Wednesday, August 8, 2007

ko lay lwin's past & present


လက်ထပ်ပွဲ ဧည့်ခံပွဲပြီးပြီးချင်း သူ့ကို စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ၃ ပတ်ကျော် ချုပ်နှောင်ထားခဲ့သည်။ သူ့ အတွက် မင်္ဂလာဦးညမှာ စစ်ကြောမေးမြန်းသူများနှင့်သာ ကုန်ဆုံးခဲ့ရသည်။


၈၈ ၏ ၀ိညာဉ်ဟောင်းများနှင့် တွေ့ဆုံခြင်း
အောင်ဇော် ဧရာဝတီ။ သြဂုတ် ၈၊ ၂၀၀၇

ရန်ကုန်မြို့၏ သစ်ပင်များအုပ်ဆိုင်းနေသည့် ဂိုဒေါင်တခုအတွင်းတွင် ကျင်းပခဲ့ သော လျှို့ဝှက်အစည်းအဝေးမှနေ၍ ကိုလေးလွင်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက် များကို မိမိ ပထမဦးဆုံးအကြိမ် ဆုံဖူးခဲ့ရခြင်း ဖြစ်သည်။

အချိန်က ၁၉၈၈ ခုနှစ်၏ မေလ ကျောင်းများပိတ်ထားချိန် ဖြစ်သည်။ ကောလိပ်နှင့် တက္ကသိုလ်ကျောင်း ပေါင်းစုံမှ ကျောင်းသား ၂၀ ခန့် စုဆုံခဲ့ကြခြင်း ဖြစ်ပြီး ၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းများပြန်ဖွင့်သည့်အခါ မည်သည့်လှုပ်ရှားမှုများ ဆောင်ရွက် ကြမည်၊ မည်သို့ စီမံကြမည်ကို ဆွေးနွေးရန် လျှို့ဝှက် တွေ့ဆုံနေ ကြခြင်းလည်း ဖြစ်သည်။


ထိုအချိန်က မိမိတို့သည် မြေအောက်လှုပ်ရှားမှုဟု ဆိုလျှင်လည်းဖြစ်သည်။ သို့မဟုတ် တစိတ်တပိုင်းအားဖြင့် အစိုးရကို ဆန့်ကျင်သည့် မြေအောက်လှုပ်ရှား မှုနှင့် ပတ်သက်နေကြသူများလည်း ဖြစ်သည်။ မိမိတို့အားလုံးက စိုးရိမ်ထိတ်လန့် နေကြသော်လည်း တုန်းတိုက်တိုက် ကျားကိုက်ကိုက် စွမ်းအင်အပြည့်ဖြင့် အရာရာကို ပြောင်းလဲပစ်နိုင်မည်ဟု ရိုးသားစွာ အကောင်းမြင် ယုံကြည်မှုလည်း ရှိနေကြချိန် ဖြစ်သည်။

ထိုအစည်းအဝေး ကိုယ်နှိုက်က အရေးပါနေသည်။ မတ်လက ကျောင်းသားများကို ဖမ်းဆီးခဲ့မှုအပြီးကာလ ကျောင်းသား များကို လုံခြုံရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့သောကြောင့် ရန်ကုန်မြို့နေ လူထုများနှင့် ကျောင်းသားများက အမျက်ပွားကာ တင်းမာနေသောအချိန်လည်း ဖြစ်သည်။

လက်ဖက်ရည်ဆိုင်များတွင် တခုခုဖြစ်မည်ကို မျှော်လင့်၍ ထိုင်စောင့်နေကြသော လူငယ်များနှင့် ပြည့်နေသည်။ ရံဖန် ရံခါ လုံခြုံရေးတင်းကျပ်နေသည့်ကြားထဲမှ စစ်ထောက်လှမ်းရေးများနှင့် ၎င်းတို့၏ သတင်းပေးများက သဲသဲမဲမဲ စောင့်ကြည့်နေ သည့်ကြားထဲမှ လက်ဖက်ရည်ဆိုင်များမှ တဘက်လှည့်ထွက်ကာ ဤဂိုဒေါင်တွင် အစည်းအဝေးလုပ်ရန် စုဆုံခဲ့ကြခြင်းလည်း ဖြစ်သည်။ သူငယ်ချင်းတဦးက ဤနေရာကို စီစဉ်ပေးခဲ့ပြီး ဤနေရာတွင်ပင် ဇွန်လ လှုပ်ရှားမှုများအတွက် အစီအစဉ် ဆွဲနိုင်ခဲ့ကြသည်။

သေချာမှတ်တမ်းတင်ထားခြင်း မရှိသည့် ဤဆွေးနွေးပွဲအကြောင်းကို မိမိ ၀ိုးတ၀ါး အမှတ်ရနေသေးသည်။ ကျောင်းများ ပြန်မဖွင့်ခင်တွင်ပင် ထုတ်ပြန်ကြေငြာချက်တခု ထုတ်ရန် သဘောတူခဲ့ကြပြီး ဖမ်းဆီးခံကျောင်းသားများကို ပြန်လွှတ်ပေးရန် အစိုးရထံသို့ တောင်းဆိုထားကြသည်။ ထို့အပြင် မြေအောက် အလုပ်သမားသမဂ္ဂများနှင့် ဆက်သွယ်မှုယူရန်၊ မိမိတို့အဖွဲ့များ ကွန်ရက်ကိုဖြန့်ရန်လည်း စဉ်းစား ဆွေးနွေးခဲ့ကြသည်။

ဤသို့ ပထမဦးဆုံးအကြိမ် မိမိကြုံရသော အစည်းအဝေးအကြောင်းကို ပြန်တွေးမိသောအခါ အတော်လည်း ထူးဆန်းနေ မိသည်။ လျှို့ဝှက်ကိစ္စများ တိုင်ပင်နေစဉ်တွင် မိမိတို့အားလုံး တယောက်ကို တယောက် စိုးရိမ်ပူပန်မှုများနှင့် ကြည့်နေ မိခဲ့ကြသည်။ ကျနော်တို့က ပြစ်မှုတခုကို ကျူးလွန်မိနေပြီ ဆိုသည်ကိုလည်း သဘောပေါက်ထားကြသည်။ အခန့်မသင့်လျှင် နိုင်ငံတော်ပုန်ကန်မှုဖြင့်ပင် အပြစ်ပေးခံရနိုင်သည်။

မိမိတို့ဆွေးနွေးပွဲထဲမှ တယောက်၏ အကြံပေးချက်ကြောင့် ကြောက်ရွံ့စိုးရိမ်မှုများက ငယ်ထိပ်ဖျား ရောက်ခဲ့ကြရသေးသည်။

တယောက်က ဆွေးနွေးပွဲအတွင်း ဗုံးကွဲသကဲ့သို့ ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေမည့် ကိစ္စတခုကို တင်လာခဲ့သည်။ သူက အကယ်၍ မိမိတို့ လက်နက်လိုချင်လျှင်၊ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲလိုလျှင် သူ့တွင် အဆက်အသွယ်ရှိသည်ဟု ဆိုလာခဲ့သည်။

မိမိတို့အချင်းချင်း တုန်လှုပ်စွာကြည့်လိုက်မိကြပုံ၊ ချက်ချင်း သံသယဖြင့် အမြင်ပြောင်းသွားကြပုံကိုလည်း ပြန်အမှတ်ရမိ နေသေးသည်။ မိမိတို့က ထိုသူ၏ အကြံအစည်ကို ချက်ချင်းပင် ပယ်ချလိုက်ကြသည်။ မိမိတို့အနေဖြင့် သေနတ်မပြောနှင့် လောက်လေးခွဖြင့်ပင် နီးစပ်ကြသူများ မဟုတ်ကြပါ။ အကယ်၍ တစုံတယောက်ကသာ ဤဆွေးနွေးချက်များကို မှတ်တမ်း တင် အသံသွင်းထားလျှင့်ဖြင့် ... ။ ဤသို့တွေးကာ မိမိ၏ ကျောရိုးအတွင်း အကြောက်တရားက စိမ့်တက်လာခဲ့သည်။ အနည်းဆုံး ထောင်ထဲတွင် ၁၀ နှစ် နေရဖို့ကတော့ သေချာနေပြီ ဖြစ်သည်။

ကျနော်က လွန်ခဲ့သောမတ်လ ကျောင်သားဆန္ဒပြပွဲများတွင် အဖမ်းခံရပြီး မကြာသေးမီကမှ အင်းစိန်ထောင်က ပြန်လွတ် လာသူ။ သို့အတွက်ကြောင့်လည်း အကြောက်တရားက ကျနော့်ကို လွှမ်းနေသည်။ ထောင်ထဲတွင် အဖမ်းခံရစဉ်ကလည်း စစ်ကြောရေး၌ ကျနော် ပြင်းပြင်းထန်ထန် ရိုက်နှက်ညှဉ်းပန်းခံခဲ့ရသေးသည်။ နောက် တကြိမ်ထောင်ထဲသို့ ပြန်မသွား ချင်လှပါ။


ဤသို့ဖြင့် ဦနေ၀င်းအစိုးရက တက္ကသိုလ်များကို ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖွင့်လာခဲ့သည်။ ကျနော်တို့ ကျောင်းသားများ ကလည်း ဤသို့ကျောင်းများ ပြန်ဖွင့်လာသည့်အပေါ် ပျော်နေခဲ့သည်။ ကျနော်တို့တွင် တခုခုလုပ်ရန် စွမ်းအားအပြည့် ဖြစ်နေကြပြီး ရင့်မှည့်နေသည့် လူအများ၏ ဒေါသအမျက်ကိုလည်း လေထုထဲတွင် ခံစား၍ရနေသည်။ အချိန်က အချိန် ကောင်း၊ လှုပ်ရှားမှု စကြရတော့မည်။

“ဇွန် အရေးအခင်း”ဟု မိမိတို့အမည်ပေးသော ကျောင်းသားလှုပ်ရှားမှုက သြဂုတ်လ (၈) ရက် (၈ လေးလုံး) မတိုင်ခင် ဖြစ်လာခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့သည်။ တက္ကသိုလ် ကျောင်းဝင်းများအတွင်းတွင် ရက်သတ္တပတ်ကြာ ငြိမ်းချမ်းစွာ လူစုဝေး ဆန္ဒပြနိုင်ခဲ့သည်။ ထိုအချိန်က ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကိုလေးလွင်နှင့် ၎င်း၏ မြေအောက် လုပ်ဖော်ကိုင်ဖက်များအစုက ဤလှုပ်ရှားမှုဖြစ်အောင် ရှေ့တန်းက ဦးဆောင်ခဲ့ကြသည်။

ကျောင်းဝင်းအတွင်းရှိ ဂျပ်ဆင်မျှော်စင် အနီးတွင် တရားဟောသူက ဟောကြသည်။ ဤတရားပွဲများကို နားထောင်ရန် အတွက် စာသင်ခန်းများအတွင်း ကျောင်းသားများ လှုံ့ဆော်စည်းရုံးကြပုံကိုလည်း မိမိအမှတ်ရနေသေးသည်။ ကိုလေးလွင် အပါအ၀င် မိမိတို့အားလုံးက မျက်နှာဖုံးများ စည်းထားကြပြီး ကြွေးကြော်သံများကိုလည်း တက်တက်ကြွကြွ တိုင်ခဲ့ကြသည်။

ကိုလေးလွင်က လူထုလှုံ့ဆော်ရေးသမားကောင်းတဦးပီပီ သူက အနားရှိ ကန်တင်းစားသောက်ဆိုင်မှ စားပွဲတလုံးနှင့် ခုံတလုံးကို ဆွဲယူလိုက်သည်။ စားပွဲခုံပေါ်တက်၍ တရားဟောစင်အဖြစ်ပြောင်းကာ ကျကျနန စည်းရုံး ဟောပြောတော့ သည်။ သူ၏ ဆုပ်ထားသော လက်သီး၊ ဟိန်းထနေသော မိန့်ခွန်းသံများ၊ ထူထဲသော မျက်မှန် တပ်ထားသည့် သူ့ရုပ်သွင်ကို ကျနော်အဝေးမှ မြင်နေခဲ့ရသည်။ သူ့ပုံက ပုံဖျက်ရခက်သည်ကတော့ အသေအချာ။
အစိုးရက ကျောင်းများအားလုံးကို တဖန် ပြန်ပိတ်လိုက်ပြန်သည်။ လမ်းများပေါ်တွင်လည်း ရုန်းရင်းဆန်ခတ်မှုများ၊ သတ်ဖြတ်မှုများကို အစိုးရက ထပ်မံကျူးလွန်ခဲ့ပြန်သည်။ မိမိတို့အဖွဲ့မှ ကျောင်းသားအများအပြား အဖမ်းခံကြရပြီး စစ်ကြောရေးစခန်းများသို့ ပို့ဆောင်ခံခဲ့ရသည်။

ကံကောင်းထောက်မစွာ ကျနော်အဖမ်းမခံရဘဲ လွတ်လာခဲ့သည်။ အခြေအနေ မကောင်းနိုင်တော့၊ အိမ်သို့အမြန်ပြန်ရန် တိတ်တဆိတ် သတင်းပေးခဲ့သော မြို့နယ်အရာရှိတဦးကို ကျေးဇူးဆိုရလိမ့်မည်။

ထိုဖမ်းဆီးမှုများနောက်ပိုင်း ဖမ်းဆီးမှုများနှင့် မိမိတို့ လုပ်ဖော်ကိုင်ဖက်များအပေါ် နှိပ်စက်ညှဉ်းပန်းကြသော ထိတ်လန့် ကြောက်ရွံ့ဖွယ် သတင်းများကို ကြားလာရသည်။ ထိုအချိန်တွင် ကိုလေးလွင်က မြန်မာနိုင်ငံ အထက်ပိုင်းဒေသ တနေရာတွင် ပုန်းအောင်းနေပြီး နောက်ထပ်လှုပ်ရှားမှုများလုပ်ရန် ပြင်ဆင်နေသည်ဟု မိမိကြားနေရသည်။ သြဂုတ်လနှင့် စက်တင်ဘာလ များတွင် မိမိတို့အားလုံး လမ်းမများပေါ်တွင် ပြန်ဆုံကြသည်။ လူထုအုံကြွမှုအဖြစ် လှုပ်ရှားမှုက ကြီးထွားလာပြီ ဖြစ်သည်။ မိမိတို့မြေအောက်အစုရှိ လုပ်ဖော်ကိုင်ဖက်အများကို ပြန်ဆုံရသော်လည်း ကိုလေးလွင်တယောက်ကို မမြင်ခဲ့ရပါ။

ကိုလေးလွင်က (မကဒ) “မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့”နှင့် ပူးပေါင်းခဲ့ပြီး နောက်ပိုင်းတွင် မကဒ (အထက်မြန်မာပြည်) ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ စက်တင်ဘာလတွင် စစ်တပ်က အာဏာသိမ်းသည့်အခါ သူက မန္တလေး တွင်ပင် ဆက်လက်ကျန်ရှိပြီး မိမိက နိုင်ငံပြင်ပသို့ ထွက်လာခဲ့သည်။ သို့သော်လည်း ဂိုဒေါင်ဟောင်းတွင် ဆုံခဲ့ကြရသည့် လုပ်ဖော်ကိုင်ဖက်များ၏ သတင်းကို မပြတ်နားစွင့်နေဆဲ ဖြစ်သည်။

ကိုလေးလွင်သည် ၁၉၈၉ ခုနှစ်တွင် သူနှင့် အခြားသောမိတ်ဆွေများမှာ ပွဲတော်တခုအတွင်း အစိုးရ၏ လျှပ်စစ်ရုံးဝင်း အတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်းမှုနှင့် အဖမ်းခံရပြီး တရားစွဲဆိုခံခဲ့ကြရသည်။ ဤဖြစ်ရပ်ကြောင့် မည်သူတဦးမျှ သေဆုံး ခဲ့ခြင်း မရှိသော်လည်း တမြို့လုံး မီးပြတ်ကာ ပွဲလည်းပျက်ခဲ့ရသည်။

မန္တလေးထောင်တွင် သူ ၅ နှစ် အပြစ်ပေးခံရပြီး ပြန်လွတ်လာခဲ့သည်။

နှစ် ၂၀ ကျော်ကြာပြီးချိန်မှ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့တွင် ကိုလေးလွင်ကို မိမိပြန်ဆုံရသည်။ သူက ပိန်ပါးနေဆဲ ဖြစ်သော်လည်း လူကြီးတယောက်ပုံ ပေါက်နေခဲ့ပြီ။ မျက်မှန်ကတော့ ပို၍ ထူလာခဲ့သည်။
ကျနော်တို့ ပထမဦးဆုံးအကြိမ်ဆုံခဲ့သော လျှို့ဝှက်အစည်းအဝေးနှင့် ဂိုဒေါင်ကြီးကို ချက်ချင်း အမှတ်ရမိကြသည်။ ဤ ဂိုဒေါင်ကြီးက မပျက်မစီး ရှိနေသေးသည်ဟု ဆိုသည်။ တမျိုးတဖုံ စိတ်ထဲ သွေးစည်းလာသလို၊ ပြန်လွမ်းလာသလိုလည်း ခံစားလိုက်ရသည်။ ကျနော်တို့ သဘောတူမိကြသည်၊ လမ်းမပေါ် တိုက်ပွဲများကတော့ မိမိတို့ အတွက် အဆုံးသတ်ခဲ့လေပြီ။

ဤအစည်းအဝေးတက်ခဲ့ကြသူအများစုမှာ ယခုတော့ လှုပ်ရှားမှုထဲမှ အနားယူခဲ့ကြပြီ ဖြစ်သည်။ အချို့မှာ ပြည်တွင်းတွင် အေးအေးဆေးဆေး နေထိုင်နေကြပြီး အချို့မှာ ပြည်ပတွင်ပင် အခြေကျနေကြပြီ။ ကိုလေးလွင်၏ သူငယ်ချင်းကောင်း တဦးဖြစ်သူနှင့် သူ၏ မြေအောက်အဖွဲ့ဝင်တဦး ဖြစ်ခဲ့သူ ကိုဝင်းသူမှာလည်း ဧရာဝတီမဂ္ဂဇင်း တွင် အလုပ်ဝင်ကာ မိမိတို့ရုံးတွင် အလုပ်များနေခဲ့ပြီ။


မြေအောက်အဖွဲ့ဝင် မိတ်ဆွေတဦးဖြစ်သူ ကိုမိုးကျော်သူသည်လည်း စိတ်ဓါတ်ကျပြီး အရက်ဒဏ်ဖြင့် တိမ်းပါးသွားရသည့် စိတ်မကောင်းစရာ သတင်းကိုလည်း မျှဝေဖြစ်ကြသည်။

ကိုလေးလွင်ကတော့ သူမြင်လိုသော မြန်မာပြည်သစ်အတွက် လက်မလျှော့သေး။ သို့သော်လည်း ဤနိုင်ငံအတွင်း သူ ရေရှည်ဆက်နေနိုင်ရန် မဖြစ်တော့သည်ကိုလည်း သဘောပေါက်သည်။

၁၉၉၃ ခုနှစ်တွင် သူ ထောင်က ပြန်လွတ်လာပြီးနောက်ပိုင်း ခေါက်ဆွဲဆိုင်ဖွင့် ရောင်းခဲ့သည်။ လက်ဖက်ရည်ဆိုင် ဖွင့်ခဲ့သည်။ ဆောက်လုပ်ရေး အလုပ်ခွင်တွင် ၀မ်းကြောင်းခဲ့ရသည်။ နောက်ဆုံး ပုဂ္ဂလိကကျူရှင်ကျောင်းဖွင့်၍ ရုန်းကန်ခဲ့ရပြီး အောင်မြင် မှုလည်း အတော်အသင့်ရခဲ့သည်။

စစ်ထောက်လှမ်းရေး အရာရှိများက သူ့နောက်သို့ အမြဲလိုက်နေသည်နှင့် ကြုံရသည်။ ထိုသူတို့က ၁၉၉၆ ခုနှစ်၊ ကိုလေးလွင်၏ မင်္ဂလာယူချိန် လက်ထပ်မင်္ဂလာပွဲကိုပင် ၀င်ရောက်နှောင့်ယှက် ပျက်စီးစေခဲ့ကြသေးသည်။ လက်ထပ်ပွဲ ဧည့်ခံပွဲပြီးပြီးချင်း သူ့ကို စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ၃ ပတ်ကျော် ချုပ်နှောင်ထားခဲ့သည်။ သူ့ အတွက် မင်္ဂလာဦးညမှာ စစ်ကြောမေးမြန်းသူများနှင့်သာ ကုန်ဆုံးခဲ့ရသည်။

သူ ပြန်လွတ်လာနိုင်သေးသည်ကိုက ကံကောင်းသည်ဟု ဆိုရမည်။ သို့သော်လည်း သူက မကြောက်မရွံ့၊ ပြည်တွင်း ပြည်ပရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်၍ တတ်စွမ်းသမျှ ဆက်လက်လုပ်ကိုင်နေခဲ့သည်။

မကြာသေးမီက အမေရိကန်သံရုံးကဖွင့်ထားသော အမေရိကန်စင်တာတွင် လူ့အခွင့်အရေးသင်တန်းတခု သူ ဦးဆောင် စီစဉ်ခဲ့သည်ဟု စစ်အာဏာပိုင်များက စွပ်စွဲဖော်ပြခဲ့ပြန်သည်။ ဤနေရာက စစ်အစိုးရ ပစ်မှတ်ထား စောင့်ကြည့်နေသော နေရာလည်း ဖြစ်သည်။

နောက်ဆုံး သူ၏ ပိုင်းဖြတ်ထားသည့် သံန္နိဌာန်အတွက် သူတန်ဖိုးပေးခဲ့ရသည်။ မြန်မာပြည်တွင်းတွင် သူ ဆက်လက်နေ ထိုင်ရန် မဖြစ်နိုင်တော့ပါ။
“ကျနော်တို့က စစ်တပ်အကြောကို နားမလည်ခဲ့ဘူး။ ကိုယ့်အင်အားကိုလည်း သေချာမတွက်ဆနိုင်ခဲ့ကြဘူး။ ကိုယ်လုပ် ချင်တာကိုပဲ ကျနော်တို့က လုပ်နေခဲ့ကြတယ်”ဟု သူက ကြေကွဲတမ်းတစွာ ပြောသည်။
မြန်မာပြည်အရေး လှုပ်ရှားနေကြသော တက်ကြွလှုပ်ရှားသူများအကြား ညီညွတ်ရေးမရနိုင်ပုံကိုလည်း သူမြင်နေရသည်။ “ကျနော်တို့က စစ်တပ်အကြောင်းနဲ့ သူ့အင်အားကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြဘူး”ဟု သူက ကျနော့်ကို ပြောသည်။

သို့သော် ကိုလေးလွင်က ပြည်ပတွင် အခြေစိုက်လှုပ်ရှားနေကြသော အဖွဲ့များ၏ စွမ်းဆောင်မှုကို အလေးထားပါသည်။ “သူတို့သာ မရှိရင်ဖြင့်၊ ကျနော်တို့ မြန်မာပြည်ထဲမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ လှုပ်ရှားနိုင်မှာလည်း မဟုတ်ဘူး”ဟု သူက ပြည်ပတွင် ရပ်တည်ရန် မလွယ်ကူကြောင်းလည်း မြင်သည်။ မဲဆောက်တွင် ခိုလှုံနိုင်ရေးအတွက်ပင် ခက်ခဲလှကြောင်း သူဝန်ခံပါသည်။

“ကျနော်တို့ အချင်းချင်း ချိတ်ဆက်ဖို့ လိုတယ်။ အတူတူ အလုပ်လုပ်ဖို့ လိုတယ်။ ကျနော်တို့အားလုံးဟာ တယောက်ကို တယောက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ လိုအပ်နေကြပါတယ်”ဟု သူက ပြောပါသည်။ သူက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲ နိုင်ရေးအတွက် လျှောက်လှမ်းရမည့် ခရီးလမ်းသည် ရှည်လျားဦးမည်ဖြစ်ကြောင်း ရိုးရိုးသားသားပင် မြင်ထားပါသည်။

မိမိတို့ ပထမဦးဆုံးအကြိမ် လျှို့ဝှက်အစည်းအဝေးအတွင်း ဆုံခဲ့ရစဉ်ကပင် သူ၏ စိတ်အားထက်သန်မှုနှင့် ဇွဲသန် တိုက်ခိုက် လိုစိတ်ကို အမှတ်ရနေပါသည်။ နှစ်၂၀ ကျော်လာသည့်တိုင် သူ အရှုံးမပေး၊ လက်မမြှောက် သေးပါ။ ယခုအချိန်တွင် သူ၏ ယုံကြည်ပိုင်းဖြတ်မှုနှင့် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်ကို ပြန်၍ ခံစားရလာပါသည်။

“ကျနော်တို့ အားလုံးက ဖိနှိပ်ခံနေရတာကို သိကြတယ်။ ဒါပေမယ့် ကျနော်တို့ကို ကာကွယ်နိုင်ဖို့ အပ်တချောင်းတောင် ရှိကြတာမဟုတ်ပါဘူး”ဟု ကိုလေးလွင်က ပြောသည်။

ဤသို့ဖြင့် သူ ဆက်လက်တိုက်ပွဲဝင်နေပါလိမ့်ဦးမည်။ ။

No comments: