Saturday, August 4, 2007

မဇ္ဈိမသတင်းဌာန
ကေအိုင်အို တောင်းဆိုချက် ၁၉ ချက် ဆွေးနွေးဖို့ မသေချာ
သြဂုတ်လ ၃ ရက်၊ ၂၀၀၇ ခုနှစ်။
လက်ရှိ ကျင်းပနေသည့် အမျိုးသား ညီလာခံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးရာ ဆွေးနွေးပွဲအတွင်း ဖြည့်စွက် ထည့်သွင်းထားသော ကချင် လက်နက်ကိုင်အဖွဲ့ ကေအိုင်အို၏ အကြံပြု တင်ပြချက် ၁၉ ချက်ကို ဆွေးနွေးခြင်း ရှိ၊ မရှိ မသိရသေးကြောင်း ကေအိုင်အိုက ထုတ်ဖော် ပြောဆိုသည်။


နောက်ဆုံးအကြိမ် ကျင်းပသည် ဆိုသော နအဖ၏ အမျိုးသား ညီလာခံတွင် ပြင်ဆင် ဖြည့်စွက်ပေးရန် အတွက် ကေအိုင်အိုက ဖက်ဒရယ်ရေးရာ အချက် ၁၉ ချက်ပါ တောင်းဆိုချက်ကို တင်ပြခဲ့သော်လည်း ဆွေးနွေးခြင်း ရှိ၊ မရှိကို အားလပ်ရက် အိမ်ပြန်လာကြသော ညီလာခံ ကိုယ်စားလှယ်များက ထုတ်ဖော် ပြောဆိုခြင်း မရှိသေးသဖြင့် တောင်းဆိုချက်နှင့် ပတ်သက်၍ တစုံတရာ မသိရှိရသေးခြင်း ဖြစ်ကြောင်း သိရသည်။ “ဆွေးနွေးတယ်၊ မဆွေးနွေးဘူး ဆိုတာကို သိနိုင်ဖို့က အထဲက လူတွေက အပြင်ထွက်လာပြီး ပြောပြသေးခြင်း မရှိသေးတော့ ကျနော်တို့ ဘာမှ မသိရသေးပါဘူး။ ဒီတပတ် စနေ၊ တနင်္ဂနွေမှာလည်း အပြင် ထွက်မလာကြဘူး” ဟု ကေအိုင်အို ပြောခွင့်ရ ဒုနိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင်က မဇ္ဈိမကို ပြောသည်။

ယခင်အကြိမ် ညီလာခံ ကျင်းပစဉ်က ညီလာခံ ကိုယ်စားလှယ်များကို အပြင်ထွက်ခွင့် မပေးခဲ့သော်လည်း ယခုအကြိမ်တွင် ကိုယ်စားလှယ်များက အပြင်ထွက်ခွင့် ရကြသည်ဟု ရန်ကုန်မြို့ရှိ ကေအိုင်အို ရုံးကလည်း အတည်ပြု ပြောဆိုခဲ့သည်။

တင်ပြ တောင်းဆိုထားသည့် ၁၉ ချက်ကို လတ်တလော ဆွေးနွေးမှုနှင့် ကိုက်ညီသော အချက်များကိုမူ ဆွေးနွေးနိုင်ပြီး မကိုက်ညီသော အချို့အချက်များကိုမူ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးချိန်တွင် ဆွေးနွေးကြမည် ဖြစ်သောကြောင့် တောင်းဆိုချက် ရ၊ မရ အဖြေကို ချက်ချင်း သိနိုင်သေးမည်ဟု မထင်ထားကြောင်း ဂျိမ်းစ်လွမ်းဒေါင်က ဆက်ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးအကဲခတ်သူ ဦးအောင်ကျော်ဇောကမူ နအဖ စစ်အစိုးရ အနေဖြင့် ကေအိုင်အို၏ တောင်းဆိုချက် အလုံးစုံကို လိုက်လျောလိမ့်မည်ဟု မယူဆကြောင်း သုံးသပ် ပြောဆိုသည်။

သူက “ကျနော်ကတော့ မထင်ဘူးဗျ။ ၁၉ ချက်ထဲမှာ တချက်တချက်ပဲ လုပ်ပေးရင် လုပ်ပေးမှာ။ အဓိကျတဲ့ အချက်တွေကိုတော့ မပေးနိုင်ပါဘူး။ ဥပမာ - သက်ဆိုင်ရာ ပြည်နယ်မှာ သက်ဆိုင်ရာ ပြည်သူတွေက ရွေးကောက် တင်မြောက်တဲ့ လူမျိုးစု ခေါင်းဆောင်တွေကို ဘယ်တော့မှ အာဏာပေးမှာ မဟုတ်ဘူး” ဟု ပြောသည်။
သူက ဆက်ပြီး ဖွဲ့စည်းပုံတွင် ပြင်ဆင် ဖြည့်စွက်သင့်သည်များကို ပြင်ဆင် ဖြည့်စွက်ကာ လူမျိုးစု တိုင်းရင်းသား အခွင့်အရေး များကိုလည်း ထည့်သွင်းပေးပြီး နအဖ နိုင်ငံရေး လုပ်ငန်းစဉ် ၇ ရပ်တွင် ဒေါ်အောင်ဆန်း စုကြည်၊ ဦးခွန်ထွန်ဦး အစရှိသည့် ခေါင်းဆောင်ကြီးများကို တနေရာပေးကာ မုချ ပါဝင်ခွင့် ပေးရမည် ဟူသည့် ကုလသမဂ္ဂ၏ သဘောထားအတိုင်း နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ နအဖကို တပြိုင်တည်း ဖိအား ပေးမှသာလျှင် ကေအိုင်အို၏ တောင်းဆိုချက်သည်လည်း တစုံတရာ အားရှိ သွားနိုင်ဖွယ် ရှိသည်ဟု ထောက်ပြ ပြောဆို သွားသည်။

တရုတ်-မြန်မာ နယ်စပ်မှ လာသော သတင်းများ အရ နအဖ၏ အမျိုးသား ညီလာခံမှ ထွက်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြည်နယ် တိုင်းရင်းသားများ၏ အခွင့်အရေးကို ချိုးနှိမ် ထားပါက ပြန်လည်၍ ပုန်ကန် တော်လှန်ကြရန် အတွက် တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်များသည် စစ်ရေး လေ့ကျင့် ပြင်ဆင်မှုများ လုပ်ဆောင် နေသည်ဟု သိရသည်။

ကေအိုင်အို ပြောခွင့်ရ ဂျိမ်းစ်လွမ်းဒေါင်က “ကျနော်တို့က ဒါကို အဖြေပေးဖို့ စောပါသေးတယ်။ ကျနော်တို့မှာ ကြိုတင် အဖြေ ပေးလေ့ပေးထ မရှိပါဘူး။ ကြိုတင် ပြီးတော့မှ ဒါဖြစ်ရင် ဒါလုပ်မယ် ဆိုတဲ့ဟာမျိုး ကြိုပြောလေ့ မရှိပါဘူး ခင်ဗျာ” ဟု ပြောဆိုသည်။


No comments: