Saturday, August 4, 2007

letter from Malaysia

(ဘလော့ဂါမှတ်ချက် - ဟစ်တိုင် မှာ ဖတ်လိုက်ရတဲ့ ပေးစာတစ်စောင်ဗျာ။ မလေးရှားရောက် မြန်မာပြည်သားတစ်ယောက်ရဲ့ လက်ရာ။ သူတို့ကြုံတွေ့နေရတာတွေကို ဖွဲ့နွဲ့ထားတယ်။ ကောင်းသဗျာ ဖတ်ကြည့်ကြပါဦး။)

ဘာလို့လဲ
ညလေး/ ဟစ်တိုင်အင်တာနက်စာမျက်နှာ


ညလေးရဲ့ အတွေးထဲကို ဘာလို့များ မလေးလူမျိုးတွေ အလုပ်မလုပ်ပဲ နေချင်ကြတာလဲ? မလုပ်ပဲလဲ နေနိုင်ကြတာလဲ? ပညာ မသင်ပဲလဲ နေလို့ရနေကြတာလဲ ? ဆိုတဲ့ အတွေးတွေနဲ့ ဆင့်ပွား ခံစားချက်တွေ များလာပြီး ရေးဖြစ်သွားတာပါ။

ကျမရဲ့ အတွေးထဲကို ဒီအတွေးလေး ရောက်ရှိနေခဲ့တာ ကြာပါပြီ။ မလေးရောက်လို့ သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံနဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေ မတူတာတွေ အများကြီးပဲ။ ဒီအတွေးတွေက ကျမ မိန်းကလေး တစ်ယောက်အနေနဲ့ တွေးမိသမျှတွေပါ....။


မလေးနိုင်ငံသားတွေ ၀မ်းရေးအတွက် မပူရဘူး ပြောရမလား။ ထမင်းတစ်ထုပ် ၁ ရင်းဂစ်နဲ့ ဟင်းအနည်းငယ် နှစ်မျိုးလောက် တစ်ယောက်စာ ဆိုရင် ၃ ရင်းဂစ်ပါ၊ ဒါက သတ်မှတ်ထားတာလဲ မဟုတ်ဘူး ထည့်တဲ့ ဟင်းပေါ်မူတည် ပြောင်းလဲသွားတာ၊ တစ်ချို့တွေ ၂ ရင်းဂစ် ၊ ၂ ရင်းဂစ်ခွဲနဲ့လဲ စားနေကြတာပဲ။ ဒီလောက်ဈေးနှုန်းက ဘယ်သူမဆို ၀ယ်စားနိုင်ကြတယ်၊ ဆင်းရဲသားတွေ လမ်းဘေး တောင်းစားနေတဲ့ သူတွေလဲ ဘယ်ဆိုင်မဆို ၀င်ဝယ်စား ဒီဈေးပဲ။ ချမ်းသာတဲ့ ကားအကောင်းစား စီးနေကြတဲ့သူတွေလဲ ဘယ်ဆိုင် ၀င်စားစား ဒီဈေးပဲလေ။ ဘယ်သူ့ ဘယ်သူကိုမှ သတ်မှတ်ချက်နဲ့ ပြောင်းလဲမနေဘူး။ တစ်နပ်စာတော့ ၀သွားမှာပဲ။ ပြီးတော့ အမှိုက်ကောက်တဲ့ သူတောင်မှ စီးစရာ စက်ဘီးလေးနဲ့ တွန်းလှည်းပါတဲ့ ဘီးလေးနင်းလို့ အမှိုက် လိုက်ကောက်နေကြတယ်။

လမ်းလျှောက်ရင်း ကောက်တဲ့သူတွေရော သူတို့ ခါးကြားမှာ ဟန်းဖုန်းပါတယ်။ ဟန်းဖုန်းထုတ်ပြီး စကားပြောနေတဲ့ အမှိုက်ကောက် သမားကို ကျမ တွေ့ရတယ်။ သူတို့ တစ်နေ့ ၀င်ငွေ ဘယ်လောက်ဝင်လဲ ၀င်တဲ့ ငွေပေါ်မူတည်ပြီး ကားကုမ္ပဏီမှာ လပေးသွင်းနဲ့ ကားဝယ်လို့ရတယ်၊ အိမ်ဝယ်လို့ရတယ်၊ ပရိဘောဂ ပစ္စည်းတွေ ၀ယ်လို့ရတယ်။ အို.... သူတို့တွေ ဒီမှာ နေ နေသရွေ့ ကုမ္ပဏီက ၀ယ်ခွင့်ပေးတယ်။ အိမ်ဝယ်ချင်ရင် နှစ်၂၀သွင်းနဲ့ တစ်လကိုမှ ရင်းဂစ် ၅၀၊ ၁၀၀ လောက်ပဲ ပေးရတယ်၊ ကျန်ပစ္စည်းတွေလဲ သူ့နှစ်နဲ့ သူ့နှုန်းနဲ့ သူ သတ်မှတ်ထားကြတယ်၊ ဘာပဲဖြစ်ဖြစ် ပေးနိုင်တယ်။ နိုင်ငံသားတစ်ယောက်က သူ့နိုင်ငံမှာ သူသေတဲ့ထိ နေမှာ မဟုတ်လား။

ပြီးတော့ ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းလေးနဲ့ တတ်နိုင်တဲ့ မော်တော်ယာဉ်ကို ၀ယ်စီးလို့ရတယ်။ အရမ်းကြီး ဟောင်းနေလို့ ဒီကားကဖြင့် မကောင်းတော့ဘူးရယ် ဆိုပြီး ဘယ်သူကမှ နယ်ပို့တာတွေ မလုပ်ဘူး။ သူက ဆိုင်ကယ်ပဲ စီးနိုင်တယ်၊ သူကတော့ ကားဆို စုတ်ပြတ်နေတာပဲ စီးနိုင်တယ်၊ တတ်နိုင်တာ ၀ယ်စီးကြရုံပဲ။ ဂျုံးဂျုံးကျနေတဲ့ ကားတွေလဲ ဥဒဟို သွားလာနေကြတာပဲ၊ ကျမ ရန်ကုန်မှာတုန်းက မြင်ခဲ့ရတဲ့ ကားတွေလိုမျိုး စုတ်ပြတ်နေတာ၊ ညစ်ပတ်နေတဲ့ ကားတွေလဲ ဒီလိုပဲ မောင်းနေကြတာပဲ။ ဆိုင်ကယ်တွေ စီးတာ ပိုများကြတယ်။ ဒီတော့ ဆိုင်ကယ်သွားနိုင်အောင် ယာဉ်တိုက်မှု နည်းနိုင်သမျှနည်းအောင် ဆိုင်ကယ်သွား လမ်းလေးတွေ ထွင်ပေးထားတယ်။ မြေအောက်က ဖောက်လို့တစ်နည်း၊ လမ်းမကြီးဘေးနား လမ်းလေးအဖြစ်နဲ့ တစ်ဖုံပေါ့။ မြန်မာပြည်မှာတော့........

တစ်လကို ရင်းဂစ် ၅၀၀ လောက် ၀င်ငွေရှိနေရင် (ရင်းဂစ် ၅၀၀ ဆိုတာ ညလေးခန့်မှန်းပါ) တစ်အိမ်သားလုံး ထိုင်စားနေနိုင်ကြ တယ်လေ။ မရှိရင်ရော ရတဲ့အလုပ် လုပ်ပေါ့။ မလုပ်ချင်ရင် နာဆီလမက် (Nasi Lemak- မလေး အုန်းထမင်း) ရောင်းစားကြတယ်။ တစ်ချို့တွေ အစားအသောက်တွေကို Pasar Malam (ညဈေး)မှာ ရောင်းကြတယ်၊ ၁ ရင်းဂစ်ဖိုးလဲ ရောင်းကြတယ်။ တစ်နိုင် ပစ္စည်းလေးတွေကို ရအောင် ရောင်းတယ်။ ချက်ပြုတ်စရာ ဟင်းသီးဟင်းရွက် (၃ မျိုး/ ၃ စည်း ၂ ရင်းဂစ်ပါ)၊ အသား၊ ငါး (ပန်းကန်လိုက်ရောင်းတဲ့ သူကလွဲလို့) ကီလိုနဲ့ ချိန်ရောင်းတယ်၊ နည်းနည်းလဲ ၀ယ်လို့ရတယ်။ အသေးအမွှား ပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ အားလုံး ၁ ရင်းဂစ်ပဲ။ မိန်းကလေးတွေအတွက် ကလစ်တို့ ခေါင်းစီးကြိုးတို့ရော ဟုတ်ကဲ့ ၁ ရင်းဂစ်ပါပဲ။ ပစ္စည်း တော်တော်များများကို ၁ ရင်းဂစ်နဲ့ ၀ယ်ယူလို့ ရနေတယ်။ အင်္ကျီတွေဆိုလဲ ၅ ရင်းဂစ်၊ ၁၀ ရင်းဂစ်လောက်နဲ့ ၀ယ်လို့ရတယ်၊ ဒါလဲ တော်တော်ကြီးကို ကောင်းနေပြီ။ ဒီလောက်ဆို သူတို့တွေရဲ့ ၀ယ်သုံးနိုင်မယ့် ပစ္စည်းတွေ ဘယ်လောက်ရှိမလဲ သိကြမှာပါ။
မလေးတွေ ရောင်းတဲ့ `နာဆီလမက်´
(ဖက်ခံ၊ အပေါ်က အုန်းထမင်းပုံပြီး ထမင်းပေါ်ကမှ ငရုတ်သီး ဖျော်ထားတာ လောင်း၊ ငါးနီတူခြောက်ကြော်၊ မြေပဲကြော်၊ ကြက်ဥပြုတ် တစ်စိတ် (တချို့တွေ ကြက်ဥကြော် ပေးတယ်)၊ သခွားသီးနည်းနည်း တင်ပြီး ထုပ်လိုက်တာပဲလေ)


အိမ်စရိတ် ရေဖိုး၊ မီးဖိုးကရော တစ်လလုံးသုံး ရင်းဂစ် ၅၀ မကျော်ပါဘူး။ တအား အသုံးကြမ်းရင်တော့ မတတ်နိုင်ဘူး။ ပျမ်းမျှခြင်း တစ်အိမ်မှာ လူ ငါးယောက်၊ ခြောက်ယောက်နေတယ်ဆိုရင် လုံးဝ ရင်းဂစ် ၅၀ မကျော်ဘူး။ ကျမတို့တွေ နေတဲ့ အိမ်တောင် ရင်းဂစ် ၅၀ မကျော်ဘူးလေ။ ဒီတော့ လူ နှစ်ဦးလောက် အလုပ်ရှိနေတယ် ဆိုရင်ဖြင့် ဒီအိမ်မှာ စိတ်ကြိုက် တန်ဆာဆင်လို့ ရနေပြီလေ။ မြန်မာပြည်မှာရော ပြည်သူတွေက ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို လိုချင်တဲ့ချိန်မှာ ချက်ချင်း ၀ယ်နိုင်ကြပါရဲ့လား....

နေမကောင်းဘူး အသည်းအသန် ဖြစ်နေတယ်၊ ဆေးရုံ တက်ရမယ်ဆိုရင် မလေးလူမျိုးဆို အရမ်း သက်သာပါတယ်။ နိုင်ငံခြားသားက ဈေးတစ်မျိုးပါ။ ကုန်ကုန်ပြောမယ် မလေးလူမျိုး မိန်းမတစ်ယောက် ကလေးမွေးဖို့ ဆေးရုံတက်မွေးရင် မီးဖွားစရိတ် ရင်းဂစ် ၅၀ ပဲ ကုန်ကျပါတယ်တဲ့။ အဲ့လောက်ကို သူတို့ လူမျိုးအပေါ် ပြန်ကြည့်ပေးထားတာပါ။ အပြင် ပုဂ္ဂလိက ဆေးခန်းက ဈေးတစ်မျိုးပဲ။ မြန်မာပြည်မှာရော ဟုတ်ကဲ့ သိကြတဲ့ အတိုင်းပဲပေါ့ ကျမ ရေးမပြတော့ဘူး ကိုယ့်ဖာသာ စဉ်းစားကြည့်ကြပါ။

ပြီးတော့ ဆက်သွယ်ရေး။ ဒီမှာ နေရာတိုင်း အလွယ်တကူ ဆက်လို့ရတဲ့ လမ်းဘေးဖုန်းလေးတွေ ရှိတယ်။ ပြား ၂၀ ရှိရင် အနည်းဆုံးတော့ သုံးမိနစ်လောက် မြို့တွင်း ပြောလို့ရတယ်။ ပြီးတော့ လက်ကိုင်ဖုန်းတွေ သူတို့ နိုင်ငံသားတွေ မွေးလာတာနဲ့ လက်ကိုင်ဖုန်း ကိုင်နိုင်ကြတယ်၊ ကိုင်ဖူးကြတယ်၊ သုံးဖူးကြတယ်၊ မသုံးတတ်တဲ့သူ မရှိသလောက်ပဲ၊ ဟိုးတောရွာ အစွန်အဖျားနားက အဘိုး အဘွားတွေကစ သုံးတတ်ကြတယ်။ မော်ဒယ် အနိမ့် အမြင့်နဲ့ ဈေးတွေပဲ ကွာကြတယ်။ အသစ်ထွက်ရင် ထွက်သမျှ မော်ဒယ် တွေကို ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် အမြင့်ဆုံးထိ ၀ယ်သုံး လဲသုံးလို့ရနေတယ်။ ဖုန်းနံပါတ်ကရော ဟာ လွယ်တာပေါ့ ဖုန်းနံပါတ် ကဒ်တစ်ကဒ်ကို ၄ ရင်းဂစ်နဲ့ ၅ ရင်းဂစ် အဲ့လောက်ပဲလေ လိုင်းကောင်းတယ်။ အင်း ဘာဆက်ပြောရမလဲ... မြန်မာပြည်မှာတော့ ကျမ ဒီလာချိန်ထိ လက်ကိုင်ဖုန်းဆိုတာ အစ်ကိုဝမ်းကွဲ မြန်မာပြည်လာတုန်းက ပေးလို့ ကိုင်ဖူးတာပဲရှိတယ် အထဲမှာ လိုင်းမပါဘူးလေ၊ သိမ်းထားရတာပေါ့။ မြန်မာပြည်က ဟိုးတောရွာနားက အဘိုးတွေ အဘွားတွေ လက်ကိုင်ဖုန်း မပြောနဲ့ တီဗွီတောင် ဖွင့်တတ် ပိတ်တတ်ကြပါရဲ့လား..... (တီဗွီတောင် များသွားလားမသိ။ ဒီ့ထက်သေးတာလဲ မစဉ်းစားမိတော့လို့ပါ)

ပြီးတော့ ဒီမှာ လျှပ်စစ်မီး ဘယ်နေရာမဆို ထိန်လင်းနေကြတာ တွေ့နေရတယ်။ မီးပျက်နေတဲ့အိမ်က မီတာမဆောင်တဲ့ အိမ်နဲ့ လူမနေတဲ့ အိမ်တွေပဲ ရှိမယ်။ တစ်ချို့နေရာတွေ မီးမရှိတာ ရှိမရှိတော့ မသိဘူး။ ကျမ မြင်နေရသမျှတော့ တစ်နိုင်ငံလုံး လင်းနေတာပါပဲ။ မြန်မာပြည်မှာရော အင်း... လင်းနေတာပါပဲ (ဖယောင်းတိုင်၊ အင်ဗာတာ နဲ့ မီးစက် တစ်ခုခုကြောင့်လား)။ ခုထိ လျှပ်စစ်မီး လုံးဝမရှိတဲ့ တောရွာတွေ အပုံကြီး ကျန်နေပါသေးတယ်။ ပြည့်စုံတဲ့နိုင်ငံ ဘယ်တော့များမှ ဖြစ်လာလေမလဲ......

ပြီးတော့ မလေးနိုင်ငံသားတွေ လောင်းကစား မလုပ်ရဘူးလို့ တားမြစ်ထားတယ်။ ဒါ့ကြောင့် Genting Highland လို နေရာမှာတောင် မလေးတွေ လောင်းနေကြတာ မတွေ့ရဘူး၊ တရုတ်တွေပဲ များတယ်။ တစ်ချို့ အနည်းအကျဉ်းတော့ ရှိလိမ့်မှာပါ။ သူတို့လူမျိုးကို ပျက်စီးမှာစိုးတဲ့ စေတနာလား။ မြန်မာနိုင်ငံမှာရော......
ပြီးတော့ ဒီမှာက သတင်းမှန် လွှင့်တယ်။ ဟိုနေရာ ကားတိုက်မှု၊ ဒီနေရာ ဆိုင်ကယ်မှောက်တယ်၊ ဘယ်နေရာမှာ ရေကြီးနေတာ၊ ဘယ်နေရာတော့ ဘာဖြစ်နေပါတယ်၊ လူဘယ်နှစ်ယောက် သေဆုံးသွားပြီး ဘယ်နှစ်ယောက်ဖြင့် ဒဏ်ရာရနေပါတယ်လို့ သတင်းက အတိအကျ ကြေညာတယ်၊ ထုတ်လွှင့်ပေးတယ်။ ဒါမှ ရှောင်သင့်တာ ဆောင်သင့်တာတွေ ပြည်သူတွေ သိကြမှာပေါ့ မဟုတ်ဘူးလား။ သတင်းတွေ ဖျောက်ထားတဲ့ခါမှာ ရလာမယ့် ဆိုးကျိုးတွေကို မသိကြတာလား မသိချင်ယောင် ဆောင်နေကြတာလား...... တစ်ခုခုပဲလေ....

ပြီးတော့ ဒီမှာ ဆူပူ သောင်းကျန်းတဲ့သူတွေ ရှိမရှိတော့ မသိဘူး။ သိပ်တော့မကြားရပါဘူး။ ကိုယ့်ဝင်ငွေနဲ့ ကိုယ် လောက်င နေကြတာကိုး။ မြန်မာပြည်မှာတော့ ခုထက်ထိ ဆက်ကြေးပေးပြီး နေနေရတဲ့ တောရွာတွေ ကျန်နေပါသေးတယ်.....

အဲ့လိုများပြားလှတဲ့ သူတို့ရရှိနေတဲ့ အခွင့်အရေးတွေကို လက်လွတ်ခံပြီး ဘယ်ပြည်သူကရော ဒီ့ပြင် ကိုယ့်တိုင်းပြည် မဟုတ်တဲ့ သူများနိုင်ငံမှာ ကျွန်ဖြစ်ခံပြီး အောက်ကျနောက်ကျ ခံပြီး အလုပ် သွားလုပ်နေဦးမှာလဲ။
ကျမ သဘောကျတာ ဘာဝယ်ဝယ် နိုင်ငံသား (IC ရှိရင်) လပေးသွင်း (Installment) နဲ့ ၀ယ်လို့ရတာပါပဲ။ မလေးတွေ အိမ်လေး ကြည့်လိုက်ရင် ဘာမှသာ မဟုတ်တာ အထဲမှာ ၀ယ်ထားတဲ့ ပစ္စည်းက အကောင်းတွေချည်းပဲ။ ကျမတို့တွေ မြန်မာပြည်မှာ တစ်သက်လုံး သေသည်ထိနေဦး သူတို့တွေ ထမင်းစား ရေသောက်လောက် အလွယ်တကူ ၀ယ်လို့ရနေတဲ့ ဟန်းဖုန်းဆိုတာကို ဒီတစ်သက် မြင်ရပါ့မလား။ ခု နောက်ဆုံးပေါ်နေတဲ့ အိမ်တွင်း အသေးစား ရုပ်ရှင်ရုံလေး တည်ဆောက်လို့ ရနိုင်ပါရဲ့လား။ ကားဆိုလဲ ခုပေါ်တဲ့ မော်ဒယ်အလိုက် ပြောင်းစီးနိုင်ပါရဲ့လား။

ပြီးတော့ သူတို့ အကြီးအကဲ၊ ဟိုနေရာလဲ ဒီလိုပဲ သွားနေတာပဲ ဒီနေရာလဲ သွားနေတာပဲ။ ဘယ်လူကြီးကမှ ငါတော့ လူကြီးပဲ ငါ့ကို ဘယ်သူများ လုပ်ကြံနေမလဲဆိုပြီး ပုန်းအောင်းမနေဘူး။ ကိုယ်နေတဲ့ နေရာလဲ ဘယ်သူမှ အသိမပေးပဲ မနေဘူး။ ဘုရင့် နန်းတော်ရှေ့တောင် ဓါတ်ပုံသွားရိုက်လို့ရသေးတယ်။ ကျမတို့ရဲ့ မြန်မာပြည်က ချစ်လှစွာသော ပြည်သူ့အချစ်တော် နိုင်ငံကို အုပ်ချုပ်နေတဲ့ သူကြီးကရော..... ဘာလို့လဲ... နိုင်ငံအပေါ် ပြည်သူတွေအပေါ် ဒီလောက် ပြန်ကြည့်ပေးထားတာကို ဘယ်ပြည်သူက ချောင်းမြောင်းပြီး လုပ်ကြံနေဦးမှာလဲ... ဘယ်သွားသွား ၀မ်းပန်းတသာ ကြိုနေကြတာပဲ တွေ့နေရတယ်။
ပြီးတော့ နိုင်ငံမှာတွင်းမှာလဲ တရုတ်၊ အိန္ဒိယ စတဲ့ မျိုးမတူတဲ့သူတွေကို ဘယ်လို နေထိုင်စေပြီး ဘယ်လို အုပ်ချုပ်နေလဲ ဘယ်လို အခွင့်အရေးတွေ ပေးထားလဲ ?။ တရုတ်က တရုတ်အရေးလုပ်တယ်၊ အိန္ဒိယက သူ့အရေးသူ ဦးစားပေးတယ်။ သူကလဲ တရုတ်၊ အိန္ဒိယ လူမျိုးတွေရဲ့ ပွဲတော်တွေဆို တက်ရောက် အားပေးတယ်။ ကျင်းပပေးတယ်..... ဒါ့ကြောင့်များလား....

အင်း...ကျမတို့ မြန်မာနိုင်ငံမှာများ လူ့အခွင့်အရေးတွေကို ဒီနိုင်ငံရဲ့ ထက်ဝက်လောက်ပဲ ပေးဦးတော့ မြောက်များလှစွာသော ပြည်သူတွေ၊ လူငယ်တွေ၊ ပညာတတ်တွေ ဘာလို့များ သူများနိုင်ငံတွေမှာ အလုပ် သွားလုပ်နေကြရဦးမှာလဲ။ ဘယ်သူ တစ်ဦး တစ်ယောက်ကရော ကိုယ့်တိုင်းပြည်ကို မချစ်တဲ့သူ ရှိမှာလဲ အခြေအနေအရ လုပ်သင့်တာတွေကို လူငယ်တွေ လုပ်နေကြတာပါ။ တစ်နေ့ဆိုတဲ့ အချိန်ကို ကျမတို့တွေ စောင့်စားရင်း နေလာကြတာ နှစ်ရှည်လများ ကြာလင့်နေခဲ့ပြီ။ ဘယ်တော့များ.... ဘယ်တော့များမှ...... ပြီးတော့ ဘာလို့လဲ... ဘာလို့လဲ.... ဘာလို့လဲ ???????

မြန်မာပြည်ကို ပြန်ရောက်ကြလို့ တစ်ခုခု လိုနေသလို၊ အများကြီးပဲ လိုနေသလို မခံစားရတော့ရင်.....



No comments: