Thursday, August 2, 2007

terroist women?

အမျိုးသမီးများ အကြမ်းဖက်ကြမည်
ဇူလိုင် ၃၁။ ငှက်ခါး (ဟစ်တိုင်)

ကြပ်ပြေးမြို့သစ်နှင့် မြို့အနီးဝန်းကျင် လူစည်ကားရာ နေရာများတွင် အမျိုးသမီးနှစ်ဦး၏ ပန်းချီပုံကြမ်း ရိုက်နှိပ်ထားသော ပိုစတာများ ချိတ်ဆွဲကာ အကြမ်းဖက် အဖျက်သမားများ ဖြစ်သဖြင့် ဤပုံပါ အမျိုးသမီးများကိုတွေ့ရှိလျှင် အကြောင်းကြားရန် နှိုးဆော်ထားသည်။

ပိုစတာပါ ပုံများမှာ ဓာတ်ပုံ မဟုတ်ဘဲ တကြောင်းဆွဲ ရေးခြစ်ထားသော ပန်းချီပုံများ ဖြစ်ပြီး ထိုအမျိုးသမီးများ ပြင်ပတွင် တကယ်ရှိမရှိ မသိရပါ။ ပြည်ပ အဖွဲ့အစည်းများမှ စေလွှတ်သော အကြမ်းဖက်သမားများ ပြည်တွင်း ၀င်ရောက်နေကြောင်း၊ ရပ်ရွာအတွင်း ဖောက်ခွဲရေး လုပ်ငန်းများ လုပ်မည်ဟု သိရှိရသဖြင့် တွေ့ရှိပါက ပြည်သူများ သတင်းပေးစေလိုကြောင်း သတင်းများမှာ အစိုးရဘက်မှ မကြာခဏ ထုတ်လွှင့်တတ်ပြီး ပြည်ပ အဖွဲ့အစည်းများကလည်း အမြဲ ငြင်းဆန်တတ်ပါသည်။

ယခုအချိန်ထိမူ ပုံထဲမှ အမျိုးသမီးများနှင့် တူညီသည်ဆိုသူ မကြားသိရသေးပါ။ ကြပ်ပြေး အ၀င်အထွက် ကား၊ ရထားလိုင်းများတွင် ခရီးသည်များကို မှတ်ပုံတင်ကတ်ပြားနှင့် မျက်နှာ တူမတူ၊ မှတ်ပုံတင်ပိုင်ရှင် ဟုတ်မဟုတ် မှတ်ပုံတင်နှင့် တိုက်၍ စစ်ဆေးနေပါသည်။ အကြမ်းဖက်သမား အမျိုးသမီးနှစ်ဦး ကြပ်ပြေးသို့ လာရောက် ဖောက်ခွဲမည်ဟု သတင်းရသည် ဆိုသော်လည်း မှတ်ပုံတင်နှင့်လူ တိုက်၍ တိတိကျကျ စစ်ဆေးခံရသူများမှာ အမျိုးသားများပါ ဖြစ်လျက် ရှိသည်။

မြို့အ၀င်လမ်းများတွင် လုံခြုံရေးကင်မရာများတပ်ဆင်သွားမည် ဖြစ်ပြီးလေ့ကျင့်သင်တန်းပေးထားသော မိုင်းရှာခွေးများပါ အသုံးပြု စစ်ဆေးသွားမည်ဟု သိရသည်။ `အပေါ်က သူတို့အန္တရာယ် သူတို့ပူနေတော့ အောက်ခြေကလဲ လူကြီးစိတ်ကြိုက် လုပ်ပေးရတဲ့ သဘောပါ။ သူတို့ အလုပ်ကြိုးစားပါတယ်ပေါ့။ ဘာမှ မထူးဘူးဆို မကျေနပ်မှာစိုးလို့ ထူးခြားဖြစ်စဉ် ရှိပါတယ်။ ဒီလိုပဲ ထောက်လှမ်းတွေ့ရှိထားပါတယ်လို့ ကြံဖန်အစီရင်ခံရတာလဲ ဖြစ်နိုင်ပါတယ်´ဟု စာနယ်ဇင်းသမား တဦးက အမည်မထုတ်ဖော်ဘဲ ပြောကြားသည်။

ဗိုလ်ချုပ်သန်းရွှေ မိသားစုနှင့် စစ်အစိုးရ တဖွဲ့လုံး ပြောင်းရွှေ့လာပြီးနောက်ပိုင်း ပျဉ်းမနားမှ တောင်သူများသည် အသစ်တိုးချဲ့လာသော ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပန်းရံနှင့် အုတ်သယ် မဆလာရွက် စသော နေ့စား အလုပ်သမားများအဖြစ် လုပ်ကိုင်လျက် ရှိပါသည်။

No comments: