Thursday, August 2, 2007

street walkers in Chiangmai

(သတင်းအသစ်တွေကြားထဲ ဆောင်းပါး အဟောင်းတစ်ပုဒ် တင်လိုက်ပါပြီ။ မဖတ်ရသေးတော့ အသစ်ဆိုပါတော့။ ဖတ်သင့်တဲ့ ဆောင်းပါးတိုတစ်ပုဒ်ဗျာ။)
မဇ္ဈိမသတင်းဌာန

ဘ၀ပင်လယ်ထဲက ရွက်လှေများ

စောရန်နိုင်
နိုဝင်ဘာ ၃၀ ရက်၊ ၂၀၀၆ ခုနှစ်။


ခေတ်မီတီးလုံးနဲ့ ပေါင်းစပ်သီကျူးထားတဲ့ အင်္ဂလိပ် သီချင်းရဲ့ အသံဟာ နံရံမှာချိတ်စွဲထားတဲ့ ၀ါ၊ စိမ်း၊ နီ၊ ပြာ ရောင်စုံမီးလုံးများရဲ့ အလင်းရောင်နဲ့အတူ ယမကာအရောင်းဆိုင်တခုလုံးကို သံယာစွာ ပျံလွင့်နေပါတယ်။

နေရာကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တနေရာ မှာရှိတဲ့ (Can-do Bar) လို့ခေါ်တဲ့ ယာမကာအရောင်းဆိုင် တခုဖြစ်ပါတယ်။ညနေ ၉ နာရီလောက်သာရှိသေးတဲ့အတွက် လာရောက်လည်ပတ်နေကြတဲ့ ဧည့်သည်များ အပြင်မှာသိပ်မများလှသေးပေမယ့် ဆိုင်အထဲမှာတော့ သီချင်းသံများနဲ့အတူ မျက်နှာပေါ်မှာ မိတ်ကပ်အမျိုးမျိုးနဲ့၊ နှုတ်ခမ်းပေါ်မှာ၊ နှုတ်ခမ်းနီတွေနဲ့ ချယ်သလိမ်းထားတဲ့ မျက်နှာမျိုးစုံ၊ ပုံစံအမျိုးစုံနဲ့ စားပွဲထိုးမလေးတွေက ဧည့်သည်ကို ဧည့်ခံကြိုဆိုကြတာက အတော်လေး စည်ကားနေပါပြီး။ဒီဆိုင်မှာ အလုပ်လုပ်နေကြတဲ့ မိန်းကလေးတွေဟာ မတူညီကြတဲ့ ခန္ဓာကိုယ်အချိုးအစား၊ ပုံပန်းသဏ္ဌာန် အမျိုးမျိုးရှိကြပေမယ့် သူတို့ဝင်ဆင်ထားကြတဲ့ အဖြူရောင်တီရှပ် အင်္ကျီလေး တွေကိုတော့ တူညီကြပါတယ်။ သူတို့ ဒီအင်္ကျီလေးတွေ ရိုးရိုးသာမန် ၀တ်ဆင်ထားကြပေမယ့် ထူးခြားတာတခုကတော့ သူတို့ရဲ့ တီရှပ်လေးတွေအရှေ့မှာ ပါရှိတဲ့ စာသားလေးပဲ ဖြစ်ပါတယ်။

အဲဒါကတော့ (Can do) တဲ့။(Can-do Bar) ဟာ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တခုဖြစ်တဲ့ (Empower) အဖွဲ့က ယခုနှစ် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ တခြား ကာရာအိုကေဆိုင်၊ နိုက်ကလပ်၊ ဘားတွေနဲ့ မတူတဲ့ ထူးခြားချက်တွေ၊ အခွင့်အလမ်းတွေ Can-do Bar မှာ ရှိပါတယ်တဲ့။ အဲဒါတွေကတော့ အလုပ်သမများ ဖျားနာတဲ့အချိန်နဲ့ အခါကြီးရက်ကြီးမှာ အားလပ်ခွင့်၊ နားခွင့်ယူနိုင်ခြင်း၊ လုပ်ငန်းခွင်မှာ မိမိဆန္ဒမပါလျှင် ဧည့်သည်ကို ငြင်းဆိုပိုင်ခွင့် ရှိခြင်းတို့ ဖြစ်ပါတယ်။(Empower) အဖွဲ့ တာဝန်ခံအမျိုးသမီး လစ်ဇ် ကတော့ “ဒီဆိုင်ကို (Can-do) လို့ နာမည်ပေးထားတဲ့အတွက် မလုပ်နိုင်တာ ဘာမှမရှိဘူး။ အားလုံးက ကိုယ့်ရဲ့အခွင့်အရေး၊ ရွေးချယ်ပိုင်ခွင့် အပြည့်အ၀ရှိတယ်။ မိမိဆန္ဒအရ ပြောဆိုင်ပိုင်ခွင့်၊ ငြင်းဆိုပိုင်ခွင့် ရှိပါတယ်” လို့ ပြောပါတယ်။

အားလပ်တဲ့အချိန်တွေမှာ အလုပ်သမတွေကို ထိုင်း၊ အင်္ဂလိပ်၊ မြန်မာ၊ ဂျပန်၊ ပြင်သစ် အစရှိတဲ့ဘာသာစကားမျိုးစုံနဲ့ အကသင်တန်းများအပြင် အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာပညာရပ်များကို (Empower) က သင်ကြားပို့ချပေးပါတယ်။

အသက် (၂၀) ကျော်အရွယ် မြန်မာပြည်ဖွား တိုင်းရင်းသူလေး ဖီးမ် (Pim) ကတော့ ခပ်ပြုံးပြုံးနဲ့ “ဒီအလုပ်ကို ကျမကိုယ်တိုင်ရွေးချယ်ခဲ့တာပါ။ ဒီမှာ အလုပ်လုပ်တာ သိပ်တော့ မကြာသေးပါဘူး။ စားပွဲထိုး လုပ်ရင်းနဲ့ ကြုံကြိုက်တဲ့အခါ ပြည့်တန်ဆာလည်း လုပ်ပါတယ်” လို့ပြောပါတယ်။အသက် ၈ နှစ်သမီးအရွယ်ကတည်းက ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဖီးမ် (Pim) ဟာ မြန်မာစကား သိပ်မပြောတတ်တော့ပါဘူး။ (Can-do) ကို ရောက်မလာခင် သူမဟာ ပန်းရံအလုပ်၊ ဈေးဆိုင်၊ ကာရာအိုကေဆိုင်နဲ့ တခြားယမကာ အရောင်းဆိုင်တွေမှာ အလုပ်ကြမ်းရော အလုပ်ချောပါ လုပ်ကိုင်ခဲ့ဖူးသူပါ။

“ဒီအလုပ်ကို လုပ်တာ အန္တာရာယ်များပေမယ့် ဒီအလုပ်က အရင်အလုပ်ထက်စာရင် ကျမအတွက် ပိုပြီးအဆင်ပြေတယ်လေ။ အရင်အလုပ်က ဧည့်သည်ကို ကိုယ့်ဆန္ဒမပါဘဲ လက်ခံရတာမျိုး၊ ဧည့်သည်ဆန္ဒအရ ဖျော်ဖြေပေးရတာမျိုး၊ အတင်းအဓမ္မ စေခိုင်းခြင်း ခံရတာမျိုး ကြုံခဲ့ရဖူးတယ်” လို့ ဖီးမ်က ပြောပါတယ်။ယခင်အလုပ်တွေတုန်းက အလုပ်ရှင်ရဲ့ ခေါငးပုံဖြတ်မှု၊ လိမ်ညာမှု၊ အနိုင်ကျင့်မှု စတဲ့အဆင်မပြေမှုတွေကိုလည်း ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ဆိုင်ကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တဦက “ဒီမိန်းကလေးတွေကို ပြည့်တန်ဆာလို့ မထင်မိဘူး။” ဟု ပြောသည်။

(Can-do) တီရှပ်လေးတွေ ကိုယ်စီဝတ်ဆင်ထားကြတဲ့ သူတို့လေးတွေမှာ တခြားတူညီနေတဲ့ အချက်တချက်ကတော့ သူတို့ရှာဖွေရရှိတဲ့ ၀င်ငွေရဲ့ အစိတ်အပိုင်းတော်တော်များများကို မိဘနဲ့ မိသားစုကို ပြန်လည်ထောက်ပံ့နေကြခြင်းပါ။အရပ်ခပ်မြင့်မြင့်၊ ဖြူဆွတ်တဲ့အသား၊ ဆံပင်ကလည်း ခါးထိအောင်ရှည်လျားတဲ့ ၀ိထ် (Wi) ဟာ ချင်းရိုင်မြို့က ဖြစ်ပြီး ချင်းမိုင်မှာ လာရောက်အလုပ်လုပ်ကိုင်နေတာ ၁၃ နှစ်တိတိ ရှိခဲ့ပါပြီ။ (Can-do Bar) ရောက်မလာခင် (7-Eleven) ဈေးဆိုင်၊ တခြားကာရာအိုကေနှင့် ယမကာဘားတွေမှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။“ကျမ အခုလုပ်နေတဲ့အလုပ်က ကိုယ့်အားကိုယ်ကိုးပြီး လုပ်နေတာပါ။ သူများဟာကို လုစားတာမဟုတ်ဘူး။ လုစားတာလည်းမဟုတ်ဘူး။ သူများကိုလည်း အားကိုးတာမဟုတ်ဘူး။” ဟု ပြောပါတယ်။ပင်လယ်ပြင်လို ကျယ်ပြောလှတဲ့ လူ့ဘ၀ခရီးတလျောက်မှာ ရွက်လှေများနဲ့တူတဲ့ လောကလူသားတွေက ပုံစံအမျိုးမျိုးနဲ့ ရွက်လွင့်ပြီး ရုန်းကန်လှုပ်ရှားနေကြရတာပါ။

တချို့က ရေစုန်ရာကို ရွက်လွှင့်နေကြသလို တချို့ကလည်း ခက်ခဲကြမ်းတမ်းတဲ့ ရေဆန်စီးကြောင်း ထဲမှာပေါ့။ငယ်စဉ်က ဆရာဝန်ဖြစ်ချင်ခဲ့သူလို့ ပြောပြတဲ့ ကန်ချာနဘူရီခရိုင်က ရောက်လာတဲ့ ဖက်ထ် (Pat) ဆိုတဲ့ မိန်းကလေးကလည်း သူမကျင်လည်နေရတဲ့ ပတ်ဝန်းကျင်ဟာ အိပ်ခ်ျအိုင်ဗွီပိုး၊ အေအိုင်ဒီအက်စ် ကူးစက်ပြန့်နှံ့နိုင်တယ်ဆိုတာ သိကြောင်း၊ ဖြစ်ပြီးမှ ကူသခြင်းထက် ကာကွယ်ခြင်းက ပိုမိုထိရောက်တယ်လို့ သူမယုံကြည်ကြောင်း လေ့လာထားသမျှ ပြန်ပြော ပြပါတယ်။သုတေသီများရဲ့ လေ့လာတွေ့ရှိချက်အရ အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုးဟာ နည်းလေးမျိုးဖြစ်တဲ့ လိင်ဆက်ဆံမှု၊ မူးယစ်ဆေးဝါးကို သွေးကြောရာမှာ ဆေးထိုးအပ်အတူတူ သုံးစွဲခြင်း၊ မိခင်မှတဆင့် ကလေးဆီသို့ ကူစက်ခြင်းနဲ့ အိပ်ချပ်အိုင်ဗွီဗိုင်းရပ်ပိုး ရှိနေတဲ့ သွေးကို ခန္ဓာကိုယ်ထဲကို တိုက်ရိုက် သွေးသွင်းမိခြင်းတို့ကြောင့် ဖြစ်ကြပါတယ်။

ဒါပေမယ့် ယခုအခါ အိပ်အိုင်ဗွီပိုးကူးစက်ပြန့်နှံ့မှု အရေအတွက်အများစုဟာ လိင်ဆက်ဆံရာမှ ဖြစ်ကြောင်း တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။ ဒါကလည်း လိင်ဆက်ဆံရာမှာ အကာအကွယ်အနေနဲ့ ကွန်ဒုံးကို စနစ်တကျ အသုံးမပြုလို့ ဖြစ်ကြောင်း ဆရာဝန်များက ပြောကြပါတယ်။ကွန်ဒုံးကို စနစ်တကျအသုံးပြုရာမှာ ကွန်ဒုံးအပေါက်အပြဲ ရှိမရှိ သေချာစစ်ဆေးပြီးမှ အသုံးပြုခြင်း၊ ကွန်ဒုံးအရွယ်အစားမတော်ဘဲ အသုံးမပြုရန်နဲ့ ကွန်ဒုံးကို နှစ်ထပ်စွပ်ပြီး အသုံးမပြုရန်တို့ မှာကြားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကွန်ဒုံးနှစ်ထပ်သုံးခဲ့ရင် ရော်ဘာချင်း ပွတ်တိုက်ခြင်းအားဖြင့် ကွန်ဒုံးပေါက်စေပြီး ရောဂါပိုး ကူးစက်နိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်။

(Can-do Bar) က နှုတ်ခမ်းနီမလေး ဖက်ထ် (Pat) က ရယ်ရယ်မောမောနဲ့ ဟာသနှောပြီး ပြောပြသွားတာကတော့ “ကွန်ဒုံးကို သွားလေရာ အမြဲတမ်းဆောင်ထားဖို့ လိုပါတယ်။ ဆိုင်ကယ်စီးပြီး ဦးထုပ်မဆောင်းရင် ရဲဖမ်းသလိုမျိုး ကွန်ဒုံးမဆောင်ထားတဲ့လူတွေလည်း ဖမ်းရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးမသုံးရင် အိပ်ခ်ျအိုင်ဗွီ ကူးစက်နိုင်တယ်။”



No comments: