Saturday, August 4, 2007

Funeral of U Ba Win's wife

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘ၀င်း၏ဇနီး ဈာပန ကျင်းပ
NEJ / ၃ သြဂုတ် ၂၀၀၇
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ နံနက် (၂) နာရီ ခန့်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးဘ၀င်း၏ ဇနီး ဒေါ်ခင်စော ဈာပနကို ယနေ့ ညနေ (၄) နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ သင်္ဂြိုဟ်သည်။


ယင်းဈာပနသို့ ဒေါ်ခင်စော၏ မိသားစု မိတ်ဆွေအသိုင်းအ၀န်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်များနှင့် နိုင်ငံရေးလှုပ်ရှားသူ အများအပြား တက်ရောက်ဂါရ၀ပြုကြသည်။

ဈာပနသို့သွားရောက်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဗိုလ်ချုပ် အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် ဈာပနတွင်မူ ဒီမိုကရေစီ အင်အားစုများ အားကောင်းသည့်အချိန် ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးကာစ ဖြစ်သောကြောင့် လူထုကြီးတရပ်လုံး၏အရှိန်၊ စိတ်ဓာတ်အင်အား လိုက်ပါနိုင်မှုများသည် အမြင့်မားဆုံးအချိန်ဖြစ်ပြီး မျက်စိတဆုံး လမ်းများ ပြည့်နှက် သွားအောင် ဈာပနအခမ်းအနားကို ကျင်းပနိုင်ခဲ့သည်ဟု ပြောသည်။

“ဒီနေ့ဒီရက်မှာတော့ ဖိနှိပ်မှုတွေ များပြားလွန်းတဲ့အပြင် ခြိမ်းခြောက်မှုတွေရော ချုပ်ချယ်ကန့်သတ်မှုတွေ တင်းကျပ်လွန်းတဲ့အချိန်ဖြစ်နေတယ်။ အထူးသဖြင့် သတင်းစာတွေထဲမှာတောင် နာရေး ကြော်ငြာ ဖော်ပြခွင့်မရဘူးဆိုတာဟာ လူတွေ စုမှာကိုကြောက်တယ်။ လူတွေစုမှာကို ကြောက်တဲ့ သူတွေဟာ အမှန်တရားကို ရင်မဆိုင်ရဲတဲ့သူတွေ၊ မဟုတ်တာလုပ်တဲ့သူတွေသာဖြစ်တယ်။ လူတွေ စုမိပြီးတော့ အဲဒီအပေါ်ကနေပြီးတော့ တစုံတခုထွက်လာမှာမျိုးကို ကြောက်တာဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်မှာ လက်တွေ့ဘ၀ရဲ့အခြေအနေကို ဒီကနေ့ဈာပနမှာ တနည်းအားဖြင့်ထင်ဟပ်နေတယ်လို့ ကျနော်ခံစားရတယ်” ဟု ပြောသည်။

ဒေါ်ခင်စောသည် ကွယ်လွန်ချိန်တွင် အသက် (၁၀၁) နှစ် ရှိပြီဖြစ်ပြီး ဒေါ်တင်လှဝင်း၊ ဦးစောဝင်း၊ ဦးအေးဝင်း၊ ဒေါ်ခင်မြ၀င်း၊ ဒေါက်တာစိန်ဝင်းနှင့် ဦးထွေးဝင်းတို့ သားသမီး (၆) ဦးကျန်ရစ်သည်။ သားသမီးများအနက် ဒေါက်တာစိန်ဝင်းနှင့် ဦးအေးဝင်းတို့မှာ နိုင်ငံရေးလှုပ်ရှားသူများအဖြစ် ထင်ရှားသည်။

ဒေါ်ခင်စော၏ ဈာပနသို့ သားဖြစ်သူ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ၏ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းမှာ ပြည်ပတွင် ရောက်နေသည့်အတွက် တက်ရောက်နိုင်ခြင်းမရှိဘဲ တူမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာလည်း နေအိမ်အကျယ်ချုပ် ကျခံနေရ၍ တက်ရောက် နိုင်ခြင်းမရှိချေ။

မိသားစုက ဒေါ်ခင်စော၏ နာရေးကြော်ငြာထည့်သည်ကို သတင်းစာတိုက်က ကြော်ငြာခသာ ယူထားလိုက်ပြီး ကြော်ငြာထည့်ပေးခြင်းမရှိကြောင်း၊ အာဇာနည် ခေါင်းဆောင်ကြီးတဦး၏ ဇနီးဖြစ်သူ နာရေးကို ထည့်ခွင့်မပေးခြင်းသည် အကျည်းတန်လှကြောင်း ဦးဘ၀င်း၏ တူဖြစ်သူက ပြောသည်။
“အဲ့ဒါတော်တော်ရုပ်ဆိုးတယ်။ ဒေါက်တာစိန်ဝင်းနာမည်ကို ပေးမထည့်ချင်လို့ ပေးမထည့်တာလို့ ယူဆရတာပေါ့။ ငွေတွေဘာတွေလည်းသွင်းပြီးပြီ၊ ဒါပေမယ့် သတင်းစာနှစ်စောင်စလုံးမှာ ပါမလာဘူး” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုဖြစ်သူ ဦးဘ၀င်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ၁၉၄၇ ခု၊ဇူလိုင် (၁၉) ၌ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့ကာ အာဇာနည်ခေါင်းဆောင်ကြီးတဦးအဖြစ် သတ်မှတ် ခံထားရသူဖြစ်သည်။ ။


No comments: