Tuesday, August 7, 2007

good news :D compensation for Burmese workers in Thailand

အလုပ်သမားလေးဦး နစ်နာကြေး ဘတ်လေးသိန်းနီးပါး ရမည်
ခွန်အောင်မြတ်။ သတင်းနှင့်မီဒီယာကွန်ယက် သြဂုတ်လ ၇ ရက်၊ ၂၀၀၇ ခုနှစ်။
လုပ်အားခ နစ်နာမှုဖြင့် ထိုင်းအလုပ်ရှင်အား တရားစွဲသည့် ထိုင်းမြန်မာနယ်စပ် မဲဆောက်မှ မြန်မာအလုပ်သမ လေးဦးအား နစ်နာကြေးထိုင်းဘတ်ငွေ လေးသိန်းနီးပါးပေးရန် အလုပ်သမားတရားရုံးက ဆုံးဖြတ်လိုက်သည်။


အပြစ်မရှိဘဲ အလုပ်မှ ထုတ်ပစ်လိုက်ခြင်း၊ သတ်မှတ်ထားသည့် လုပ်အားခ အပြည့်အ၀ မပေးခြင်းနှင့် အချိန်ပို ကြေး အပြည့်အ၀ မပေးခြင်းအတွက် တရားစွဲဆိုသည့် အလုပ်သမားလေးဦးတို့ကို နစ်နာကြေးငွေ ၃၈၉၈၇၈ ဘတ် လျော်ကြေးပေးရန် စိန်ဟိန်း သိုးမွေးစက်ရုံ ပိုင်ရှင်အား အမိန့်ချမှတ်လိုက်သည်။

အမှုနိုင်သည့်အတွက် အလုပ်သမား တဦးဖြစ်သူ မချိုချိုက ပျော်ရွှင်ကြည်နူးမိသည်ဟု ပြောသည်။

“ပျော်တာပေါ့။ သူဌေးကို အနိုင်ရချင်တာလေ။ အဲလိုမျိုးပေါ့နော် အလုပ်သမားတိုင်း သူဌေးအပေါ်မှာ အနိုင်ရပါစေပေါ့။ ကိုယ့်အပြစ်မရှိဘဲနဲ့ မောင်းထုတ်လိုက်တာကိုး။ သူ မလိုချင်လို့ပေါ့။”

ဖေဖော်ဝါရီလအတွင်းက မဲဆောက်မြို့အနီး မယ်ပရွာရှိ စိန်ဟိန်း သိုးမွေးစက်ရုံမှ အလုပ်သမား ၂၀၀ ကျော်တို့ ဒါဇင်ဈေး တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည်။ အလုပ်ရှင်က အလုပ်သမ ၂၄ ယောက်ကို ဆန္ဒပြရာတွင် ဦး ဆောင်သူများဖြစ်သည်ဟု စွပ်စွဲကာ အလုပ်ဖြုတ်ခဲ့သည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမ ၂၄ ယောက်ထဲမှ အလုပ်သမ ၄ ဦးက မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှား မှု ကော်မတီ (ဂျေအေစီဘီအေ)နှင့် မဲဆောက်ရှိ ထိုင်းရှေ့နေများကောင်စီ တို့၏ အကူအညီဖြင့် အလုပ်ရှင်ကို မေလ ၇ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

အလုပ်သမားတို့ အခွင့်အရေးနှင့် နစ်နာဆုံးရှုံးမှုတို့အတွက် အကူအညီပေးရာတွင် ယခုနှစ်အတွင်း အမှုခြောက် မှု အနိုင်ရရှိခဲ့ပြီး ဖြစ်သည်ဟု ဂျေအေစီဘီအေ ၏ တာဝန်ခံ ကိုမိုးကြိုးက ပြောသည်။

“ဒါတွေကလည်း ကျနော်တို့ တဦးချင်း တဖွဲ့ချင်းကနေ ကျိုးပမ်းအားထုတ်တာလို့ ကျနော်တို့ ဘယ် တော့ခါမှ မယူဆပါဘူး။ အဓိက အားထုတ်တာကတော့ ကူညီစောင့်ရှောက်ရေးတွေက အဓိက ထိုင်း ဥပဒေ တွေက ဒီလိုရှိတယ်၊ အလုပ်သမား အခွင့်အရေးက ဒါရှိတယ်၊ ဒါလေးတွေကို ကျနော်ကနေ ပြီးတော့ နည်းလမ်းပြသတဲ့ သဘောပဲ ဖြစ်ပြီးတော့ ကိုယ်တိုင်အားထုတ်သူတွေက ပိုပြီးတော့ သူတို့ ရဲ့ ကျိုးပမ်းအားထုတ်မှုက ပိုပြီးတော့ လေးစား လောက်ပါတယ်။ အသိအမှတ်ပြုလောက်တယ်လို့ ကျနော်က ယူဆပါတယ်။”

ယခုအမှုသည် ဂျေအေစီဘီအေက လိုက်ပါကူညီပေးခဲ့သော အမှုများတွင် လျော်ကြေးငွေ အများဆုံးရသော အမှု လည်း ဖြစ်သည်။


No comments: