Tuesday, September 4, 2007

yadanabon bridge related news


(ခေတ်ပြိုင်က သတင်းဗျာ။ တံတားဆောက်တဲ့အင်ဂျင်နီယာတွေ စာရင်းလိမ်ပြီး ကိုယ့်အတွက်များများကျန်အောင်လုပ်ကြလို့ ငွေရလွယ်တတ်ပေမယ့် အခန့်မသင့်တဲ့အခါမှာတော့ မင်းပြစ်မင်းဒဏ်သင့်ဖို့လည်း လွယ်ကူတဲ့အကြောင်းတွေလည်း ဖတ်ရမယ်။)

ရတနာပုံတံတားသစ်ကြီး လေပြင်းဒဏ်မခံနိုင်သဖြင့်
ပြန်လည်ပြင်ဆင်နေရ

NEJ/ ၄ စက်တင်ဘာ ၂၀၀၇

မန္တလေး ရတနာပုံတံတားသစ်ကြီး တည်ဆောက် ပြီးစီးသွားသော်လည်း စမ်းသပ်မှုများအရ ကြံ့ခိုင်မှု မရှိခြင်းကြောင့် ပြန်လည်ပြင်ဆင်ကာ ယခုအချိန် အထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း တံတား တည်ဆောက်ရာတွင် ပါဝင်သည့် အင်ဂျင်နီယာ တဦးက ပြောသည်။

၎င်းက “နောက်ဆုံး အခြေအနေအရ လေပြင်း တိုက်တဲ့ ဒဏ်မခံနိုင်တာကြောင့် ပြီးခဲ့တဲ့လကပဲ
Tie Bracing တွေ လဲလှယ်တပ်ဆင်နေရတယ်။ တံတားဆောက်ပြီးကာစကတည်းက အင်ဂျင်နီ ယာချုပ်က ရတနာပုံတံတားရဲ့ အချက်အလက်တွေကို ကွန်ပျူတာဆော့ဖ်ဝဲထဲ ထည့်ပြီး လေတိုက်
အား၊ ငလျင် စတာတွေကို လေ့လာကြည့်တော့ အဲဒီစမ်းသပ်လေ့လာမှုအရ လေပြင်းတိုက်မှု ခံနိုင်ရည်မရှိဘူး။ ငလျင်ရစ်ခ်ျတာစကေး (၄) လောက်တောင် ခံနိုင်ရည်မရှိတာ တွေ့ရတယ်” ဟု ပြောသည်။

ထိုသို့ဖြစ်ရသည့် အဓိကပြဿနာမှာ စစ်ကိုင်းဘက်ကမ်းရှိ တံတားအောက်ခြေ ဒုတိယပိုင်တိုင်ကို လိုအပ်သည့်ပေအနက်အထိ မတူးနိုင်သောကြောင့်ဖြစ်ကြောင်း အဆိုပါအင်ဂျင်နီယာက ပြောသည်။

တံတားကို စတင်တည်ဆောက်သည့်အချိန်တွင် မန္တလေးဘက်ခြမ်းနှင့် စစ်ကိုင်းဘက်ခြမ်း ပိုင်တိုင် အားလုံးကို ချရာတွင် အဆင်ပြေခဲ့သော်လည်း အဆိုပါ စစ်ကိုင်းဘက်ခြမ်းမှ ဒုတိယ ပိုင်တိုင် အောက် ခြေအတွက် တူးရာတွင် မာကျောသည့် ကျောက်လွှာတခုခံနေ၍ လိုအပ်သည့်အနက်သို့ရောက်အောင် မတူးနိုင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

၎င်းက “အဲဒီကျောက်လွှာကိုဖောက်ပြီး ပိုင်တိုင်တူးနိုင်ဖို့ စက်ကိရိယာက မြန်မာပြည်မှာမရှိဘူး။ အင်ဂျင်နီယာချုပ်က နိုင်ငံခြားက၀ယ်ဖို့ ဆောက်လုပ်ရေးဝန်ကြီးကတဆင့် အဲဒီအချိန်မှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းကို တင်ပြခဲ့တယ်။ ၀န်ကြီးချုပ်က ရေဘူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင် တယ်၊ ကိုယ့်ပြည်တွင်းအင်အားနဲ့ ကိုယ့်ဘာသာဖြစ်အောင်လုပ်ဆိုပြီး အမိန့်ပေးခဲ့တယ်” ဟု ပြောသည်။

ထို့ကြောင့် စစ်ကိုင်းဘက်က တံတားအောက်ခြေကို လိုအပ်သည့်အနက်ရအောင်မတူးနိုင်ဘဲ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် တံတားဆောက်သည့် အင်ဂျင်နီယာချုပ် ဦးဌေးမြင့်မှာ”
တာဝန်ပေါ့ဆမှု၊ အများပိုင်ပစ္စည်းခိုးယူမှု စွပ်စွဲချက်များဖြင့် အကျယ်ချုပ်ချထားခြင်းခံနေရကြောင်း အခြားအင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက “ ပြီးခဲ့တဲ့လက မန္တလေးနဲ့ စစ်ကိုင်းက တာဝန်ကျတဲ့ အင်ဂျင်နီယာ နှစ်ယောက်ကို အာဏာပိုင်တွေက ခေါ်ပြီးစစ်ဆေးမေးမြန်းခဲ့တယ်၊ အဲဒီနောက် အင်ဂျင်နီယာချုပ် ဦးဌေးမြင့်ကို စီမံကိန်းဝင်းထဲမှာ ခုလို အကျယ်ချုပ်နဲ့ ဖမ်းလိုက်တာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံ ဆည်မြောင်း၊ တံတား၊ လမ်း တည်ဆောက်ရေး စီမံကိန်းတိုင်းလိုလိုတွင် နိုင်ငံပိုင် ကုန်ကြမ်းခိုးယူမှုများ ဖြစ်မြဲဖြစ်သော်လည်း ယခု ရတနာပုံတံတား ကြံ့ခိုင်မှုမရှိဘဲ မဖွင့်နိုင် ဖြစ်ရ ခြင်းသည် သီးခြားကိစ္စဖြစ်ကြောင်း သက်ဆိုင်သူများက ပြောပြသည်။ ။





(မူရင်း- http://www.khitpyaing.org/news/september_2007/4-9-07d.php)




No comments: