Friday, August 3, 2007

Time, the Generals and Aung San Suu Kyi By Thierry Falise

(ဧရာဝတီ ၀က်ဆိုက်မှာ တော်လှန်ရေး၏ စာမျက်နှာ ဆိုတဲ့ အထူးကဏ္ဍဆိုတာရှိတယ်။ ဒေါ်စုအကြောင်း ၄ ပုဒ် တွေ့ရတယ်။ ၂ ပုဒ်ကို ကော်ပီကူးပြီးတင်ပေးလိုက်ပါတယ်။)

အချိန်၊ စစ်ဗိုလ်ချုပ်များနှင့် ဒေါ်အောင်ဆန်းစုကြည်

သီရီ ဖဲလစ်

အမျိုးသမီးတယောက်ကို မြန်မာစစ်ခေါင်းဆောင်တွေ ဘာကြောင့် ကြောက်လန့်နေကြ တာလဲ။ သူမသြဇာကျလာအောင် နှစ်ပေါင်း ၂၀ နီးပါး ဘာကြောင့် လုပ်နေကြတာလဲ။ ပြီးတော့ ဘာကြောင့် အကျဉ်းချထားတာလဲ။ ဒီမေးခွန်းတွေကို နားလည်ဖို့ မခက်ခဲလှပါဘူး။


ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိခဲ့တာနဲ့ ၆ နှစ်ကြာ နေအိမ်အကျယ်ချုပ် ချခံခဲ့ရတာတွေက ဒေါ်အောင်ဆန်းဆုကြည်ကို အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ပွဲဝင်တဲ့ ကမ္ဘာ့ခေါင်းဆောင် တဦးအဖြစ် ရောက်ရှိစေခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၅ ခုနှစ် ပထမအကြိမ် အကျယ်ချုပ် ဘ၀ကလွတ်မြောက်ပြီး မကြာခင်မှာပဲ သူမဟာ အကြမ်းဖက်မှုတွေရဲ့သားကောင် ဖြစ်သွားခဲ့ရတယ်။


ခေါင်းမာတယ်၊ “ဘ၀င်မြင့်နေတဲ့ ဗြိတိသျှအလိုတော်ရိ” စတဲ့ အဆက်မပြတ် ဝေဖန် ပုတ်ခက်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းမှာဆို အာဏာရှင်လိုပဲလို့လည်း စွပ်စွဲပြောဆိုတာ ခံခဲ့ရတယ်။


ဒီလိုဝေဖန်ပုတ်ခတ်မှုတွေ စပြီးလုပ်ခဲ့တာ စစ်အစိုးရပါ။ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်က ချီးကျူး ခဲ့ကြတဲ့ အနောက်တိုင်း သတင်းမီဒီယာတချို့ကလည်း လူတွေအာရုံစိုက်လာအောင် အခြေအမြစ်မရှိဘဲ ဝေဖန်တိုက်ခိုက် လာခဲ့ကြတယ်။


တချို့ဝေဖန်ချက်တွေက တရားနည်းလမ်းကျကောင်းကျနိုင်ပါတယ်။ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးရေးနဲ့ပတ်သက်ပြီး သူမရဲ့ရပ်တည်ချက်ကို ဝေဖန်တာတွေ၊ ၁၉၉၉ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ကို သူမဝေဖန်ပြောဆိုခဲ့တာတွေ စတဲ့ကိစ္စရပ်မျိုးတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကို ဝေဖန်ပြောဆိုခဲ့တာ မှားသွားကြောင်း သူမ၀န်ခံပြောဆိုခဲ့ပါတယ်။


ဒါပေမယ့် ဝေဖန်တိုက်ခိုက်မှု အများစုက သူမရဲ့ ကိုယ်ရေးလက်ထောက်ဟောင်းလည်းဖြစ် မိတ်ဆွေလည်းဖြစ်ခဲ့သူ မသိင်္ဂီနဲ့ ပုဂ္ဂိုလ်ရေး ပဋိပက္ခတွေကနေ ဖြစ်ပေါ်လာတဲ့ အလွန်အမင်းချဲ့ကားပြောဆိုချက်တွေ၊ လုပ်ကြံဖန်တီးမှုတွေပါ။


အပြင်းထန်ဆုံး ထိုးနှက်ချက်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည်နဲ့ သူမရဲ့သားနှစ်ယောက်ကို ဝေဖန်တိုက်ခိုက် မှုပါပဲ။ “မီးမရှိဘဲနဲ့ မီးခိုးမထွက်ဘူး”ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေဟာ မိုက်ကယ်၊ အလက်ဇန္ဒရားနဲ့ ကင်မ် အဲရစ်တို့ကို မဟုတ်မမှန်တာတွေနဲ့ အသရေဖျက်တယ်။ ဒေါ်စုက အောက်ကျို့မှ မိသားစုကို အလည်အပတ်လာခွင့် ပေးမယ်ဆိုတဲ့ ယုတ်ညံ့တဲ့နည်းလမ်းသုံးပြီးတော့လည်း ပြည်ဝင်ခွင့်ဗီဇာမပေးဘဲ အကြပ်ကိုင်တယ်။


ကိုယ်ကျင့်တရားကို စွဲစွဲမြဲမြဲလိုက်နာတတ်ပြီး ယဉ်ကျေးသိမ်မွေ့သူတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်ရေး ကိုယ်တာကိစ္စတွေကို အလုပ်နဲ့ ဘယ်တော့မှ ရောထွေးမခံခဲ့ပါဘူး။ ပေးရမယ့်တန်ဖိုးကို ဒေါ်စုသိတယ်။ ပြည်သူလူထုဆိုတဲ့ မိသားစုကြီးတခုလုံးရဲ့အကျိုးအတွက် ပုဂ္ဂိုလ်ရေးမိသားစုအကျိုးကို အနစ်နာခံဖို့ သူရွေးချယ်ခဲ့ရတယ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့ နှိုင်းယှဉ်ပြောဆိုကြတဲ့ ထင်ရှားတဲ့တော်လှန်ရေးခေါင်းဆောင်အများစုဟာ မဟတ္တမ္မဂန္ဒီ၊ နယ်လ်ဆင်မင်ဒယ်လာနဲ့ လိခ်ျ ဝေါလဆာတို့လို အမျိုးသားတွေပါ။ သူတို့ အားလုံးဟာ စိတ်ဓာတ်အင်အား ကြီးမားကြသူ တွေ၊ ရပ်တည်ချက် ခိုင်မာပြတ်သားသူတွေ ဖြစ်ပါတယ်။ သူတို့ကျရာနေရာကနေ ယုံကြည်ချက်အတွက် အလျော့မပေး ကြံ့ကြံ့ခံသူတွေ ဖြစ်ပါတယ်။ ဒါကိုက ခေါင်းဆောင်တို့ရဲ့ အရည်အသွေးပါ။


ဝေဖန်တိုက်ခိုက်ချက်မှိုင်းလုံးတွေကသာ တွေ့ဆုံဆွေးနွေးဖို့ အမြဲတမ်းတံခါးဖွင့်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သန္နိဌာန် နဲ့ အမှားကိုပြင်ဆင်တတ်တဲ့ အရည်အချင်းအပေါ် မကြာခဏ ဖုံးလွှမ်းသွားခဲ့တယ်။


စီးပွားရေးနဲ့ပတ်သက်ပြီး တရားသေ၀ါဒကို ဆုပ်ကိုင်ထားသူအဖြစ်လည်း စွပ်စွဲခဲ့ကြသေးတယ်။ ဒါပေမယ့် စီးပွားရေးအသိုင်းအ၀န်းနဲ့ တွေ့ဆုံဖို့ ဒေါ်စု ဘယ်တော့မှ မငြင်းဆန်ခဲ့ပါဘူး။ ဥပမာပြောရရင် ၂၀၀၂ ခုနှစ် ဩဂုတ်လမှာ “အင်္ဂါအသင်း”လို့ ရန်ကုန်မှာ နာမည်ကြီးတဲ့ ထိပ်တန်းစီးပွားရေးသမားတွေက သူမကို နေ့လယ်စာစားဖို့ ဖိတ်ကြားခဲ့ဖူးပါတယ်။ အဲ့ဒီမှာ သီးသန့်ရွေးချယ် ဖိတ်ကြားထားတဲ့ နိုင်ငံခြားသား စီးပွားရေးသမားတစုကို ခရီးသွားလုပ်ငန်းနဲ့ အခြားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ပတ်သက်လို့ တိုင်းပြည်သယံဇာတ အရင်းအမြစ်တွေနဲ့ နိုင်ငံ့ယဉ်ကျေးမှုတွေကိုပါ ထည့်သွင်းစဉ်စားထားတဲ့ သူမရဲ့သဘောထားအမြင်တွေကို ရှင်းပြခွင့်ရခဲ့တယ်။


နေ့လယ်စာစားပွဲကို တက်ကြသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆိုရှယ်ဒီမိုကရက် ဈေးကွက်သဘောတရားတွေကို စာနာထောက်ခံဖို့ တင်းခံခဲ့ကြပေမယ့် တိုင်းပြည်အနာဂတ် ကောင်းစားရေးအတွက်ဆို သူမ ခေါင်းဆောင်မှရမယ်လို့ လက်ခံသွားကြပါတယ်။


ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီကြီးတွေဖြစ်တဲ့ တိုတဲလ်နဲ့ ယူနိုကယ်တို့က အမှုဆောင်အရာရှိတွေဆို အငြင်းပွားနေတဲ့ ရဲတံခွန်ရေနံ ပိုက်လိုင်းရှိရာဒေသကို သွားရောက်ကြည့်ရှုဖို့ ဖိတ်ကြားခဲ့ကြတယ်။ အဲ့ဒီခရီးစဉ်ကို တားမြစ်ခဲ့တာတော့ စစ်အစိုးရပါပဲ။


အမေရိကန် စီအိုင်အေ ဒါမှမဟုတ် ဗြိတိသျှထောက်လှမ်းရေးအမှတ် ၆ အတွက် အလုပ်လုပ်ပေးနေတယ်၊ အိမ်နီးချင်းနိုင်ငံ တွေကို ဂရုမစိုက်ဘူး၊ အနောက်နိုင်ငံတွေကိုပဲ ဦးစားပေးဆက်ဆံတယ် စတဲ့ စွပ်စွဲချက်တွေထွက်လာချိန်မှာ အာဆီယံ ကိုယ်စားလှယ်တွေနဲ့ ပိုတွေ့ဖို့ သူမ သဘောတူခဲ့တယ်။ အဆုံးမှာတော့ နောက်ဆုတ်သွားကြသူတွေက အာဆီယံကိုယ်စား လှယ်တွေပဲ ဖြစ်ပါတယ်။ သူမကို နေ့လယ်စာစားဖို့ ဖိတ်ကြားခဲ့လို့ သူ့အစိုးရရဲ့ အပြင်းအထန်ကန့်ကွက်တာကို မလေးရှား သံအမတ် ခံခဲ့ရတယ်။


တိုင်းပြည်မှာ အဓိကကျပြီး ရှုပ်ထွေးတဲ့ တိုင်းရင်းသားပြဿနာနဲ့ ပတ်သက်ပြီးလည်း တိကျတဲ့အမြင်မရှိဘူးလို့ ဝေဖန်ခံခဲ့ ရတယ်။ ဒီလိုနဲ့ လူများစုမြေပြန့်သားတွေနဲ့ တောင်တန်းသားတွေအကြား မယုံကြည်မှုတွေ ပိုဖြစ်လာစေခဲ့တယ်။ ဒါပေမယ့် ၁၉၉၇ ခုနှစ်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးမယူထားတဲ့ တိုင်းရင်းသားအဖွဲ့တွေစုစည်းပြီး ထုတ်ပြန်ခဲ့တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံ ညှိနှိုင်းရေးအစီအစဉ် ကြေညာချက်ကို သူမ ထောက်ခံခဲ့တဲ့အတွက် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ရရှိခဲ့တယ်။
စစ်ဗိုလ်ချုပ်တွေနဲ့ပတ်သက်လာရင် တွေ့ဆုံဆွေးနွေးရေးကို သူမ အမြဲတမ်းတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ် ခေါင်းဆောင်တွေက တွေ့တယ်ဆိုရုံပဲ တွေ့ခဲ့ပါတယ်။ ဒါကိုကြည့်ရင် တွေ့ဆုံဆွေးနွေးရေးကို အလေးအနက်မထားတဲ့ လက္ခဏာပါပဲ။


အဆိုးဆုံးအခြေအနေတွေမှာတောင် သူမဟာ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေပါတယ်။ ၂၀၀၃ ခုနှစ် ဇွန်လမှာ ဒီပဲယင်းမြို့အနီးမှာ စစ်အစိုးရက သူမကိုထောက်ခံသူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက် သူမကို အင်းစိန်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်လိုက်တယ်။ ရက်အနည်းငယ်အကြာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ်ကို သူမ အကျဉ်းကျခံနေရတဲ့ တဲငယ်လေးတခုထဲမှာ လာရောက်တွေ့ဆုံခွင့်ပြုလိုက်တယ်။ မစ္စတာ ရာဇာလီကို ဒေါ်စု ပထမဆုံးပြောတာက “ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမဘက်က အသင့်ရှိနေတုန်းဆိုတာ အစိုးရကို ပြောလိုက်ပါ”တဲ့။


၂၀၀၄ ခုနှစ် မတ်လမှာ စစ်အစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံကို ဆွေးနွေးဖို့ကမ်းလှမ်းတဲ့ စာတစောင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည် ရေးသားပေးပို့ခဲ့တယ်။ ကျွန်တော်တို့သိရသလောက်တော့ စစ်ခေါင်းဆောင်ကြီးက ဘာမှအကြောင်းမပြန်ကြားခဲ့သလို တွေ့ဆုံဆွေးနွေးမှုလည်းမဖြစ်ခဲ့တာ သေချာပါတယ်။


ဝန်ကြီးချုပ်ဟောင်းနဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်ကတော့ နားလည်ရခက်တဲ့သူ တယောက် အဖြစ် ရှိနေဆဲပါ။ သက္ကရာဇ်၂၀၀၀ မှာ အတိုက်အခံပါတီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေစတင်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကို တာဝန်ပေးလိုက်တော့ မျှော်လင့်ချက်တွေ အခိုက်အတန့် မြင့်မားသွားခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်ချင်းပဲ အန္တရာယ်ကို တွက်ဆနိုင်ခဲ့တယ်။ အဲ့ဒီဖြစ်စဉ်ထဲ ပါဝင်ပတ်သက်နေတဲ့ သံတမန်တွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်ကို သိပ်မတင်ပေးဖို့ အကြံပေးခဲ့တယ်။


သူလုပ်နိုင်တဲ့ တိုးတက်မှုမှန်သမျှ ပျက်ဆီးသွားမှာ စိုးရိမ်လို့ဖြစ်ပါတယ်။ နောက်ဆုံးတော့ ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင် သူ့ကိုယ်သူထင်ပေါ်အောင် အလွန်အကျွံလုပ်လာခဲ့တယ်။ ပေးထားတဲ့တာဝန်ကိုအသုံးချပြီး သူ့ရဲ့နိုင်ငံရေး အနေအထားကို ပိုပြီးကောင်းအောင် လုပ်တယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အာဏာကို ခြိမ်းခြောက် နေတယ်လို့ ရှင်းရှင်းလင်းလင်းဖြစ်လာတဲ့အချိန်မှာတော့ ရာထူးကဖယ်ရှားခြင်း ခံလိုက်ရတယ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့နှစ်ဦးစလုံး နေအိမ်မှာ အကျယ်ချုပ်ဘ၀နဲ့ နေထိုင်နေရတာ သမိုင်း သက်သေပါ။ ဒါပေမယ့် တနေ့ ဗိုလ်ချုပ်ခင်ညွန့် လွတ်မြောက်လာခဲ့ရင် ဘယ်သူတွေက သူ့ကို သတိရကြဦးမှာလဲ။


ဒေါ်အောင်ဆန်းစုကြည် ရေပန်းစားချက်ကတော့ အမြဲတမ်းခိုင်မာလျက်ပါ။ ရန်ကုန်မြို့က အဌားယာဉ်မောင်းသမားတဦးကို ဖြစ်ဖြစ်၊ ယွန်းဆိုင်ပိုင်ရှင်တဦးကိုဖြစ်ဖြစ်၊ မော်လမြိုင် မြို့က စားသောက်ဆိုင် မန်နေဂျာတဦးကိုဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘားအံမြို့က သံဃာတပါး ကိုပဲဖြစ်ဖြစ် သူမနာမည်ကိုပြောလိုက်တာနဲ့ သူတို့ဆီက ချစ်ခင်မြတ်နိုးခြင်းတွေ၊ မျှော်လင့်ချက် အရိပ်အယောင်တွေ အမြဲလို ယှက်သန်းလာစမြဲပါ။


သီရီ ဖဲလိစ်သည် အရှေ့တောင်အာရှ အခြေစိုက် ဘယ်လ်ဂျီယံနိုင်ငံသား ဓါတ်ပုံ သတင်းထောက်တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြင်သစ်ဘာသာနှင့် စာအုပ်တအုပ်ကို မကြာခင်ကမှ ရေးသားထုတ်ဝေထားသည်။

၂၀၀၇ ခုနှစ် ဧပြီလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Time, the Generals and Aung San Suu Kyi By Thierry Falise ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။



No comments: