Tuesday, August 7, 2007

Where are they now?

ဘယ်ဆီ ဘယ်ဝယ်
အန်နီ ဖလက်ရှာ သြဂုတ် ၇၊ ၂၀၀၇

အခြေအနေက စိုးရိမ်တုန်လှုပ်ဖွယ်ရာ။ ရန်ကုန်မြို့တော်ခန်းမမှ စစ်သား ၅ ဦးပေါ်ထွက်လာခဲ့ပြီး ဒူးထောက်ထိုင်ကာ သေနတ်များကို ဆန္ဒပြနေသူများဘက်သို့ ချိန်ရွယ်လိုက်သည်။ ၁၆ နှစ်အရွယ်သာရှိသေးသူ အထက်တန်းကျောင်းသား ကိုတင်မောင်ထူးက ဆန္ဒပြနေသူများ၏ ရှေ့တန်းတွင် အခြားသူများနှင့် လက်ချင်းချိတ်ကာ ထိုင်နေခဲ့သည်။ သူထိုင်နေ သော်လည်း ခန္ဓာကိုယ်က သတိဖြင့် တောင့်တင်းနေသည်။

ပထမတချက် သေနတ်ပစ်လိုက်သံကို ကိုတင်မောင်ထူး ကြားလိုက်ရသည်။ သို့သော်လည်း သံချပ်ကာကားမှ စက် သေနတ်ဖြင့် အတွဲလိုက်ဆွဲလိုက်သံမျိုးဖြစ်ပြီး ဆူးလေဘုရား၏ ဘေးနှစ်ဘက်နှစ်ချက်မှ ပေါ်ထွက်လာခဲ့သည်။ အချိန်က ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက် ညတွင်ဖြစ်ပြီး ဤအဖြစ်အပျက်က လွန်ခဲ့သော ၁၉ နှစ်က ကြုံခဲ့ရခြင်း ဖြစ်သည်။

ကိုတင်မောင်ထူးနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော စစ်သား များနှင့် အဖွဲ့ကလည်း စတင်ပစ်တော့သည်။ သူတို့သေနတ် ကျည်များက မြေကိုမှန်ကြသည်။ ထို့နောက် မြေကိုထောက်ကာ အိမ်များသို့ ထိမှန်ကြသည်။ “ကျောင်းသားတွေလည်း စပြေး တော့တာပဲ။ တယောက်အပေါ် တယောက်ထပ်ပြီး ပြိုလဲကုန်ကြ တယ်”ဟု ကိုတင်မောင်ထူးက သူ၏အတွေ့အကြုံကို ပြန်ပြော ပြသည်။ “ကျနော်လည်း တပြေးတည်း ပြေးတော့တာပဲ”။

ထိုသို့သော ဆန္ဒပြသူနေများ၏ ရန်ကုန်မြို့၏လမ်းမကြီးများ ပေါ်၌ ပြည့်လျှံနေသော လူအုပ်ကြီးထဲတွင် အသက် ၂၁ နှစ် အရွယ်ရှိ ကိုတိုးကြည်လည်း ရှိနေခဲ့သည်။ ထိုည ၁၀ နာရီ ၃၀ မိနစ်တွင် အခြေအနေက အမြင့်ဆုံးတင်းမာမှု ဖြစ်ပွားတော့မည့် အခြေအနေကို မြင်လာကြသောကြောင့် သူဦးဆောင်လာသည့် အင်အား ၁၀၀ ခန့်ရှိသောအုပ်စုမှ အသက်ငယ်ရွယ် သူ အချို့ကိုပြန်ခိုင်းပြီး စန်းချောင်းမြို့နယ်ရှိ ဘေးကင်းရာနေရာများသို့ ပို့ခဲ့သည်။

ဆန္ဒပြသူ နောက်တဦးဖြစ်သူ ကိုနိုင်ကလည်း အန္တရာယ်ကို ပို၍စိုးရိမ်ကြီးနေခဲ့သည်။ သူက မတ်လ ၁၆ ရက်နေ့၊ အင်းလျား ကန်ဘောင် ရှေ့ ချီတက်ဆန္ဒပြပွဲများအပြီး ၇ ရက်ကြာ ဖမ်းဆီးထောင်ချခံခဲ့ရသူလည်း ဖြစ်သည်။ ထိုအင်းလျားကန် ဘောင်ရှေ့ဆန္ဒပြပွဲ ကို အစိုးရတပ်ဖွဲ့များက အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် အဖမ်းဆီး အထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။ သူက ညနေ ၅ နာရီ ခန့်တွင် မြို့တော်ခန်းမရှေ့မှ ခွာခဲ့ပြီး ဆယ်ကျော်သက်အရွယ် လူငယ်အချို့ကို ဦးဆောင်ကာ လှိုင်မြို့နယ်တွင်းရှိ အိမ်များ သို့ ပြန်ပို့ပေးခဲ့သည်။ ကိုနိုင်က ထိုအချိန် တွင် အသက် ၂၄ နှစ် ရှိပြီ ဖြစ်သည်။

ကိုတိုးကြည်နှင့် ကိုနိုင် နှစ်ဦးစလုံးသည် နောက်တလအကြာ စက်တင်ဘာလ (၁၉) ရက်၊ စစ်အာဏသိမ်းပြီးနောက်တနေ့ တွင် လည်း ပြည်လမ်းမကြီးပေါ်၌ ရှိနေသော ဆန္ဒပြလူအုပ်ကြီးထဲတွင် ရှိနေခဲ့ပြန်သည်။ ထိုအချိန်တွင် စစ်တပ်က ဆန္ဒပြနေ သူများကို ပစ်ခတ်ခဲ့ပြန်သည်။ ဤဆန္ဒပြပွဲများနောက်ပိုင်း စစ်တပ် အာဏာသိမ်းမှုဖြစ်လာခဲ့ပြီး ထိုအချိန်မှစ၍ လက်ရှိ စစ်အစိုးရ အာဏာရလာခဲ့ခြင်း ဖြစ်သည်။

ယနေ့အချိန်တွင်တော့ သူတို့ ၃ ဦးစလုံး ကမ္ဘာ တဘက်ခြမ်းက ကနေဒါနိုင်ငံသို့ပြောင်းရွှေ့အခြေချကာ သူတို့၏ဘ၀သစ်ကို ထူထောင်နေကြပြီ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ကုလသမဂ္ဂ ဒုက္ခသည်အစီအစဉ်အောက်တွင် ဒုက္ခသည်လျှောက်ထားပြီး နောက်ပိုင်း ကနေဒါသို့ ပြောင်းရွှေ့အခြေချနိုင်ခဲ့ခြင်း ဖြစ်သည်။ ကနေဒါက လွတ်လပ်သောနိုင်ငံတခုဖြစ်သော်လည်း သူတို့ မပျော်ပိုက်နိုင်။ သူတို့ လူလားမြောက်ကြီးပြင်းခဲ့ရာ မြန်မာနိုင်ငံကိုသာ ပြန်လွမ်းနေခဲ့သည်။ ကနေဒါက သူတို့ အတွက် တော့ သူစိမ်းတရံဆံ ဆန်လွန်းလှသေးသည်။

၁၉၈၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ကနေဒါနိုင်ငံက အစိုးရနှင့် အခြားတသီးပုဂ္ဂလများက အာမခံခေါ်ယူသော ဒုက္ခသည် ၁,၀၈၅ ဦးကို အခြေချခိုလှုံခွင့် ပေးခဲ့သည်။ လွန်ခဲ့သောနှစ်က မဲလအုန်းနှင့် မဲရမတ်ဒုက္ခသည်စခန်းများမှ လက်ခံ ခဲ့သော ကရင်ဒုက္ခသည် ၂,၀၀၀ ကျော်သည်လည်း ကနေဒါသို့ စတင်ရောက်ရှိလာနေကြပြီ ဖြစ်သည်။

ကိုတိုးကြည်၊ ဇနီး မညွန့်ညွန့်သန်းနှင့် သူတို့၏ အသက် ၂ နှစ် အရွယ်ရှိ ကလေးငယ်တို့သည်လည်း ကနေဒါနိုင်ငံသို့ ၁၉၉၇ ခုနှစ်တွင် ရောက်ရှိလာခဲ့ကြသည်။ ရောက်ရောက်ချင်း ဗြိတိသျှ ကိုလံဘီယာပြည်နယ်၏ တောင်ထူထပ်သော ဒေသရှိ လူဦးရေ ၁၈,၅၀၀ ခန့်နေထိုင်ရာ ကရန်ဘရုခ် (Cranbrook) မြို့ကလေးတွင် အခြေချခဲ့ရသည်။

ရောက်သည့်အချိန်က နိုဝင်ဘာလဖြစ်ပြီး ဆောင်းက ကနေဒါနိုင်ငံကို ရေခဲလက်အေးကြီးဖြင့် ဆွဲဆုပ်ကိုင်ညှစ်နေသည့် နှယ် ရာသီဥတုအဆိုးရွားဆုံး အချိန် ဖြစ်သည်။ နှင်းခဲများက ထူထူထဲထဲကျနေပြီး အေးစိမ့်နေပုံကလည်း သူတို့တခါမျှ မကြုံဘူး သည့် အအေးဆုံးအခြေအနေ ကြုံနေရသည်။ ဆောင်းကာလဖြစ်၍ နေထွက်နောက်ကျပြီး နေက စောစောဝင်ကာ မှောင်သွားပြန်သည်။ အေးခဲနေသော အမှောင်ညအချိန်က သူတို့အတွက် ပို၍ရှည်လျားနေသည်။ သူတို့ကလည်း အင်္ဂလိပ် စကားမပြောနိုင်သေး သကဲ့သို့ ထို ကရန်ဘရုခ်မြို့ကလေးတွင်လည်း မြန်မာမိသားစုဆို၍ သူတို့အပြင် အခြားတစုသာ ရှိသည်။

“ကျမ သိပ်ကြောက်တာပဲ၊ ကျမယောက်ျားနဲ့ နေ့တိုင်းရန်ဖြစ်ကြရတယ်”ဟု မညွန့်ညွန့်သန်းက သူတို့၏အတွေ့အကြုံကို ပြန် ပြောပြသည်။

ကိုနိုင်ကတော့ ၁၉၉၈ ခုနှစ်မှ ကနေဒါသို့ရောက်လာပြီး သူရောက်လာသည့် အချိန်တွင် အခြေအနေက ပို၍အဆင်ပြေပြေ ရှိနေခဲ့သည်။ သူက သြဂုတ်လတွင် မြို့ကြီးပြကြီးဖြစ်သော ဗင်ကူးဗားသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဘာသာစကား သင်တန်း ၃ လ တက်ပြီးသောအခါ သူ၏ပထမဦးဆုံးအလုပ်ကို စ၀င်ခဲ့ရသည်။ သူက အပင်များပျိုးထောင်ရ သူအဖြစ် လုပ်ရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အလုပ်ပြောင်းရင်း အလုပ်သင် လက်သမားဖြစ်လာခဲ့သည်။

ကိုတင်မောင်ထူးကတော့ ကနေဒါနိုင်ငံ၏ အရှေ့ပိုင်း အွန်တေရီယိုမြို့သို့ ရောက်လာခဲ့သည်။ သူကနေဒါနိုင်ငံ မရောက်ခင် က နိုင်ငံရေးဆူပူမှုဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်အကျဉ်းထောင်တွင် ၃ နှစ်ခန့် ထိန်းသိမ်းခံထားရပြီး ကနေဒါသံရုံးတာဝန်ခံ များ၏ စီစဉ်မှုဖြင့် ဘန်ကောက်အကျဉ်းထောင်မှ လေဆိပ်သို့ တိုက်ရိုက်ထွက်ခွာလာခဲ့ရသူလည်း ဖြစ်သည်။ “ကျနော်က ခေါင်းမာတယ်။ ကျနော်က ငယ်လည်းငယ်သေးတယ်။ ကျနော် စဉ်းစားနေခဲ့တာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရအောင် ဘယ်လိုလုပ်ရမလဲ၊ ဒါကိုပဲ စဉ်းစားနေခဲ့တယ်။ ကျန်တာ ဘာမှမစဉ်းစားမိခဲ့ဘူး” ဟု သူက ယခုအချိန်တွင် ပြန်ပြောသည်။

ဤခေါင်းမာမှုကြောင့်ပင် သူ့ကို အထောက်အကူ ဖြစ်စေခဲ့သည်။ သူက အနောက်ပိုင်း အွန်တေရီယိုတက္ကသိုလ် (Western Ontario University) တွင် မည်သည့်အခက်အခဲကြုံကြုံ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးဘာသာလေ့လာမည်ဟု ပိုင်းဖြတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ဘွဲ့ရရှိလာခဲ့သည်။ ယခုအချိန်တွင်တော့ သူက ကနေဒါရှိ မြန်မာနိုင်ငံ မိတ်ဆွေများအသင်း (Canadian Friends of Burma) တွင် အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူနေပြီး အမိမြေတွင် ဒီမိုကရေစီပြန်လည်ထွန်းကားရေး နှင့် ကောင်းမွန်သော အစိုးရတရပ်ပေါ်ထွန်းလာစေရေးအတွက် စွမ်းအားရှိသမျှ ကြိုးပမ်းနေနိုင်ပြီ ဖြစ်သည်။

သို့သော်လည်း ကိုတိုးကြည်နှင့် ကိုနိုင်တို့အတွက်မှာမူ နိုင်ငံရေးမီးတောက်က မှိန်စပြုနေပြီ ဖြစ်သည်။ ပြည်ပရောက်မြန်မာ များအကြား အရိုးစွဲသည့်သဖွယ် ဖြစ်နေသည့် ဂိုဏ်းဂဏပြဿနာများကို သူတို့စိတ်ကုန်၍ ဝေးဝေးနေလိုလာကြပြီး မိသားစု နေ့စဉ်ဘ၀ ရပ်တည်ရေးအတွက် ရုန်းကန်ရေးကလည်း တောင်းဆိုမှုကြီးမားလာနေခဲ့သည်။

ကိုတိုးကြည်နှင့် မညွန့်ညွန့်သန်းတို့က တနှစ်အကြာတွင် ကရန်ဘရုခ်မှ ပြောင်းရွှေ့လာခဲ့ပြီး လူဦးရေ နှစ်သိန်းခန့်ရှိ ကနေဒါနိုင်ငံ မြက်ခင်းလွင်ပြင်အလယ်ရှိ ဆက်စ်ကာတွန်းမြို့ (Saskatoon) သို့ ပြောင်းလာခဲ့သည်။ “ကျနော်တို့နေရတာ သိပ်အထီးကျန်တာပဲ”ဟု ကိုတိုးကြည်က ပြောသည်။ ဤနေရာက ကရန်ဘရုခ်ထက်ပို၍အေးသော်လည်း ဆက်စ်ကာတွန်း တွင် မြန်မာအသိုင်းအ၀န်းက ပိုကြီးသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံသား ၁၀၀ ခန့်အထိ တိုးလာနေပြီ ဖြစ်သည်။

ကိုတိုးကြည်က ကားပြင်သည့်ကုမ္ပဏီတခုတွင် စတင်အလုပ်ဝင်ခဲ့သည်။ မညွန့်ညွန့်သန်းက ဒုတိယသားကိုမွေးခဲ့ပြီး ယခု အချိန်တိုင် အင်္ဂလိပ်စာသင်ကြားရင်း ရုန်းကန်ကြိုးပမ်းနေရဆဲ ဖြစ်သည်။ သူမအတွက် အင်္ဂလိပ်စာက အလွန်ခက်ခဲလွန်း နေပြီး စိတ်ဓာတ်ကျဖွယ်ဖြစ်သည်။ တခါတရံစာအုပ်ကို ဒေါသဖြင့် လွှင့်ပစ် ပိတ်ပစ်မိသည်အထိ ဖြစ်ရသည်ဟု ပြောပြ သည်။ တခါတရံ နောက်တကြိမ် ဒီစာအုပ်ထပ်မဖွင့်တော့ဘူးဟု ဆုံးဖြတ်သည်အထိ ဖြစ်ရသည်ဟုလည်း ဆိုသည်။

သူမက အခုအချိန်အထိ ကနေဒါရှိ မိသားစုလူနေမှုဘ၀နှင့် အသားမကျသေးသယောင် ခံစားနေရသေးသည်။ “ကျမက ကလေးတွေနဲ့လည်း ကြည့်ရတာ သိပ်အဆင်ပြေလှတာတော့ မဟုတ်ဘူး။ သူတို့ကို ဘယ်သူကမှ ထိန်းလို့ရတာ မဟုတ် ဘူး” သူမက စိတ်ပျက်ဖွယ် ပြောသည်။

သက်ကြီးရွယ်အိုများ အထီးတည်းနေနေကြသည်ကိုလည်း ကြည့်၍ သူမစိတ်ဆင်းရဲရသည်။ သူတို့၏ ကလေးများက မိဘ များကို စွန့်ခွာ၍ သွားကြသည်မှာ ကြာပြီ။ သူမက နောက်ဆုံးလူအိုများကို ပြုစုစောင့်ရှောက်ပေးရသည့် အလုပ်ရသည်။ “ကျမက မိဘတွေ ရှိတော့တာ မဟုတ်ဘူး။ အဲသည်တော့ သူတို့ကို ပြုစုပေးရတာကို ကျမကြိုက်တယ်”ဟု မညွန့်ညွန့်သန်း က ပြောသည်။

အာရှတွင် ဖော်ရွေစွာနေထိုင်တတ်မှုဖြင့် အသားကျခဲ့သော မိသားစုတခုအဖို့ အိမ်နီးချင်းများနှင့် ဆက်ဆံနေထိုင်ရေးသည် လည်း ထူးခြားနေရပြန်သည်။ ကိုနိုင်က သူနေထိုင်သောအိမ်ခန်းရှေ့ရှိ လမ်းမဘက်သို့ လက်ကိုဝှေ့ယမ်း၍ ညွှန်ပြသည်။ “မြန်မာပြည်မှာဆိုရင်တော့ ဘယ်သူတွေ ဘာဖြစ်နေတယ်ဆိုတာ အားလုံး ကျနော်သိမှာပဲ။ ဒီမှာတော့ ဟိုဘက်ခန်းမှာ ဘာ ဖြစ်နေတယ်ဆိုတာ ဒီဘက်က သိတာမဟုတ်ဘူး။ ဘယ်သူကမှလည်း ဂရုမစိုက်ကြဘူး”ဟု သူက ဆိုသည်။

ကိုနိုင်က ဇနီးဖြစ်သူ မမာလာနှင့် ၁၉၉၉ ခုနှစ်အတွင်းကျင်းပသည့် မြန်မာသင်္ကြန်ပွဲတခုတွင် ဆုံခဲ့ကြခြင်းဖြစ်ပြီး အခြား မြန်မာမိသားစုများကဲ့သို့ နှစ်ယောက်တကမ္ဘာထူထောင်ကြရန် မေတ္တာနှောင်ကြိုးသွယ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့က ယခုတော့ အသက် ၁၁ နှစ်အရွယ်ရှိပြီဖြစ်သည့်သားငယ်၊ အသက် ၁၉ လ ရှိပြီဖြစ်သည့် သမီးငယ်နှင့်အတူ နွေးထွေးသော မြန်မာမိသားစုတခု၏ဘ၀ကို ပြန်လည် တည်ဆောက်နိုင်ရန် ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။

ကိုနိုင်အဖို့ မြန်မာဇနီးသည်တယောက် ကနေဒါတွင် ရှာ၍ရသည်မှာ ကံထူးလှသည်ဟု ဆိုနိုင်သည်။ ယေဘုယျအားဖြင့် ကနေဒါတွင် မြန်မာယောက်ျားဦးရေက ပိုနေပြီး အမျိုးသမီး ဦးရေက နည်းနေသည် မဟုတ်ပါလား။ အချို့ဆိုလျှင် ထိုင်းနိုင်ငံသို့ ပြန်၍ အိမ်ထောင်ဘက်ရှာပုံတော် ထွက်ကြပြီး အချို့က မြန်မာနိုင်ငံသို့ပင်ပြန်၍ ဇနီးအရှာထွက်ကြသည်။ မြန်မာအသိုင်းအ၀န်းတွင် ဤကိစ္စမျိုးကို အချို့က “ပါဆယ်ဖြင့် ပို့သောဇနီး” ဟူ၍ နောက်ပြောင်ခေါ်ဝေါ်နေကြသော စီစဉ်အိမ်ထောင်ချပေးသည့် ကိစ္စများလည်း ရှိနေကြသေးသည်။

ဒုက္ခသည်စခန်းများအတွင်း၊ သို့မဟုတ် တောတွင်း ငယ်ငယ်ရွယ်ရွယ်နှင့် လက်ထပ်အိမ်ထောင်ပြုလာကြသည့် မိသားစုများ အတွက်မူ ကနေဒါနိုင်ငံက ခက်ခဲလှသည်။ သူတို့ကို ညွှန်ပြသွန်သင်မည့် လူကြီးသူမများမရှိလျှင် မလွယ်။ အထူးသဖြင့် လွတ်လပ်သော ကနေဒါနိုင်ငံ၏ ဥပဒေများနှင့် ဒီမိုကရေစီသဘောသဘာဝအကြောင်း မသိလျှင် ပိုဆိုးနိုင်သည်။ လင် မယားချင်း ရန်ဖြစ်နိုင်သည်။ ဤသို့ အိမ်တွင်းရန်ဖြစ်ကြသည်နှင့် ရဲကိုခေါ်မည်။ လင်ယောက်ျားကို ရဲကထိန်းသိမ်းသွား မည်။ နောက်အဆင့်တွင် အိမ်ထောင်ပြိုကွဲ ကွာရှင်းကြသည့် အဆင့်အထိ ဖြစ်လာတော့သည်။

ဗင်ကူးဗားမြို့တွင်တော့ မြန်မာဘုန်းတော်ကြီးတပါး ကျောင်းထိုင်သည့် ဘုန်းတော်ကြီးကျောင်း ရှိနေသေးသည်။ ဘုန်းတော်ကြီးက ကလေးများကို အနည်းဆုံးတော့ မြန်မာမှု သွန်သင်ညွှန်ပြ ပေးနိုင်သေးသည်။ သို့သော်လည်း မိဘများ အဖို့ ၎င်းတို့၏ကလေးများ မြန်မာလူနေမှုပုံစံမှ ကနေဒါနိုင်ငံလူနေမှုပုံစံသို့ တစတစပြောင်းသွားသည်ကိုလည်း စိတ်မချမ်းမြေ့ဖွယ် တွေ့နေကြရသည်။

သို့သော် အကောင်းဘက် ပြောင်းလဲမှုများလည်း ရှိပါသေးသည်။ ကနေဒါနိုင်ငံ၏ ဘက်စုံပြည့်စုံကောင်းမွန်လှသည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့် ပညာရေးစနစ်ကို လူတိုင်းက အသိအမှတ်ပြု ချီးမွမ်းကြသည်။ ကိုတိုးကြည်က ယခုတိုင် လွတ်လပ်သည့်ဘ၀ကို အံ့သြနေရသေးသည်။ လွန်ခဲ့သောနှစ်က သူ၏မိသားစု ဆက်စ်ကာတွန်းမှ ဗင်ကူးဗားမြို့ သို့ ပြောင်းရွှေ့လာခဲ့သည်။ မည်သူတဦးတယောက်ကမျှ မေးမြန်းမှု မရှိခဲ့သကဲ့သို့ မည်သူကမှလည်း အနှောင့်အယှက် မပြုခဲ့။ သူတို့ဘာသာ ပြောင်းခဲ့ကြသည်။ ဤသို့ လွတ်လပ်မှုမျိုးကို သူအံ့သြနေခြင်း ဖြစ်သည်။

အိတ်ကပ်ထဲ ငွေရှိနေသရွေ့တော့ သူလိုအမျှအကုန် လွတ်လွတ်လပ်လပ်ဝယ်နိုင်သည်ဟုလည်း ကိုနိုင်က ပြောသေးသည်။
လူအများက ခွဲခြားဆက်ဆံသည့် သဘောမျိုးကိုလည်း ကနေဒါနိုင်ငံတွင် ထူးထူးခြားခြား မတွေ့ကြရ။ “လူတွေက သိပ် ကောင်းတယ်။ သိပ် ကြင်နာတတ်ပြီး၊ သိပ်လည်း သည်းညည်းခံကြတယ်”ဟု ကိုတင်မောင်ထူးကလည်း ပြောသည်။
“ကျမကတော့ နေသားကျပြီး တဖြည်းဖြည်းပျော်လာပါပြီ”ဟု မညွန့်ညွန့်သန်းကလည်း ယုံကြည်မှုဖြင့် ပြောသည်။

သို့သော်လည်း ၁၉၈၈ မျိုးဆက်များ၏ ရင်တွင်း၌ကား ၀မ်းနည်းကြေကွဲနေသည့် လှိုင်းက ပြင်းထန်စွာရိုက်ခတ်နေဆဲ။ သူတို့၏ ဆုံးရှုံးခဲ့ရမှုက များခဲ့သည်။ အပြောင်းအလည်းတခုဖြစ်လာစေရန်လည်း သူတို့ မစွမ်းနိုင်ခဲ့ကြ။ “ကျနော်ကတော့ ကျနော်တို့ မြန်မာပြည်ကလူထုတွေအတွက် သိပ်ဝမ်းနည်းတာပဲ”ဟု ကိုတိုးကြည်က ကြေကွဲစွာ ပြောပါသည်။

၂၀၀၇ ခုနှစ် သြဂုတ်လ ထုတ် ဧရာဝတီမဂ္ဂဇင်းမှ Anne Fletcher ရေးသားသော Where are they now? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

အန်နီ ဖလက်ရှာ (Anne Fletcher) သည် ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့တွင် အခြေစိုက်နေထိုင်သူ သတင်းထောက်တဦး ဖြစ်ပါသည်။

No comments: