Tuesday, September 4, 2007

မြန်မာစစ်ဗိုလ်ချုပ်များအတွက် သဘာဝတရား၏ သတိပေးချက်

ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ့အာဘော်။ စက်တင်ဘာ ၃၊ ၂၀၀၇

ယခုနှစ် မုတ်သုန်မိုးရာသီက မြန်မာပြည်သူတို့ကို ဆိုးဆိုးရွားရွား ထိုးနှက်ခဲ့သည်။ နေရာများစွာတွင် အကြီးအကျယ် ရေ လွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး လူထောင်ပေါင်းများစွာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းအတွင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တောင်ပိုင်း မွန်ပြည်နယ်၊ အနောက်ပိုင်း ရခိုင်ပြည်နယ်၊ မြောက်ပိုင်း ကချင်ပြည်နယ် မြန်မာ နိုင်ငံ တနံတလျားတွင် ရေလွှမ်းမိုးမှုများကြောင့် လူဆယ်ဂဏန်းခန့်လည်း သေဆုံးခဲ့ကြရပါသည်။

ပြည်သူလူထုက ယခုလိုရေလွှမ်းမိုးမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်လာသည့်အခြေအနေကို စိုးရိမ်ပြောဆိုလာကြသော်လည်း နိုင်ငံကို အုပ်ချုပ်နေသည့် ဗိုလ်ချုပ်များက အရေးမပါသလို လျစ်လျူရှုထားဆဲ ဖြစ်သည်။ ၎င်းတို့၏ အာဏာတည်မြဲရေး အတွက်ကိုသာ အာရုံစိုက် အလုပ်များနေခဲ့ကြသည်။ လူနည်းစုကသာ မြန်မာနိုင်ငံအတွင်း ရေလွှမ်းမိုးမှု ဆိုးရွားပြင်းထန် လာသော သဘာဝဖောက်ပြန်မှုများသည် ကမ္ဘာကြီးပူနွေးလာမှု၏လက္ခဏာများဖြစ်ကြောင်း သိရှိဆက်စပ်နိုင်ကြသော် လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရေးက စိုးရိမ်စိတ်စိုးစဉ်းမျှမရှိသော မြန်မာစစ်အစိုးရအတွက်၊ ဤသတင်းအချက် အလက်များ မသိနိုင်ကြသော မြန်မာပြည်သူလူထုအတွက် ဝေးနေရဆဲ ဖြစ်သည်။

လွန်ခဲ့သောဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ အပူချိန်က တရိပ်ရိပ်တက်လာနေခဲ့ပြီး ၁၉၇၀ ခုနှစ်များနှင့်စာလျှင် ၀. ၆ ဒီဂရီ ဆဲလ်စီးရပ်မျှ တိုးလာခဲ့ပြီဟု ကျွမ်းကျင်သူများက ဆိုကြပါသည်။ ဤကာလများအတွင်းတွင် မုတ်သုန်မိုးရာသီက မြန်မာနိုင်ငံတွင် ပိုမိုတိုတောင်းလာခဲ့ပြီး အရှိန်အဟုန်ပိုပြင်းထန်လာနေခဲ့ပါသည်။

ကမ္ဘာကြီးပူနွေးလာမှုက မြန်မာနိုင်ငံအပေါ် ရိုက်ခတ်လာနေသည့်အချိန်တွင် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်သဘာဝပတ်ဝန်းကျင် ပြဿနာကလည်း နိုင်ငံတကာအတိုင်းအတာသို့ တက်လာခဲ့ပါသည်။ အရာအားလုံးက အပြန်အလှန်ဆက်စပ်နေကြပါ သည်။

ရေလွှမ်းမိုးမှုနှင့် အပူချိန်မြင့်တက်လာမှုအတွက် သဘာဝတရားကို အပြစ်ဖို့ကြသော်လည်း မြန်မာစစ်အစိုးရနှင့် စီးပွားရေး သမားများက ဤပြဿနာပိုဆိုးစေရန် ပံ့ပိုးနေကြပြီး နိုင်ငံ၏လေထု၊ မြေဆီ၊ ရေလွှာ အားလုံးကို အကြီးအကျယ် ညစ်ညမ်း ပျက်စီးစေရန် လောဘဇောတိုက် လုပ်ဆောင်နေကြပါသည်။

မြန်မာနိုင်ငံတွင် သဘာဝသစ်တောဖုံးမြေဟက်တာ ၃၄ သန်းခန့်ရှိပြီး အင်ဒိုနီးရှားပြီးလျှင် မြန်မာသစ်တောများက အရှေ့ တောင်အာရှဒေသတွင် ဒုတိယအကြီးဆုံး ဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာစစ်အစိုးရက ဤသစ်တော များကို ချင့်ချိန်ကန့်သတ်မှုမရှိ ခုတ်လှဲခဲ့ရာတွင် ဧရာမကျွန်းတောကြီးများလည်း ခုတ်လှဲခံရသည့်အထဲတွင်အပါအ၀င် ဖြစ်ပါ သည်။ တပြိုင်နက်တည်းမှာပင် နီးစပ်သူ အခွင့်ထူးခံစီးပွားရေးလုပ်ငန်းရှင်များကို လုပ်ငန်းလိုင်စင်များချပေးပြီး အဖိုး မဖြတ် နိုင်သည့် အခြားသဘာဝရင်းမြစ်များ ထုတ်ယူရန်လည်း ရေတိုကြည့် ခွင့်ပြုထားခဲ့ပါသည်။

နာမည်ကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတဦးဖြစ်သူ ဦးအုန်းကပြောပြရာ၌ မြန်မာနိုင်ငံ၏ ဧရိယာတ၀က်ခန့် ကို သစ်တောများဖုံးထားသည် ဆိုသော်လည်း ကျန်ရှိနေသေးသောသစ်တောများ၏ အရည်အသွေးမှာ ကျဆင်းလာနေ သည်ဟုဆိုပါသည်။ တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ အကောင်းဆုံးသစ်များကိုထုတ်ယူပြီးသည့်နောက်အရည်အသွေး အရနိမ့်သောသစ်များသာ ကျန်ခဲ့သလို၊ သစ်တောပြန်လည်ပြုစုပျိုးထောင်ရေး အစီအစဉ်များလည်းမရှိဟုဆိုပါသည်။

စစ်အစိုးရက “သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအတွက် စနစ်တကျထိန်းသိမ်းလုပ်ဆောင်နေသည်”ဟု အသံ ကောင်းဟစ်နေပြီး ဖန်လုံအိမ်အာနိသင်ဖြစ်စေမည့်ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချရန် ကျိုတိုသဘောတူညီချက် စာချုပ် တွင် လက်မှတ်ရေးထိုးထားသော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ၎င်း၏ လုပ်ဆောင်ချက်များကို လေးလေးနက်နက်လုပ်ဆောင်ခဲ့သည်ဟု မည်သည့်အခါမျှ မတွေ့ကြရပါ။ ထို့အပြင် ဤကိစ္စနှင့် ပတ်သက်၍ လူထုအတွင်း၌ အသိရှိမှု နည်းပါးသေးသည်ဟုပင် ဆိုရပါလိမ့်မည်။

မြန်မာနိုင်ငံရှိ သဘာဝသစ်တောများကို ထိန်းသိမ်းရေးသည် “ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ”ဟု ဆိုသည့် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာကြိုးပမ်းချက်တွင် အထူးအရေးကြီးလှပါသည်။ ဤဓာတ်ငွေ့များက ရာသီ ဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လာစေသည့် အဓိကအကြောင်းလည်း ဖြစ်ပါသည်။

ထို့အတူ မြန်မာနိုင်ငံရှိ ဒီရေရောက်တောများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားရန် အရေးကြီးနေပါသည်။ အကြောင်း မှာ ဤဒီရေရောက်တောများက အခြားသစ်တောများထက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ပိုမိုစုပ်ယူနိုင်သောကြောင့် ဖြစ်ပါသည်။

ဦးအုန်းက ဧရာဝတီမဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အကြံပြုထားရာ၌ သစ်ပင်များကို ခုတ်လှဲရောင်းစားနေခြင်း ထက် ၎င်းသစ်တောများကို စောင့်ရှောက်ထားရင်း မြန်မာအစိုးရက သဘာ၀၀န်းကျင်နှင့် လျှော်ညီဖန်တီးထားသည့် ဧည့် ခရီးသွားလုပ်ငန်းကို ပိုမိုတိုးချဲ့လုပ်ဆောင်သင့်သည်ဟု ဆိုပါသည်။ သူက ဤသို့ဆောင်ရွက်နိုင်သောနေရာအများအပြားကို လည်း အကြံပြုခဲ့ပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ခြောက်သွေ့ဒေသရှိ ပုပ္ပား၊ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးကန် အနီးရှိ သစ်တောများ၊ ကချင်ပြည်နယ် မြောက်ပိုင်းရှိ ထူးခြားဆန်းကျယ်သော ဒေသများ၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း အတွင်းရှိ ဒီရေရောက် လမုတောများနှင့် တနင်္သာရီတိုင်းရှိ သန္တာကျောက်တန်းများ စသဖြင့် အမြောက်အများရှိနေပါသည်။

စစ်အစိုးရအနေဖြင့် သဘာ၀၀န်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးအုန်းကဲ့သို့သော လူမျိုး၏ အကြံပြုချက်ကို နားထောင်သင့်ပါ သည်။ ဤကိစ္စသည် မြန်မာနိုင်ငံအကျိုးစီးပွားအတွက်သာမက ကမ္ဘာ့အရေးလည်း ဖြစ်နေပါသည်။ သို့မဟုတ်ပါက လာ မည့်အနာဂတ်တွက် ပို၍ပြင်းထန်ဆိုးရွားသော မုတ်သုန်ရာသီ ကပ်ဘေးဒုက္ခများနှင့် မုချကြုံကြရလိမ့်မည် ဖြစ်ပါသည်။ ။ [Top]

၂၀၀၇ ခုနှစ် စက်တင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ Nature's Message to the Generals(Editorial) ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။


(ဘလော့ဂါမှတ်ချက် - http://irrawaddy.org/bur/editorial2007/September/01.html ကနေ ရတယ်။)


No comments: