ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ့အာဘော်။ စက်တင်ဘာ ၃၊ ၂၀၀၇
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတခုရှိခြင်းသည် မရှိတာထက်စာလျင် ပို၍ကောင်းပါသည်။
တရားလက်လွတ်အုပ်ချုပ်နေ သော စစ်အစိုးရအောက်မှာထက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတခုအောက်မှာ ဒီမိုကရေစီအခွင့်အရေးများအတွက် တိုက်ပွဲဝင်ခြင်းသည် ပို၍ ထိရောက်မှု ရှိနိုင်ပါသည်။ ထို့အပြင် မည်သည့်နိုင်ငံကမျှ နှစ်အနည်းငယ်အတွင်း ဒီမိုကရေစီစနစ် ကို တည်ဆောက်နိုင်ခဲ့ကြခြင်းမရှိကြောင်း သမိုင်းက ပြသနေပါသည်။
အထက်ပါအချက်များသည် အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသည့် တိုင်းရင်းသားအုပ်စုများက အမျိုးသားညီလာခံတွင် အဘယ်ကြောင့် ပါဝင်တက်ရောက်နေကြရသည် ဆိုသည့် အကြောင်းပြချက်များဖြစ်ပါသည်။ အဆိုပါအကြောင်းပြချက်များ သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအခွင့်အရေးများရရှိနိုင်မည့် နောက်ဆုံးအခွင့်အလမ်းတခုအတွက် ပြည်တွင်း ပြည်ပရှိ နိုင်ငံရေးသမားနှင့် ပညာရှင်အများအပြား၏မျှော်လင့်ချက်များထဲတွင် ပါဝင်သည်။
သို့သော် ၎င်းတို့ကိုယ်တိုင်ကအမျိုးသားညီလာခံအတွင်းရေးဆွဲနေသောဖွဲ့စည်းပုံတွင် သူတို့၏အခွင့်အရေးများကိုကိုယ်တိုင် တိုက်ပွဲဝင်ရယူနိုင်ပါသလား။ အကယ်၍ယခုအချိန်အထိ ချမှတ်ပြီးသမျှသော အခြေခံမူများအတိုင်း မပြောင်းမလဲဘဲ ဆက်သွားမည်ဆိုပါက အဖြေမှာ မဖြစ်နိုင်ဟုပင် ပြောရပါလိမ့်မည်။
အမျိုးသားညီလာခံအဆုံးသတ်ရန်အချိန်နီးလာသည်နှင့်အမျှ မြန်မာနိုင်ငံကိုစစ်တပ်ကလွှမ်းမိုးထိန်းချုပ်ထားမည့် “အမိန့် ပေး ဒီမိုကရေစီစနစ်” ဖြင့် မောင်းနှင်သွားတော့မည်ဖြစ်ကြောင်းပိုထင်ရှားလာပါသည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင် ရ ပုဂ္ဂိုလ်များအပါအ၀င် တိုင်းရင်းသားနိုင်ငံရေးအင်အားစုအသီးသီး၏ ဆန္ဒကိုဆန့်ကျင်၍ ထင်ရာစိုင်းသွားတော့မည် ဖြစ်ပါ သည်။
အမျိုးသားညီလာခံမှ ချမှတ်ခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်၏ အခြေခံမူများအရဆိုလျှင် ဖွဲ့စည်းပုံဘောင် အတွင်း၌ စစ်တပ်က “အခွင့်အရေး နှစ်ဆ” ရအောင် စနစ်တကျလှည့်ဖျားထားပါသည်။
ပထမအချက်မှာ လွှတ်တော်အသစ်၏ ကိုယ်စားလှယ်နေရာ (၄၄၀) တွင် ၂၅% ဖြစ်သည့် နေရာ (၁၁၀) ကို စစ်တပ်က အသေအချာ ရယူထားပါသည်။ ဒုတိယအချက်မှာ ခန့်မှန်းခြေအားဖြင့် အင်အား (၄၅၀, ၀၀၀) ခန့်ရှိမည့် စစ်တပ်က မဲဆန္ဒ ပေးပိုင်ခွင့်ရှိနေပြီး စစ်တပ် တပ်ရင်းများစခန်းချရာ မဲဆန္ဒနယ်များတွင် စစ်တပ်ကိုလိုလားသည့် ကိုယ်စားလှယ်များကို မဲထည့်ကြပါလိမ့်ဦးမည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကာလတွင် စစ်သားများက အဓိကအတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့ကြသည့် အမှားအယွင်းမျိုးကို စစ်အစိုးရအနေနှင့် ယခုတကြိမ်တွင် ထပ်မံမဖြစ် စေရန် အသေအချာ လုပ်ဆောင်လာတော့မည် ဖြစ်ပါသည်။
ဤကဲ့သို့သော အခြေအနေအောက်တွင် ကိုယ်စားလှယ် (၃၃၀) နေရာအနက် အများစုကို ဒီမိုကရေစီလိုလားသော နိုင်ငံ ရေးပါတီက အနာဂတ်ရွေးကောက်ပွဲတွင် နိုင်သည်ဆိုဦးတော့ ပြည်သူများ၏ လူမှုရေး၊ နိုင်ငံရေး အခွင့်အရေးများကို အာမခံမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေရန် ပြန်လည်ပြင်ဆင်ရေးဆွဲရေးအတွက် မဖြစ်နိုင်တော့ပါ။ အကြောင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲမည်ဆိုလျှင် “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅% ကျော်၏ ကြိုတင်အတည်ပြုချက်ရယူရန် လိုအပ်သည်” ဟု ဆိုထားသောကြောင့် ဖြစ်ပါသည်။
ထို့အပြင် ၎င်းတို့အာဏာ ပိုမိုခိုင်မြဲစေရန်အတွက် “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း” ကဏ္ဍ၊ အခန်း (၄) (က) တွင် စစ်ဗိုလ်ချုပ်များက အပိုဒ်တခုကိုပင် ထပ်မံ ထည့်သွင်းထားပါသေးသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇၅% ၏ ထောက်ခံချက်ဖြင့် ပြင်ဆင်ဖြည့်စွက်မည့်ဥပဒေကို တင်သွင်းလာသည်ဆိုစေဦးတော့ ဤအဆိုပြုထားသော ပြင်ဆင် ဖြည့်စွက်ချက်ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် ၅၀% အထက် ထောက်ခံရန်လိုအပ်ပါသည်။
ဤသို့ဆောင်ရွက်ထားသော်လည်း စစ်ဗိုလ်ချုပ်များက သူတို့အာဏာအတွက် စိတ်မအေးနိုင်ကြပါ။ “နိုင်ငံတော် အရေးပေါ် ကာလ ပြဌာန်းချက်” အခန်းတွင် ဤအချက်ကို ပို၍သိသာစေပါသည်။ ထိုအခန်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အရေးပေါ်အခြေအနေ ပြဌာန်းကြေညာခွင့် ပေးထားပြီး အရေးပေါ်အခြေအနေတွင် “နိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာ (၃) ရပ်ကို ကျင့်သုံးနိုင်ခွင့်” ပေးထားပါသေးသည်။
ဤပြဌာန်းချက်အရ စစ်တပ်အကျိုးစီးပွားကို ဆန့်ကျင်လာမည့် ဥပဒေပြင်ဆင်ပြဌာန်းချက်များ ပြုလာပါက စစ်ဗိုလ်ချုပ်များ သည် လွှတ်တော်ကို ဖျက်သိမ်းခွင့်ရှိရုံမျှမက ၀န်ကြီးအဖွဲ့ကိုပါ ဖျက်သိမ်းခွင့်ပေးထားသကဲ့သို့ ရှိစေပါသည်။
၎င်းတို့၏ အာဏာချုပ်ကိုင်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ဖြစ်စေရန် စစ်အစိုးရက ဒီမိုကရေစီနည်းမကျသော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာအခြေခံမူများ ပြဌာန်းဆောင်ရွက်လာမည့်အရေးကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် အခြားတိုင်းရင်းသားပါတီများက အမျိုးသားညီလာခံကို အစဉ်တစိုက် ဆန့်ကျင်နေခဲ့ကြပါသည်။
ယခုတကြိမ်သည် အမျိုးသားညီလာခံ တက်ရောက်နေကြသော အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့များ၏အလှည့် ပင် ဖြစ်ပါသည်။ စစ်အစိုးရက သူတို့ကို စီးပွားရေးအကျိုးအမြတ်များဖြင့် တုပ်နှောင်၍ ဖွဲ့စည်းပုံတွင် စစ်တပ်၏အုပ်ချုပ်ခွင့် ကို လက်ခံရန် အတင်းအကျပ်ဖိအားပေးခံနေရပါသည်။
ဤအခြေအနေကို ကြည့်၍ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က အမျိုးသားညီလာခံ၏ နောက်ဆုံးအကြိမ် အစည်းအဝေးတွင် တိုင်းရင်းသားအခွင့်အရေးများပိုမိုရရှိစေရန် အဆိုပြုခဲ့ပါသေးသည်။ သို့အတွက်ကြောင့် စစ်ဗိုလ်ချုပ်များ အမျက်တော်ရှ၍ ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို၏ စီးပွားရေးလုပ်ငန်းများကို အကြီးအကျယ်ဖိအားပေးခံခဲ့ရပါသည်။
ထိုမျှမက ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ စစ်သားများကလည်း အနာဂတ်တွင် စစ်အစိုးရနှင့် ဖြစ်လာ နိုင်မည့် စစ်ပွဲများအတွက် ပြင်ဆင်နေကြရပေပြီ။ ထိုသို့စစ်ရေးပြင်ဆင်မှုများသည် ထိုင်း-မြန်မာနယ်စပ်ရှိ ၀တပ်ဖွဲ့များကို ၎င်းတို့၏ဗဟိုဌာနချုပ် ပန်ဆန်းသို့ ပြောင်းရွှေ့ရန် မြန်မာစစ်အစိုးရက ပေးလာသောအမိန့်ကို ၀ခေါင်းဆောင်များက ငြင်းဆန်လိုက်ပြီးနောက်ပိုင်းတွင် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် အချိန်ကိုက်ဗုံးပေါ်တွင် ထိုင်နေသည့်နှယ် ရှိနေပါသည်။ စစ်အစိုးရက မစေ့စပ်ရေးမူကို စွဲကိုင်ထားခြင်း သည် စနက်တံသဖွယ် ဖြစ်နေပါသည်။ ၎င်းတို့၏တန်းတူရေး နှင့် ကိုယ်စားပြုပြောရေးဆိုပိုင်ခွင့်ကို ဥပဒေကြောင်းအရ အာမခံခြင်းမရှိပါသော အနာဂတ်ပြည်ထောင်စုတွင် တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေးအဖွဲ့များအတွက် နေရာမရှိပါက ပေါက်ကွဲမှုများက အချိန်မရွေးဖြစ်လာနိုင်ဖွယ် ရှိနေပါတော့သည်။ ။ [Top]
၂၀၀၇ ခုနှစ်ထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Burma's Constitutional Time Bomb (Editorial)ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
( http://irrawaddy.org/bur/editorial2007/September/02.html ကနေ ရတယ်။)
No comments:
Post a Comment