့ သတိပေးတိုင်ကြားသော်လည်း အရေးယူ ဖြေရှင်းပေးခြင်းမရှိသဖြင့် ယခုကဲ့သို့ နှောင့်ယှက်မှုများအား လူထုကို တရားဟော အသိပေးရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ကိုကိုကြီးက ပြောသည်။
၎င်းက “ကျနော်တို့ကို လိုက်နှောင့်ယှက်ရင် အဲဒီနှောင့်ယှက်တဲ့နေရာမှာ ကျနော်တို့ရပ်ပြီးတော့ အဲဒီသက်ဆိုင်ရာနယ်မြေက ပြည်သူတွေကို ကျနော်တို့အခုလိုအနှောင့်ယှက်ခံနေရတယ်ဆိုတဲ့ အကြောင်း၊ ဒီလိုမျိုးလိုက်ပြီး ခြိမ်းခြောက်နေတယ်ဆိုတဲ့အကြောင်းကို လူထုကိုတိုင်တည်မယ်၊ ဟောပြောမယ်၊ အဲဒီ နည်းနဲ့တုံ့ပြန်မယ်လို့ ကျနော်တို့ အသိပေးလိုက်တာပါ” ဟု ရှင်းပြသည်။
ကိုကိုကြီးက ၎င်းတို့အနေဖြင့် နှောင့်ယှက်ခြိမ်းခြောက် ခံနေရခြင်းများနှင့်ပက်သက်၍ ဥပဒေအရ အကာအကွယ် မရရှိကြောင်း၊ ယင်းကဲ့သို့ လူအုပ်များက လိုင်စင်မဲ့ဆိုင်ကယ်များ၊ ဆက်သွယ်ရေး စက်များကိုအသုံးပြုကာ ဥပဒေမဲ့ လိုက်လံနှောင့်ယှက်လာမှုကို ၎င်းတို့အနေဖြင့် ဆက်လက် သည်းညဉ်းမခံနိုင်တော့ကြောင်း ပြောသည်။
ထို့ပြင် နအဖအာဏာပိုင်များဘက်မှ ယင်းကဲ့သို့ ပိုမိုဆိုးရွာစွာ နှောင့်ယှက်လာမှုများကို ရပ်တန့်သွား စေရန် ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။ ။
Censorship board's new policy
ဧရာဝတီ/ ကိုသက် သြဂုတ် ၁၊ ၂၀၀၇
မြန်မာတိုင်းမ်ဂျာနယ်တွင် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား လူသတ်သမားဟု စကားဝှက်ဖြင့် ရေးသားသည့် ကြော်ငြာဖော်ပြခဲ့သောကြောင့် စာပေစိစစ်ရေးက ကြော်ငြာမူဝါဒအသစ်များကို ထုတ်ပြန်လိုက်သည်။
စာပေစိစစ်ရေးကထုတ်ပြန်သည့် မူဝါဒအသစ်များတွင် ယခင်ရှိပြီးသားစည်းကမ်းချက်များ
ပါဝင်သကဲ့သို့ စည်းကမ်းချက် အသစ်များလည်းပါဝင်ပြီး ၎င်းအချက်များနှင့်ကိုက်ညီမှ ကြော်ငြာလက်ခံရန်နှင့် မှားယွင်းမှု တစုံတရာရှိပါက ထည့်သည့် မဂ္ဂဇင်း၊ ဂျာနယ်အား ထုတ်ဝေခွင့်ပိတ်သည်အထိ အရေးယူမည်ဖြစ်သည်။
စည်းကမ်းချက်အသစ်များတွင် ကြော်ငြာကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့်သာ ခွင့်ပြုကြောင်း၊ တရားရုံးနှင့် ပတ်သက် သည့် ကြော်ငြာများအတွက် တရားသူကြီးလက်မှတ်ပါရမည်ဟု ပါရှိသည်။
၎င်းအပြင် အကျိုးဆောင်ရှေ့နေတို့၏ ကြော်ငြာများတွင် တဘက်သားထိခိုက်စေမည့် စာသားများမပါရန်နှင့် ရှေ့နေ၏ လိုင်စင်ကိုပါ ပါရှိရန်၊ မွေးနေ့ကြော်ငြာများတွင် လာထည့်သူနှင့် မွေးနေ့ရှင်တော်စပ်ပုံ သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပါရမည် စသည်တို့လည်း ပါဝင်သည်။
ရန်ကုန်ရှိ ဂျာနယ်အယ်ဒီတာတဦးက “ရှေ့နေကိစ္စ၊ တရားရုံးကိစ္စတွေမှာ လုပ်ရကိုင်ရတာ ခက်လိမ့်မယ် ထင်တယ်။ ဘယ် တရားသူကြီးဆီမှာ လက်မှတ်သွားထိုးရမယ်ဆိုတာကို သတ်မှတ်ထားပေးသင့်တာပေါ့။ အဲဒီလိုမဟုတ်ရင် တရားသူကြီးက လက်မှတ်မထိုးပေးတော့ ဘယ်လိုလုပ်မလဲ။ ရှေ့နေကိစ္စကလည်း တဘက်သားကို နစ်နာတယ်၊ မနာဘူးဆိုတာကို ဘယ်သူက ဆုံးဖြတ်မှာလဲ” ဟု ဧရာဝတီကို ပြောသည်။
အကျိုးဆက်အနေဖြင့် မဂ္ဂဇင်းနှင့် ဂျာနယ်များတွင် ကြော်ငြာအရနည်းသွားနိုင်သည်ဟု အဆိုပါအယ်ဒီတာက သုံးသပ် ပြောဆိုသည်။
အပတ်စဉ်ထုတ် ဂျာနယ်တစောင်မှ ဈေးကွက်ဌာန၏ ဒါရိုက်တာကလည်း “အလုပ်တွေပိုရှုပ်လာပြီး တော်ရုံလူက ကြောငြာ ချင်စိတ် ကုန်သွားတာပေါ့”ဟု ပြောဆိုသည်။စာပေစိစစ်ရေး၏ စည်းကမ်းချက်များတွင် ဆေးလိပ်နှင့် အမျိုးသမီးစားပွဲထိုးခေါ်သော ကြော်ငြာများကို ဖော်ပြခွင့်မပြု ကြောင်းဖော်ပြထားပြီး နိုင်ငံခြားမှလာသောကြော်ငြာများကို ခိုင်မာမှုရှိမရှိ စစ်ဆေးရန်နှင့် ကြော်ငြာသရုပ်ဖော်ပုံများ၏ အနက်အဓိပ္ပါယ်ကို ရှင်းပြရမည်ဟုပါရှိကြောင်း စုံစမ်းသိရှိရသည်။
Ten Burmese Migrants Dead in Ferry Sinking
ဧရာဝတီ သြဂုတ် ၁၊ ၂၀၀၇
ပင်လယ်လှိုင်းကြီးသည့်အတွက် ခရီးသည်တင်လှေတစင်း တိမ်းမှောက်ရာတွင် မြန်မာနိုင်ငံသား အလုပ်သမား ၁၀ ဦး သေဆုံးကြောင်း သိရသည်။
တင်္နလာနေ့ညက လှေသူကြီးအပါအ၀င် လူ ၂၅ ဦးသည် မြန်မာနိုင်ငံ ကော့သောင်းဘက်မှ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်း မြို့သို့ လှေဖြင့် တရားမ၀င် ၀င်ရောက်ရန်ကြိုးစားရာမှ လှေတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“လှေကို မဆယ်နိုင်ခင်မှာ လူ ၈ ဦး သေသွားတယ်၊ တခြား သားအမိ ၂ ဦးကတော့ ကယ်ဆယ်ခဲ့ပြီးမှ သေသွားတာ”ဟု ရနောင်းမြို့နေ ခရီးသည်လှေ ကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။
“အဲဒီလှေ မှောက်တာက ရာသီဥတုမကောင်းတဲ့အချိန် ညဘက်မှာ ထွက်လာတဲ့အပြင် ခံနိုင်ဝန်ထက်ပိုတဲ့ အလေးချိန်ကို တင်လာလို့မှောက်ရတာ”ဟုလည်း ၎င်းက ပြောသည်။
ပုံမှန်အားဖြင့် ကော့သောင်းမှ ရနောင်းမြို့ သို့ ကူးသည့် ယင်းခရီးသည်တင်လှေများသည် လူ ၁၀ ဦးမှ ၁၅ ဦးအထိသာ တင်ဆောင်သည်ဟုလည်း ဆိုသည်။
လှေပေါ်တွင် ပါလာသည့် လူအများစုသည် မွန်ပြည်နယ်ရှိ ၎င်းတို့ နေအိမ်များသို့ အလည်သွားရာမှ ဆန်ခလ ခရိုင် ဟတ်ရိုင်မြို့ရှိ ရာဘာ စိုက်ပျိုးရေးလုပ်ငန်းခွင်သို့ ပြန်လာကြသူများဖြစ်ကြောင်း သိရသည်။
တရားမ၀င် လှုပ်ရှားနေသူများဟု သံသယရှိ၍ ယင်းလှေစီးခရီးသည်များနောက်သို့ မြန်မာစစ်တပ်က ဖမ်းဆီးရန် လိုက်ခဲ့သေးသည်ဟုလည်း အထက်ပါ ဒေသခံကပြောသည်။
ပုန်းရှောင်နေသူ ၁၅ ဦးကို ဒေသအာဏာပိုင်များက ရှာဖွေလျှက်ရှိသည်ဟု ရနောင်းမြို့ခံတဦးကလည်း ပြောပြသည်။
ပြီးခဲ့သည့် ဇွန်လ အတွင်းကလည်း မလေးရှားနိုင်ငံသို့ အလုပ်ရှာဖွေရန်သွားရောက်မည့် ချင်းတိုင်းရင်းသား အများစု ပါဝင်သော တရားမ၀င်အလုပ်သမား ၂၀၀ ခန့်ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။
ယင်းဖမ်းဆီးမှုသည် ကော့သောင်းမြို့၌ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ်စပြီးနောက်ပိုင်းတွင် ဖြစ်သည်။ဒေသခံများ၏ ပြောပြချက်အရ နေ့စဉ် လူ ၅၀၀ ခန့်သည် အလုပ်အကိုင် ရှာဖွေရန်အတွက် မြန်မာနိုင်ငံ ကော့သောင်းမြို့ ဘက်မှ နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်လျှက်ရှိကြောင်း သိရသည်။