မြန်မာပြဿနာနှင့် ရှေ့မတိုး-နောက်မဆုတ်သာ အာဆီယံ
ဒေါက်တာ ပါဗင် ချာချာဝါပုန်ပန် သြဂုတ် ၃၊ ၂၀၀၇
ပြီးခဲ့သည့် ဇူလိုင်လသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သို့ မြန်မာနိုင်ငံကို ၀င်ခွင့်ပြုခဲ့သည်မှာ ၁၀ နှစ် တင်းတင်းပြည့်ခဲ့ပြီ။ လွန်ခဲ့သော ၁၀ စုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ နာတာရှည် နိုင်ငံရေးအကျပ်အတည်း၊ စစ် အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများလုပ်ရန် တွန့်ဆုတ်ဖင့်နှေးနေမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အတိုက်အခံ များအား ဆက်လက်ဖမ်းဆီးထောင်ချနေမှုများ ရှိနေခဲ့သည်။ ဤအခြေအနေတို့က ကမ္ဘာ့အလယ်တွင် အာဆီယံ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေပြီး မေးခွန်းထုတ်ဖွယ် ဖြစ်လာရသည်။
ပြီးခဲ့သည့် ဇူလိုင်လသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သို့ မြန်မာနိုင်ငံကို ၀င်ခွင့်ပြုခဲ့သည်မှာ ၁၀ နှစ် တင်းတင်းပြည့်ခဲ့ပြီ။ လွန်ခဲ့သော ၁၀ စုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ နာတာရှည် နိုင်ငံရေးအကျပ်အတည်း၊ စစ် အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများလုပ်ရန် တွန့်ဆုတ်ဖင့်နှေးနေမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အတိုက်အခံ များအား ဆက်လက်ဖမ်းဆီးထောင်ချနေမှုများ ရှိနေခဲ့သည်။ ဤအခြေအနေတို့က ကမ္ဘာ့အလယ်တွင် အာဆီယံ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေပြီး မေးခွန်းထုတ်ဖွယ် ဖြစ်လာရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးနိုင်ရန် အာဆီယံအဖွဲ့ ကြီးက မစွမ်းနိုင်သေးသရွေ့ ဒေသတွင်း ဥသျှောင်အဖွဲ့အဖြစ် ထူထောင်သွားရန် အားထုတ်ကြိုးပမ်းမှုများကလည်း မအောင်မြင်နိုင်၊ ပို၍ ခက်ခဲရှုပ်ထွေးစေခဲ့သည်။ ဆယ်နှစ်ကာလ လွန်မြောက်လာပြီဖြစ်ရာ အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ အဖွဲ့ဝင်ဖြစ်မှုကိုလည်းကောင်း၊ မြန်မာ အစိုးရကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုများ လုပ်ဆောင်စေရန် ကျန်အဖွဲ့ဝင်နိုင်ငံများက ဖိအားမပေးနိုင်၊ မစွမ်းနိုင် ဖြစ်ခဲ့ရမှု များကိုလည်းကောင်း နက်နက်နဲနဲ ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ ဖြစ်သည်။ အာဆီယံအဖွဲ့အနေဖြင့် အဖွဲ့ကြီး၏ နောင် အနာဂတ် ဖြစ်ပေါ်တိုးတက် မှုများတွင် မြန်မာနိုင်ငံက ထိုက်ထိုက်တန်တန် မည်ကဲ့သို့ ပါဝင်အကျိုးပြုနိုင်မည် ဆိုသည်ကိုပါ မိမိကိုယ်ကို မညှာတမ်းမေးခွန်းထုတ်ရတော့မည့် အချိန်လည်း ဖြစ်ပါသည်။
ဤသို့ ပြန်လည်သုံးသပ်ချက်များ ပြုမည်ဆိုလျှင် အာဆီယံက မစွမ်းနိုင်ခဲ့သော ကိစ္စရပ်များမှ အစပြုရလိမ့်မည် ဖြစ်သည်။ ပြောရလျှင် မြန်မာနိုင်ငံကို ယနေ့ ခေတ်မီကမ္ဘာ့အသိုင်းအ၀န်းထဲသို့သွတ်သွင်းရန် ကြိုးပမ်းခဲ့ရာတွင် မအောင်မြင်ခဲ့မှုကို ပြန်လည် သုံးသပ်ရမည် ဖြစ်သည်။ မြန်မာစစ်အစိုးရသည် အဖွဲ့ဝင်ဖြစ်လာသည်နှင့် တပြိုင်နက် အဖွဲ့ကြီးသို့ ကတိက၀တ် များစွာ ပေးအပ်ခဲ့သည်။ သို့သော်လည်း ၎င်း၏နိုင်ငံရေးလမ်းကြောင်းကို ပြောင်းလဲပြုပြင်ရန် ဒေသတွင်းနှင့် နိုင်ငံတကာမှ ဖိအားပေးလာမှုများကို တခုပြီးတခု ဗြောင်ကျစွာ ဆန့်ကျင်ချိုးဖောက်ခဲ့သည်သာ ဖြစ်သည်။ ထိုမျှမက မြန်မာနိုင်ငံက စွမ်းအင်လောင်စာအတွက် ငမ်းငမ်းတက်ဖြစ်နေကြသော အိမ်နီးချင်းနိုင်ငံများကို သဘာဝ အရင်းအမြစ်များဖြင့် ဖျားယောင်းသိမ်းသွင်း၍၊ အာဆီယံအဖွဲ့ကို နိုင်ငံတကာ၏ အမျက်ဒေါသများမှ အကာအကွယ်အတွက် ဒိုင်းလွှားသဖွယ်ပင် အသုံးချနေပါသေးသည်။
ထိုင်းနိုင်ငံက “အပြုသဘောဆက်ဆံရေး” မူဝါဒကို ကမကထပြုခဲ့ပြီး မြန်မာစစ်အစိုးရကို ၀ိုင်းပယ်ထားခြင်းထက် စားပွဲဝိုင်း အတွင်း ရှိနေစေ၍ သိမ်းသွင်းဖြောင်းဖျခြင်းက ပိုကောင်းကြောင်း ကမ္ဘာ့အခြားနိုင်ငံများကို တိုက်တွန်းခဲ့ပါသည်။ ယခုအခါ ဤမူဝါဒသည်လည်း အလုပ်မဖြစ်၊ မအောင်မြင်ကြောင်း ထင်ရှားနေပြီ ဖြစ်သည်။ လက်တွေ့တွင် ထိုမူဝါဒအနေဖြင့် အပြု သဘောမဆောင်သကဲ့သို့ စစ်အစိုးရကိုလည်း သိမ်းသွင်းစည်းရုံးမထားနိုင်ခဲ့ပါ။ ထိန်းချုပ်မှုလည်း မဖြစ်ခဲ့ပါ။ ရက်စက် ရမ်း ကားသော မြန်မာစစ်အစိုးရကို အာဆီယံ၏ကောင်းချီး သြဘာဖြင့် ဥပဒေကြောင်းအရ တရားဝင်အောင် ပြုပေးခဲ့သည့်နှယ် သာ ဖြစ်စေခဲ့ပါသည်။
နောက်ပိုင်းပြောင်းလဲကျင့်သုံးခဲ့သော “ပျော့ပြောင်းသော ထိန်းချုပ်ပါဝင်စေရေး” (Flexible engagement) မူဝါဒမှာလည်း အလုပ် မဖြစ်ခဲ့ပါ။ နိုင်ငံတခု၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏အခြေခံမူကို ချိုး ဖောက်ရာ ရောက်စေသည်ဟူ၍ တွေးမြင်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် ပြောင်းလဲမှုဖြစ်ပေါ်စေရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှု မအောင်မြင်ခြင်းအကြောင်းတွင် အရေးကြီး သည့် အချက် ၂ ချက် ပါဝင်ပါသည်။ပထမအချက်မှာ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအစုအဖွဲ့အများနှင့် လျှော်ညီစွာ တူညီ သောစံနှုန်း၊ ရည်မှန်းချက်များရှိမည်ဟု ရိုးစင်းစွာ မှတ်ယူထားမှု ဖြစ်သည်။ ဒုတိယအချက်မှာ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒများကို အလားအလာရှိသည့်အတိုင်း အကောင်အထည်ဖော်ရန်အတွက် အလုပ်ဖြစ်နိုင်သော မဟာဗျူဟာ လည်းမရှိ၊ စုပေါင်းတာဝန်ယူလိုသည့် ဆန္ဒလည်း မရှိကြခြင်းပင် ဖြစ်ပါသည်။
ယခုမူ မေးစရာများစွာ ထွက်ပေါ်ခဲ့ပြီ ဖြစ်သည်။ အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံပြဿနာအတွက် လက်တွေ့ကျသည့် မဟာဗျူဟာတရပ်ရပ် ထွက်ပေါ်လာရန် ချမှတ်ခဲ့ဖူးပါသလော၊ မြန်မာနိုင်ငံပြဿနာသည် အဖွဲ့ကြီး၏ ဂုဏ်သိက္ခာကို ဆက်လက် ထိခိုက်နေစေမည်ဆိုလျှင် အဖွဲ့အနေဖြင့် မြန်မာစစ်အစိုးရကို မည်သို့ဆက်ဆံကြမည်နည်း၊ မည်ကဲ့သို့သော လုပ်ထုံးလုပ်နည်းများဖြင့် ဆက်ဆံကြမည်နည်း။ မဖြစ်မနေဖြေကြားရမည့် အထက်ပါမေးခွန်းများကို မကိုင်တွယ်နိုင်ပါက အဖွဲ့၏သြဇာအာဏာကို ပို၍ ထိခိုက်စေမည် ဖြစ်ပါသည်။ သို့မဟုတ် ထို့ထက် ပိုမိုဆိုးရွားသော အနေအထားမျိုးသို့ပင် ဦးတည်သွားနိုင်ပါသည်။ ကမ္ဘာ့မိသားစုအသိုင်းအ၀န်းတွင် အာဆီယံကို စံမမီ၊ အရေးမပါဟု မြင်လာကြဖွယ် ရှိပါသည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်းက အာဆီယံက မြန်မာနိုင်ငံပြဿနာကို ဒေသတွင်းကိစ္စအဖြစ်သာ မြင်ခဲ့ကြသည်။ ဒေသ အတွင်း ဖြေရှင်းနိုင်သည်ဟု မြင်ခဲ့ကြသည်။ အဖွဲ့၏ ကျယ်ပြန့်မှုနှင့် သြဇာကိုချဲ့ထွင်နိုင်ရန်အတွက် ဖြစ်ရှိနေသော အဟန့် အတားများကို ကျော်လွှားရန် အာရုံစိုက်ကြိုးပမ်းနေချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ဦးစား မပေးနိုင်ခဲ့ကြပါ။
အကယ်၍ မြန်မာနိုင်ငံသာ အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကိုရယူခဲ့လျှင် ဤအခြေအနေသည် တာဝန်ယူမှုရှိရှိဖြင့် ဆောင်ရွက် တတ်သော အဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်လာမည်ဟု မျှော်လင့်ထားခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို မည်သူ့မျက်နှာကိုမျှမထောက်ဘဲ အလေးမထားသလို စွန့်လွှတ်သွားခဲ့ပါသည်။
အကယ်၍သာ မြန်မာစစ်အစိုးရကို ဇက်သတ်ရန်နှင့် မြန်မာအစိုးရအား ၎င်း၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည့် ကတိက၀တ်များကို လေးစားလိုက်နာရန် နားမချနိုင်ဖြစ်နေပါက နိုင်ငံတကာ နိုင်ငံရေးအ၀န်းအ၀ိုင်းနှင့် အဆက်ဖြတ် ခံရ နိုင်သည့်အန္တရာယ်ရှိကြောင်းကို အာဆီယံအနေဖြင့် မကြာသေးမီ ကာလကမှသာ သတိပြုမိလာခဲ့ပါသည်။
ရေရှည်ရည်မှန်းချက်များဖြစ်သော ၂၀၁၅ ခုနှစ်တွင် အရှေ့တောင်အာရှဘုံမိသားစု (Asean community) ဖွဲ့စည်းတည် ထောင်ရန်နှင့် ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ကြေညာရန် ပြင်ဆင်ထားသည့် အာဆီယံပဋိညာဉ်စာတမ်းတို့က ရှိနေပါသည်။ ဤအချက်များကို မြန်မာနိုင်ငံက လိုက်နာဖို့ အရေးတကြီး လိုအပ်နေပါသည်။ သို့ဖြင့် အဖွဲ့က မြန်မာနိုင်ငံနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်ရန် လောဆော်လာရပါသည်။ အရေးကြီးကြောင်း အသိအမှတ်ပြု လာရပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံပြဿနာသည် အာဆီယံနှင့် ပြင်ပဒေသများ ဆက်ဆံရေးကိစ္စများတွင် အထူးသဖြင့် ဥရောပနိုင်ငံများ၊ အမေရိကတို့နှင့် ဆက်ဆံရေးတွင် အစဉ်တစိုက် အဟန့်အတား ဖြစ်နေစေခဲ့ပါသည်။
သို့နှင့် မကြာသေးမီကပင် အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံအနေဖြင့် ရှေ့လျှောက်နိုင်ငံတကာ အသိုင်းအ၀န်း၏ ရှေ့မှောက်တွင် ကိုယ့်ပြဿနာကို ကိုယ့်ဘာသာ ခုခံကာကွယ်ရန် လိုလိမ့်မည်ဖြစ်ကြောင်း အများက ၀င်ရောက်ဖြေရှင်း ပေးနိုင်ကြလိမ့်မည် မဟုတ်တော့ဟု ထုတ်ဖော် ကြေညာခဲ့ပါသည်။ စစ်အစိုးရက ၎င်း၏ ဒီမိုကရေစီလမ်းပြမြေပုံကို အကောင်အထည်ဖော်သည့်နေရာတွင် ဖင့်နှေးကြန့်ကြာနေရမှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂဆွေးနွေးပွဲ ကျင်းပရန်ပင် အချို့အာဆီယံ အဖွဲ့ဝင်နိုင်ငံများက လိုလားတောင်းဆို လာကြပါသည်။
ဤနေရာတွင် အာဆီယံအဖွဲ့အနေဖြင့် လုပ်ဆောင်သင့်သည်မှာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်း၏ ဆက်ဆံဆောင်ရွက်မှု သံတမန်စည်းဝိုင်းကို ချဲ့ထွင်ရန်ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံပြဿနာကို ဒေသတွင်းပြဿနာအဖြစ်မှ အရှေ့အာရှတခုလုံး ဆိုင်ရာ ပြဿနာအဖြစ်သို့ ပြောင်းလဲလိုက်ရန် လိုအပ်နေပါသည်။ ထိုသို့ပြုလုပ်နိုင်ပါက မြန်မာစစ်အစိုးရအပေါ် ကြီးစွာသော ဖိအား ဖြစ်လာပါလိမ့်မည်။
ရှိနှင့်ပြီးသား လုပ်ငန်းစဉ် တွေ့ဆုံပွဲများဖြစ်သည့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ East Asia Summit မှတဆင့် အာဆီယံ အနေဖြင့် မြန်မာနိုင်ငံ၏ ဆုတ်ယုတ်ယိုယွင်းလာနေသော အခြေအနေကို တရုတ်နှင့်အိန္ဒိယနိုင်ငံများနှင့် အကြေအလည် ဆွေးနွေးရန် လိုအပ်ပါသည်။ ၎င်းတရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည်
အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ချိန်မှစ၍ မြန်မာနိုင်ငံကို အနီးကပ်မဟာမိတ်အဖြစ်ဆက်ဆံခဲ့သော နိုင်ငံကြီး ၂ နိုင်ငံလည်း ဖြစ်ပါသည်။
အာဆီယံအတွက် အခက်ခဲဆုံးအလုပ်မှာ တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ကို မိမိတို့၏ မဟာဗျူဟာအကျိုးစီးပွားအစား လူ့အခွင့် အရေးကိစ္စကို ရှေ့တန်းတင်ရန် လိုအပ်ကြောင်း ဖျောင်းဖျပြောဆိုရန် ကိစ္စပင် ဖြစ်ပါသည်။ “ မြန်မာနိုင်ငံ ကို မိမိတို့၏ မဟာဗျူဟာ အကျိုးစီးပွားအတွက် တကိုယ်ကောင်းဆန်စွာ ဆက်ဆံခြင်းသည် လွန်ခဲ့သောဆယ်စုနှစ် အနည်းငယ် အတွင်းက အရှေ့အလယ်ပိုင်းဒေသအပေါ် အမေရိကန်ပြည်ထောင်စု၏ စွမ်းအင်အလေးကဲသောမူဝါဒနှင့် ဆက်ဆံခဲ့ခြင်း မျိုး နှင့် တန်းတူ အန္တရာယ်များလိမ့်မည်ဟု အာဆီယံအနေဖြင့် သတိပေးထောက်ပြနိုင်ကြောင်း” စင်္ကာပူနိုင်ငံ အာရှတောင် အာရှဒေသ စူးစမ်း လေ့လာရေးတက္ကသိုလ် (Institute of Southeast Asian Studies) မှ သုတေသီ တဦး ဖြစ်သူ မိုက်ခေးလ် ဗာတီကီအိုးတစ် (Michael Vatikiotis) က ထောက်ပြထားပါသည်။
မြန်မာနိုင်ငံသည် အဆုံးအဖြတ်ပေးရမည့် လမ်းဆုံလမ်းခွသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ ၎င်း၏ ငါ့မင်းငါ့ချင်း ၀ါဒကို ဆက်လက်ဆွဲကိုင်နေမည်ဆိုပါက အာဆီယံအဖွဲ့တွင်းရှိ ၎င်း၏အနာဂတ်မှာ လှပနိုင်တော့မည် မဟုတ်ပါ။ လာမည့်ဆယ်နှစ် တာကာလသည် အာဆီယံအတွက်ရော မြန်မာနိုင်ငံအတွက်ပါ ပို၍ အဆုံးအဖြတ်ကျသော ကာလဖြစ်ပါလိမ့်မည်။ အာဆီယံ အဖွဲ့၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသေးစားအဖြစ် မှတ်ယူနေကြသော ကျင့်သုံးအသက်ဝင်လာရန် ရှိသည့် အာဆီယံ ပဋိညာဉ်ဥပဒေ ထွက်ပေါ်လာပါက မြန်မာနိုင်ငံ၏ အဖွဲ့ဝင်ဖြစ်မှုအနေအထားမှာ ပို၍ပင် ရှုပ်ထွေးသွားစေနိုင်ပါသည်။ အာဆီယံအနေဖြင့် မြန်မာနိုင်ငံသည် ကာကွယ်စောင့်ရှောက်မှုပေးရန် ထိုက်တန်သော အဖွဲ့ဝင်နိုင်ငံလော၊ သို့မဟုတ် အဖွဲ့ကြီးအတွက် ဆန်ကုန်မြေလေးလော ဆိုသည်ကို ဆုံးဖြတ်ရန် အတင်းအကျပ် ဖိအားသက်ရောက်လာလိမ့်မည် ဖြစ်ပါသည်။
၂၀၀၇ ခုနှစ် သြဂုတ်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Dr. Pavin Chachavalpongpun ရေးသော The Asean Dilemma ကို ဆီလျော်အောင် ပြန်ဆိုပါသည်။
ဒေါက်တာ ပါဗင် ချာချာဝါပုံပန် (Dr. Pavin Chachavalpongpun) သည် University Press of America မှ ထုတ်ဝေသော A Plastic Nation: The Curse of Thainess in Thai-Burmese Relations စာအုပ်ကိုရေးသားသူ ဖြစ်ပါသည်။
No comments:
Post a Comment