Tuesday, August 7, 2007

bad news :( discrimination against Burmese workers in Thailand

ထိုင်းအလုပ်သမားဥပဒေသစ်ကြောင့်
ရွှေ့ပြောင်းအလုပ်သမားများ ထိခိုက်နစ်နာ

ချမ်းလွန် /NEJ ၆ သြဂုတ် ၂၀၀၇

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါဒေသတွင် ထုတ်ပြန်ထားသည့် ရွှေ့ပြောင်းအလုပ်သမား ဆိုင်ရာ အမိန့်ဥပဒေသစ်သည် အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်နေကြောင်း


အခြေခံလူထု လူ့အခွင့်ရေးပညာပေးကော်မတီ G-HRE က ပြောသည်။

ဖန်ငခရိုင်တွင် ပြီးခဲ့သည့်ဇွန် (၉) ရက်မှစ၍ ရွှေ့ပြောင်းအလုပ်သမားများလိုက်နာရန် တင်းကျပ် သည့်အမိန့်ဥပဒေများထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေများတွင် ည (၈) နာရီမှ မနက် (၆)နာရီအတွင်း အပြင်မထွက်ရ၊ လူငါးဦးထက်ပိုမစုရ၊ မိုဘိုင်းဖုန်းမသုံးရ၊ မော်တော်ဆိုင်ကယ်မစီးရ စသည့် အမိန့်များ ပါဝင်သည်။

ထိုအမိန့်ဥပဒေသစ်ကြောင့် အလုပ်သမားများသည် ဖုန်း၊ ဆိုင်ကယ်စသည့်ပစ္စည်းများ အသိမ်းခံ နေရကာ လူမှုရေး၊ ပညာရေးပိုင်းတို့တွင် ထိခိုက်မှုများရှိနေပြီး ထိုင်းအာဏာပိုင်များနှင့် ထိုင်းလူထု အားလုံးကို မတရားလုပ်ပိုင်ခွင့် ပေးလိုက်သကဲ့သို့ ဖြစ်နေသည်ဟု G-HRE ၏ ဒါရိုက်တာ ဦးထူး
ချစ်က ပြောသည်။

၎င်းက “ဥပမာ ဗမာအလုပ်သမားတွေအတွက် ထိုင်းစာသင်တန်းကျောင်းတွေဖွင့်ထားတယ်။ အလုပ်သမားတွေ အလုပ်ပြီးတဲ့အချိန် (၆) နာရီနောက်ပိုင်းမှ တက်ခိုင်းတဲ့သင်တန်းတွေဆိုတော့ အလုပ်သမားတွေ မလာရဲဘူးပေါ့။ သူတို့ ပြန်ရမယ့်အချိန်က (၈) နာရီကျော်ပြီဆိုတော့ တချို့ ရွာတွေမှာ အဖမ်းခံထိတာကြုံနေရလို့ သူတို့မလာရဲဘူး” ဟု ပြောသည်။

ဖန်ငခရိုင်အတွင်း ဒေသရှိ မြန်မာနိုင်ငံသားအလုပ်သမားများသည် ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ် ရေးလုပ်ငန်းနှင့် ရာဘာခြံလုပ်ငန်းများတွင် လုပ်ကိုင်နေသူများဖြစ်ပြီး တင်းကျပ်မိန့်များကြောင့် ညဘက်တွင် အလုပ်ဆင်းရသည့် ရာဘာစေးခြစ်သမားများအနေဖြင့် ပို၍ အခက်အခဲဖြစ်ကြ ရသည်။

ထို့ပြင် ယင်းဒေသ၌ ဓားပြတိုက်မှုနှင့် အကြမ်းဖက်မှုလုယက်မှုများ မကြာခဏဖြစ်ပွားသဖြင့် မိုဘိုင်း ဖုန်းမသုံးစွဲရ၊ ဆိုင်ကယ်မစီးရ စသည့်အမိန့်များကြောင့် အလုပ်သမားများအတွက် အန္တရာယ်ရှိနိုင် သည်ဟုလည်း ဦးထူးချစ်က ရှင်းပြသည်။

ယခုလ (၂) ရက် ဘန်ကောက်၌ကျင်းပသော မြန်မာအလုပ်သမားအရေးလှုပ်ရှားနေသည့် အန်ဂျီအို အဖွဲ့များနှင့် ထိုင်းအလုပ်သမားအရေးလှုပ်ရှားနေသည့် ထိုင်းအန်ဂျီအိုများပါဝင်သော Action Network For Migrant အစည်းအဝေးတွင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အမိန့်ဥပဒေသစ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

ယင်းဆွေးနွေးပွဲ တက်ရောက်သည့် ဦးထူးချစ်က “ဒေသတွင်းအဆင့်မှာတော့ ဒီမှာရှိတဲ့ အန်ဂျီအို တွေက စုပြီးတော့ ပြည်နယ်အစိုးရကို မေတ္တာရပ်ခံစာပို့ဖို့၊ ဒီဥပဒေက မလုပ်သင့်ဘူးဆိုတဲ့ အကြောင်းကို အိတ်ဖွင့်ပေးစာပို့မယ်။ နိုင်ငံတွင်းအဆင့်ကျတော့ ထိုင်းဝန်ကြီးချုပ်ရုံးကို
သွားပြီးတော့ ၀န်ကြီးချုပ်ကို အဲဒီစာပို့မယ်။ မေတ္တာရပ်ခံမယ်” ဟု ပြောသည်။

မေတ္တာရပ်ခံစာများ အဆင့်သင့်ဖြစ်နေပြီး ယခုလ (၃၀) ရက်တွင် သက်ဆိုင်ရာဌာန အသီးသီးသို့ ပေးပို့သွားမည် ဖြစ်သည်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလားတူ အမိန့် ဥပဒေကို ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကတ်နှင့် ရနောင်းဒေသတို့၌လည်း ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ။

No comments: