စစ်အစိုးရအာဏာပိုင်များက ပိုက်စိပ်တိုက်ရှာဖွေနေသည့်၈၈ မျိုးဆက်ကျောင်းသူ မမီးမီးနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်
2007 sep 4
“ - - - - - - - အိမ်ထဲမှာနေပြီး မထွက်သေးတဲ့လူတွေကလည်း သူတို့ရင်ထဲမှာ ဆန္ဒတွေကိုယ်စီရှိနေပါတယ်။ - - - - -”
မမီးမီးတို့ အမျိုးသမီးတွေအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေ ပုန်းရှောင်နေရတာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
မမီးမီး - ကျမတို့ ၈၈ မျိုးဆက်ကျောင်းသားတွေ အထူးသဖြင့် မိန်းကလေးတွေဟာ အာဏာပိုင် တွေကနေ ပိုက်စိတ်တိုက်ရှာဖွေမှုတွေနဲ့အတူ နေရာအသီးသီးမှာ ပုန်းရှောင်နေရပါတယ်။ အဲဒီလို ပုန်းရှောင်နေရခြင်းဟာ အာဏာပိုင်တွေရဲ့ ရက်ရက်စက်စက်ပြုမူတာတွေကို ကြောက်ရွံ့လို့ ထွက်ပြေး သွားခြင်းမျိုး လုံးဝမဟုတ်ပါဘူး။ ပြည်သူတွေနဲ့အတူ ပြည်သူ့ဘ၀ထဲမှာ ကျမတို့ပြည်သူတွေနဲ့ ကျမတို့က တသားတည်းရှိပြီးတော့ ပြည်သူတွေရဲ့အခွင့်အရေးတွေ ရပိုင်ခွင့်တွေအတွက် ကျမတို့ ပြည်သူတွေနဲ့အတူအပြင်မှာရှိနေချင်လို့ အခုလိုတိမ်းရှောင်နေရခြင်းဖြစ်ပါတယ်။
အခုဆန္ဒပြမှုတွေဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ပါဝင်လှုပ်ရှားမှုကို ဘယ်လို မြင်ပါသလဲ။ အချို့က ပြည်သူတွေရဲ့ ပါဝင်လှုပ်ရှားမှု အားနည်းသေးတယ်လို့ သုံးသပ်နေကြလို့ပါ။
အရင်တုန်းကလို အခု ကျမတို့မြန်မာပြည်သူတွေအပေါ်မှာ အာဏာကို အသုံးပြုပြီးတော့ မြန်မာပြည်သူလူထုကို လက်တလုံးခြား လိမ်လည်လို့မရတော့ပါဘူး။ လှည့်ဖြားလို့မရတော့ပါဘူး။ ကျမတို့မြန်မာပြည်သူလူထုဟာ တကယ့်အသိဥာဏ်ရှိတဲ့ ပကတိလူသားတွေဖြစ်ပါတယ်။ အဲတော့ မြန်မာပြည်သူလူထုဟာ တဖြည်းဖြည်းနဲ့အသိဥာဏ်တွေ ပွင့်လင်းလာကြပါပြီ၊ အိမ်ထဲမှာနေပြီး မထွက်သေးတဲ့လူတွေကလည်း သူတို့ရင်ထဲမှာ ဆန္ဒတွေကိုယ်စီရှိနေပါတယ်။
အမှန်တရားကိုဖော်ထုတ်ဖို့အတွက် ရဲရဲဝံ့ဝံ့အသင့်ရှိနေကြပါပြီလို့ ကျမယုံကြည်ပါတယ်။ အခု ပြည်သူတွေဟာ တိုင်းပြည်နေရာအနှံ့အပြားမှာ လမ်းမပေါ်ကို ထွက်လာကြပါပြီ။ အဲဒီ ထွက်လာ တဲ့ပြည်သူတွေဟာ ကျမတို့ဦးဆောင်ဦးရွက်ပြုလို့ထွက်လာတယ်လို့ ကျမတို့က လုံးဝမသတ်မှတ် ပါဘူး။ အကုန်လုံးဟာ ကိုယ့်ရဲ့ရင်ထဲက ခံစားချက်ကိုယ်စီနဲ့ မိမိတို့ရပိုင်ခွင့်ရှိတဲ့ ကိုယ်ပိုင်အခွင့် အရေးတွေကို ကိုယ်ကိုယ်တိုင်တင်ပြချင်လို့ ကြောက်ရွံ့စိတ်ကင်းစွာနဲ့ ထွက်လာတဲ့ပြည်သူတွေ ဖြစ်ပါတယ်။ အဲဒီပြည်သူတွေကိုလည်း ကျမတို့ဒီနေရာကနေပြီးတော့ ၈၈ မျိုးဆက်ကျောင်းသား တွေက ဂုဏ်ပြုလိုက်ပါတယ်။
နောက်ဆက်လက်ပြီးတော့လည်း တိုင်းပြည်နေရာအနှံ့အပြားမှာ မြန်မာပြည်သူတွေအားလုံးဟာ ကျမတို့နဲ့အတူ တသားတည်း ရှိပြီးတော့ ကိုယ်ပိုင်အခွင့်အရေးတွေကို ဖမ်းဆီးဖိနှိပ်နေတဲ့ကြားထဲ ကနေပြီးတော့ အဖမ်းခံရမှာ သိရက်နဲ့ ကိုယ်လုပ်မယ့်အလုပ်ကို ရဲရဲဝံ့ဝံ့လုပ်သွားနိုင်အောင်လို့ပေါ့နော် အဲဒီလိုမျိုးသတ္တိတွေ ပြည်သူတိုင်းမှာရှိကြပါ၊ အဲလိုရဲဝံ့တဲ့သတ္တိမျိုးသာရှိနေမယ်ဆိုရင် ကျမတို့နိုင်ငံမှာရှိတဲ့ စစ်အာဏာရှင်ဟာ မကြာတော့ပါဘူး၊ ကျဆုံးသွားမှာပါလို့ပြောချင်ပါတယ်။
အခုလိုအာဏာပိုင်က ပိုက်စိပ်တိုက်ရှာဖွေနေတာကို ပုန်းအောင်းတိမ်းရှောင်နေရတဲ့ အချိန်ကာလကြာလာရင် ဘယ်လိုရှေ့တိုးလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ကြမယ်၊ ဘာဆက်လုပ်နိုင်ကြ မယ်ဆိုတာသိပါရစေ။
စောစောကကျမပြောခဲ့သလိုပါပဲ။ သူတို့ဘယ်လောက်ပဲ ပိုက်စိပ်တိုက်ရှာဖွေနေပါစေ၊ ကျမ တို့ဟာ အမှန်တရားကို မြတ်နိုးနေတဲ့သူ၊ တိုင်းပြည်မှာ ကျမတို့ရဲ့မြန်မာပြည်သူလူထုကို စေတနာ ထားပြီး စေတနာမှန်နဲ့လုပ်ဆောင်နေသူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့အားလုံးကို ကျမတို့ရဲ့မှန်ကန်တဲ့စေတနာဟာ တနေ့ကျရင်အကျိုးပေးလာမှာပါ။
ကျမတို့ အချိန်တွေ ဘယ်လောက်ပဲကြာပါစေ၊ ကျမတို့ ဆင်းရဲဒုက္ခတွေ ဘယ်လောက်ပဲ ရောက်နေ ပါစေ၊ ကျမတို့ တိုင်းပြည်နဲ့ မြန်မာပြည်သူတွေရဲ့အနာဂတ်အတွက် ကျမတို့ဟာ ဆက်ပြီးတော့ပဲ လုပ်သွားမှာပါ။ ဘယ်တော့မှလည်း နောက်ဆုတ်သွားမှာမဟုတ်ပါဘူး။
ရန်ကုန်မြို့တွင်းမှာရှိကြတဲ့ တက္ကသိုလ်ကျောင်းသားတွေက ပြည်သူ့တွေနဲ့အတူ ရပ်တည် ဆန္ဒပြသွားဖို့ ကြေညာချက် ထုတ်ပြန်တာတွေရှိပါတယ်။ အခုလောလောဆယ် မျိုးဆက်သစ် ကျောင်းသားတွေရဲ့ ပါဝင်ပူးပေါင်းလှုပ်ရှားမှု အခြေအနေကရော ဘယ်လိုရှိပါသလဲ။
အခုကျမတို့တိမ်းရှောင်နေရပေမယ့် ကျမတို့နဲ့ဆက်သွယ်နိုင်တဲ့နေရာတွေမှာ ကျောင်းသား တွေဟာ လူကိုယ်တိုင်သော်လည်းကောင်း သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေက တဆင့် သော်လည်းကောင်း ကျမတို့ကို သူတို့အမြဲတန်းဆက်သွယ်ပါတယ်။ သူတို့လုပ်မယ့်ဟာတွေကိုလည်း ကျမတို့ကို သူတို့ပြောပြပါတယ်။ ကျမတို့က သူတို့ကို ဦးဆောင်မှုမပေးပါဘူး၊ သူတို့ ရင်တွင်းက ဆန္ဒနဲ့ သူတို့ဘာသာသူတို့ ဖော်ထုတ်နေကြတာပါ။
ကျမတို့က ၈၈ မျိုးဆက်ကျောင်းသားများဆိုပြီး ဖွဲ့ထားတာကိုက ကျမတို့ချည်းမဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ်ကနေစပြီးတော့ ယနေ့အထိ ကျမတို့အမိမြန်မာပြည်ကြီးကို အလင်းရောင် ပွင့်လင်း လာအောင် လုပ်နိုင်တဲ့ မျိုးဆက်သစ်လူငယ်များအားလုံးကို ဆိုလိုပါတယ်။ ကျမတို့အစ်ကိုတွေ မရှိတော့လည်း ကျမတို့ဆက်လုပ်တယ်၊ အဲဒီလိုပါပဲ ကျမတို့တိမ်းရှောင်နေရပေမယ့်လည်း ၈၈ မျိုးဆက်ဆိုတာ ဘယ်တော့မှသေမသွားပါဘူး၊ နေရာအနှံ့မှာရှိပါတယ်။ သူတို့ ဘယ်လောက် ဖြိုခွင်းဖြိုခွင်း ကျမတို့ ၈၈ ကျောင်းသားမျိုးဆက်ဆိုတာ ဘယ်တော့မှ သေမသွားပါဘူး၊ အဲဒီအတွက်ကြောင့်မို့လို့ အခုလိုကျောင်းသားတွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံမြို့အချို့တွေမှာ ပြီးခဲ့တဲ့လအတွင်းကစပြီး ဆန္ဒပြမှုတွေ ရက်ဆက်ဆိုသလို ဖြစ်ပွားလာနေပါတယ်။ အဲဒီလို ဆန္ဒပြမှုတွေကနေ ရှစ်လေးလုံး လူထု အုံကြွမှုကြီးအသွင် ပြောင်းလဲဖြစ်ပေါ်လာနိုင်မယ့် အလားအလာရှိတယ်လို့ ထင်ပါသလား။
ကျမအနေနဲ့ကတော့ ၁၉၈၈ လိုမျိုး သွေးထွက်သံယိုဖြစ်မှုပေါ့၊ အဲဒီလိုဖြစ်မှုမျိုးကြီးကို ကျမတို့မြန်မာပြည်သူလူထုတွေအနေနဲ့ နောက်တကြိမ် ထပ်ပြီးတော့ မခံစားစေချင်ပါဘူး။ ဒါပေမယ့် အခုလိုမျိုးသာ အာဏာကိုသုံးပြီးတော့ လိုက်လုပ်နေမယ်ဆိုရင်တော့ ၁၉၈၈ ထက် ဆိုးတဲ့ အာဏာရှင်မှန်သမျှ လုံးဝချုပ်ငြိမ်းသွားစေမယ့် လူထုအုံကြွမှုကြီးတော့ ဖြစ်ပေါ်လာနိုင်လိမ့် မယ်လို့ ကျမမျှော်လင့်ပါတယ်။
အခုလက်ရှိအဖမ်းခံထားရသူတွေ၊ ပုန်းရှောင်နေရသူတွေနဲ့ သူတို့ရဲ့မိသားစုတွေ အခြေ အနေ ဘယ်လိုရှိပါသလဲ။
အဖမ်းခံထားရသူတွေကို သူတို့မိသားစုတွေက လုံးဝအဆက်အသွယ်လုပ်လို့မရပါဘူး။ သူတို့မပြောနဲ့ အခုကျမတို့နေအိမ်တွေ ပတ်ဝန်းကျင်မှာတောင် ပေါ်ပေါ်ထင်ထင်တမျိုး၊ ပုံလျှိုး ကွယ်လျှိုးနဲ့တမျိုး နေ့ညကင်းပုန်းဝတ်နေတဲ့အတွက်ကြောင့်မို့လို့ ပြည်သူလူထုဟာ အတော်ကြီးကို ထိတ်လန့်နေရပါတယ်။ စစ်မြေပြင်တစလိုပဲ ခံစားနေရပါတယ်။ တနေ့တနေ့ဝမ်းရေးအတွက် လှုပ်ရှားရုန်းကန်နေရပေမယ့် သူတို့တွေ အခုလိုမျိုး ပေါ်တင်တမျိုး၊ ပုံလျှိုးကွယ်လျှိုးနဲ့ တက်တက် မေးတာတမျိုး၊ သွယ်ဝိုက်ပြီ မေးတာကတမျိုး အဲဒီလို့ ပုံစံမျိုးတွေ လုပ်နေတဲ့အခါကျတော့ ပြည်သူ တွေမှာ ကိုယ့်ဝမ်းစာတောင်ကိုယ် လွတ်လွတ်လပ်လပ်ရှာစားလို့မရတဲ့ အနေအထားမျိုးတွေ ရှိနေပါတယ်။
အခုပြည်တွင်းမှာ တက္ကစီတွေအပါအ၀င် ကားခတွေလျှော့ချမယ်လို့ပြောသံကြားရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ပြည်သူတွေအတွင်းမှာ တစုံတရာပြောင်းလဲမှုရှိပါသလား။
မနေ့ကတော့ကားခတွေ ချလိုက်ပြီလို့ကြားပါတယ်။ ဒါပေမယ့် အဓိကကတော့ ကားခ ဈေးနှုန်းချတာထက် လောင်စာဆီဈေးနှုန်းကျသွားဖို့ပါပဲ။ လောင်စာဆီဈေးနှုန်းကျသွားမှသာ ကားသမားတွေအဖို့ ချောင်လည်သွားမှာပါ။ အခုဆို လောင်စာဆီဈေးတွေကြီးနေလို့ ကားသမား တွေဟာ သူတို့သတ်မှတ်ထားတဲ့ ဈေးထက်ကို ပိုပြီးတော့ ယူရတယ်။ အဲဒီအတွက်ကြောင့်မို့ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေဆိုရင် သူတို့ ပေးရတဲ့ကားခက မတန်တဆဖြစ်နေတဲ့အတွက် ကြောင့်မို့လို့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကျမတို့မြန်မာပြည်သူလူထုက ပိုပြီးတော့ ခံစားနေရပါတယ်။
အခုလို အခြား ၈၈ မျိုးဆက်ကျောင်းသားတွေအပါအ၀င် မမီးမီးကိုယ်တိုင် ပုန်းလျှိုး ကွယ်လျှိုး နေနေရတဲ့အခြေအနေအပေါ်မှာ ဘယ်လိုခံစားမိပါသလဲ။
အခုဆိုရင် ကျမတို့ ၈၈ မျိုးဆက်ကျောင်းသားတွေရယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တချို့ရယ်၊ ဆန္ဒပြမှုမှာ တက်တက်ကြွကြွပါဝင်လိုက်တဲ့ တခြားကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူတချို့ဟာ နေရာအနှံ့အပြားမှာ ပုန်းအောင်းနေရပါတယ်။
အဲဒီအတွက်ကြောင့်မို့လို့ ကျမတို့ရဲ့ မိသားစုဘ၀တွေနဲ့ ဝေးကွာနေပါပြီ။ မိသားစုတွေရဲ့ရပ်တည်မှုပေါ့၊ တချို့အိမ်မှာဆို ဖခင်မရှိတာ အခုကျမအိမ်မှာဆိုရင်လည်း မိခင်ဖြစ်တဲ့ကျမမရှိပါဘူး။ မိခင် တယောက်အနေနဲ့ ကျမဟာ အပြင်ကိုရောက်ပြီး အခုလိုပုန်းနေရတဲ့အတွက်ကြောင့်မို့လို့ ကျမရဲ့ သားသမီးနှစ်ယောက်ရဲ့ဝတ္တရား၊ ကျမခင်ပွန်းသည်ရဲ့ဝတ္တရားကို ကျမလုံးဝလုပ်ဆောင်ပေးနိုင်ခြင်း မရှိပါဘူး။
ကျမတို့ဘ၀တွေဟာ အာဏာရှင်ရဲ့မတရားလိုက်လံဖမ်းဆီးမှုအောက်မှာ အခုလိုမျိုး ပုန်းလျှိုး ကွယ်လျှိုးနေရင်းနဲ့ မိသားစုနဲ့ဝေးကွာနေရတဲ့အပေါ်မှာ ခံစားချက်တွေရှိကြပါတယ်။ ဒါပေမယ့် ကျမတို့က တဦတည်းပုဂ္ဂလိကခံစားချက်ကို ရှေ့တန်းမတင်ပါဘူး။ ကျမတို့ပြည်သူတရပ်လုံး ကောင်းစားဖို့ ကျမတို့နိုင်ငံကြီးအလင်းရောင်ရဖို့အတွက် ကျမတို့ကိုယ်ပိုင်ခံစားချက်တွေကို ချိုးနှိမ်ပြီးတော့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ပြည်သူတွေကို ခေတ်ပြိုင်ကတဆင့် ဘာများပြောကြားလိုပါသလဲ။
အခုလိုလမ်းမပေါ်တက်ပြီး မိမိတို့ဆန္ဒကို ဖော်ထုတ်ပြသတဲ့ပြည်သူတွေရော နောက်ပြီးတော့ အိမ်တွင်းမှာရှိနေပေမယ့်လည်း ရင်ထဲကနာကြည်းချက်တွေနဲ့ အမှန်တရားကို မြတ်နိုးရှာဖွေတွေ့ နေတဲ့ ပြည်သူတွေကလည်း မိမိတို့အမှန်တရားအတွက် အခုလိုရှေ့မှာထွက်လာတဲ့ပြည်သူတွေမျိုးပဲ ရဲရဲဝံ့ဝံ့နဲ့ တိုင်းပြည်မှာရှိတဲ့ အာဏာပိုင်တွေကို ပြသကြပါလို့ ပြောချင်ပါတယ်။
မိသားစုတွေနဲ့ ကွဲကွာနေရပေမယ့် ကျမတို့ရဲ့ပြည်သူတွေဟာ ကျမတို့နဲ့တသားတည်းရှိပြီး ပါဝင်လိုက်ပါလာကြတဲ့ အတွက် အများကြီးပီတိဖြစ်ရပါတယ်။ ။

No comments:
Post a Comment