Tuesday, August 7, 2007

refugees in Kayah state area

(ဘလော့ဂါမှတ်ချက် - ဆောင်းပါးရှည်ကြီးဗျာ။ ဒုက္ခသည်တွေအကြောင်း ဒုက္ခသည်စခန်းအကြောင်း သိရအောင် ဖတ်ကြည့်ပါဦး။)

ဒုက္ခသည်တွေဟာ ဒုတိယ ကျွန်ခံ၊ တပည့်ခံ အဖြစ်နဲ့ပါလား
ဒီလှိုင်းငြိမ်း/ ကန္တာရ၀တီတိုင်း(မ်)

“ကျနော် ဒီဒုက္ခသည်စခန်းမှာ လာနေတာကြာပြီ၊ ရွာမှာ ဗမာစစ်သားတွေက ရက်စက်လို့ ထွက်ပြေးလာတာပါ။ ဘယ်တော့ ရွာပြန်နေရမလဲဆိုတာ မသိသေးဘူး။ ပြန်နေရတော့မလား၊ ပြန်မနေရတော့ဘူးလား ဆိုလည်း မသိတော့ပါဘူး။ အသက်ကလဲ ကြီးပြီဆိုတော့ လောလောဆယ်တော့ ဒီမှာ ဆက်နေရအုံးမှာဘဲ” လို့ ဆားရယ်၊ အသက် (၆၀) ကျော်ရှိတဲ့ အဖိုးတယောက်က ပြီးခဲ့တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပြောသွားပါတယ်။


အဖိုးဆားရယ်ဟာ ဆံပင်ဖြူ၊ ခါးကုန်း၊ ရှေ့သွားတွေလည်း မရှိတော့ပေမဲ့ သူကိုကြည့်ရတာ ရွှင်ရွှင်လန်းလန်းပါ။ အသက်အရွယ် ရိှလာတော့ အပူအပင်ကင်းပြီး ရှည်ရှည်ဝေးဝေး မတွေးချင်တော့တဲ့ သဘောလား မသိ၊ သူ့ကို ကြည့်ရတာ ကျန်းကျန်းမာမာနဲ့ပါဘဲ။

ဒုက္ခသည်တွေ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခအ၀၀တွေကို တစေ့တစောင်း ပြောပြရမယ်ဆိုရင် သူတို့ဟာ (ဒုက္ခသည်တွေ) အထက် ဒေသအာဏာပိုင်ကို ဘယ်သူမှ ဖီဆန် အာခံပြီး မပြောရဲကြပါ။ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်၊ နေခိုင်းတဲ့ နေရာမှာနေ၊ ပြန်မပြောနဲ့ စတာတွေပေါ့။

“ပြည်တွင်းမှာ မြန်မာစစ်အစိုးရတပ်တွေ အဓမ္မကျေးရွာ ပြောင်းရွှေ့ခိုင်းစေမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ မတရား အနိုင်ကျင့်မှုတွေကြောင့် ထွက်ပြေးလာခဲ့တာပါ၊ ဒီမှာ နေတာလဲ ပျော်တယ်လို့ မဟုတ်ပါဘူး။ ပြည်တွင်းမှာ နေစရာနေရာ မရှိလို့ ဒီကို လာခဲ့တာပါ။ ဒီမှာ နေတာလဲ တဖြည်းဖြည်းနဲ့ ကျဉ်းကြပ်လာနေပါပြီ၊ တတိယနိုင်ငံကို ဆက်သွားမလား၊ မသွားဘူးလား ဆိုတာလဲ ကိုယ့်ကိုယ်ကို ပြောလို့ မရသေးပါဘူး။ သူ(တတိယနိုင်ငံမှ) ခေါ်ရင်တော့ လိုက်သွားမယ်။ ဒီလို အခြေအနေမျိုးနဲ့ ပြည်တွင်းမှာ ပြန်မနေချင်ပါဘူး၊ ပြန်လို့လဲ မရသေးပါဘူး” လို့ ပြောဆိုသူက စခန်းလုံခြုံရေး အဖွဲ့က ခူဘဲရယ် ဖြစ်ပါတယ်။

ထိုင်းနယ်စပ်ရှိ ဒုက္ခသည်တွေဟာ အများအားဖြင့် ဒုက္ခသည်သက်တမ်း (၁၅) နှစ်ကျော် အထက် နေထိုင်လာခဲ့တဲ့သူတွေ ပိုများပါတယ်။ (၁၅) နှစ်၊ အနှစ် (၂၀) ကျော် ကြာအောင် ဒုက္ခသည်စခန်းမှာ ဘ၀ကို ရင်းနှီးမြှပ်နှံရင်း လူ့ဘ၀တခု ဖွံ့ဖြိုးတိုးတက်မှု အစရှာမရတဲ့ အပြင် လမ်းစ၊ ထွက်ပေါက်လည်း တဖြည်းဖြည်းနဲ့ ပြန်ကျဉ်းကြပ် သွားသလိုပါဘဲ။

ပြီးခဲ့တဲ့နှစ်က တတိယနိုင်ငံကို ထွက်ခွာသွားခွင့် ရရှိခဲ့တဲ့ ကရင်နီဒုက္ခသည် အမှတ်(၁)စခန်းက မိသားစုတစုရဲ့ ဘ၀အတွေ့အကြုံတွေကို ပြောပြပုံက ဟိုမှာ ရောက်တဲ့အခါ ဘာပြောလဲဆိုရင် “ဒီမှာ ရောက်လာကြတဲ့ နယ်စပ်က ဒုက္ခသည်တွေဟာ အတူတူပါဘဲ၊ အိမ်တိုင်းမှာ ကွန်ပျူတာ ကိုယ်စီ ရှိထားကြပါတယ်။ ဒါပေမဲ့ တယောက်မှ ကျွမ်းကျွမ်းကျင်ကျင် မရှိဘူး၊ တယောက်မှ ပိုသိတယ်၊ ပိုတတ်တယ် မရှိဘူး။ မေးကြရင် အတူတူတွေဘဲ” လို့ ပြောပြပါတယ်။

ဘာဖြစ်လဲဆိုတော့ ကနေ့ခေတ်ကာလက ကွန်ပျူတာ၊ အင်တာနက်၊ သတင်းမီဒီယာခေတ် မဟုတ်လား။ တခု မသိရင် တခေတ် နောက်ကျတယ် ပြောကြသလိုပေါ့၊ သူတို့ခဗျာ ခေတ်ကို မမှီနိုင်သေးပေမဲ့ မှီနိုင်သလောက်ကြိုးစား လိုက်နေကြတာ သဘာဝ ကျပါတယ်။ မသိလို့ ခက်နေကြတာဘဲ မဟုတ်လား။

ဒါပေမဲ့ သူတို့တွေကို မသိလို့ ညံ့လိုက်တာ ပြောလို့ မရပါဘူး။ သူတို့ ကြီးပြင်းလာခဲ့ရတဲ့ ဘေးပတ်ဝန်းကျင်နဲ့ အရာရာတို့ဟာ ကိုယ့်အခွင့်အရေးကို အပြည့်အ၀ ခံစားခွင့် မရရှိခဲ့ရတဲ့ ဒုက္ခသည်ဘ၀လေ၊ သူတို့ကို တုံးလိုက်တာ၊ ခေတ်နောက်ကျလိုက်တာ ပြောလို့မရပါဘူး။ အဲဒါ ဘယ်ကစလဲဆိုရင် ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့တဲ့ အချိန်တုန်းက ဒုက္ခသည်ဘ၀ ဖြစ်နေလို့ ပညာရေးကို အခွင့်အရေးကို အပြည့်အ၀ သင်ကြားခွင့် မရရှိခဲ့ကြဘူး ဆိုတာ သက်သေထူနေတာဘဲ မဟုတ်လား။

နယ်စပ်က ဒုက္ခသည် စခန်းသား/သူတွေဟာ ပညာရေး၊ ကျန်းမာရေး၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ပဲ စတဲ့ ထောက်ပံ့မှု တွေကို အခမဲ့ရတယ်ဆိုပေမဲ့ အပေါ်ယံ သဘောလောက်ပါဘဲ။ မယုံ မရှိနဲ့။ ဒုက္ခသည်စခန်းမှာ ရေရှည်နေထိုင် လာခဲ့သူတွေအနေနဲ့ သေသေချာချာ တွေးကြည့်ပါ။

“ပြည်တွင်းစစ်ကြောင့် ကျနော်တို့တတွေ ဒုက္ခသည်ဘ၀နဲ့ ရောက်ခဲ့ကြရတယ် ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုက္ခသည်ဆိုတာ ရေရှည်တည်ရှိနေမဲ့အရာ မဟုတ်ဘူးဆိုတာ သတိထား ကြစေလိုပါတယ်။ ဒုက္ခသည်ဘ၀မှာ မတင်းတိမ် မရောင့်ရဲကြပါနဲ့၊ အထူးသဖြင့် လူငယ်မောင်မယ်များ ကျောင်းသူ/သားများ အနေနဲ့ ဒုက္ခသည်ရဲ့ အနာဂတ်ဟာ ခင်ဗျားတို့လက်ထဲမှာ ရှိတယ်။ အချိန်အခါ အခြေအနေပေးလို့ ပညာကို ကြိုးစားရှာကြပါ။ လူတော်လူကောင်း ဖြစ်အောင် ကြိုးစားရှာကြပါ။ ဘယ်မှာဘဲနေနေ မိမိရဲ့ အမျိုးသားလက္ခဏာ မပျောက်ပျက်ပါစေနဲ့လို့ အထူး မှာကြားလိုပါတယ်” လို့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကရင်နီဒုက္ခသည် ပင်မကော်မီ ဥက္ကဌ ခူရှေးရယ်ဖိုးဘျားက ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကြောင့် အိုးအိမ် စွန့်ခွာပြီး စစ်ပြေးဒုက္ခသည် ဖြစ်လာတာပါ။ ဒါကြောင့် စစ်အစိုးရ ရှိနေသရွေ့ ထိုင်းနယ်စပ်က ဒုက္ခသည်တွေ အရေးဟာ ဆက်ရှိနေအုံးမှာပါဘဲ။ မြန်မာစစ်အစိုးရရဲ့ အဆိုးဆုံး လုပ်ရပ်တခုက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ မဖြေရှင်းတဲ့အပြင် ကျေးလက်တောရွာမှာ နေထိုင်ကြတဲ့ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူလူထုတွေကို စစ်ဆင်မှုတွေ လုပ်နေတာကြောင့် လူထုတွေ ပိုဒုက္ခရောက်ကြတာ ဖြစ်ပါတယ်။

နိုင်ငံရေး တစုံတရာ မပြောင်းလဲနိုင်သေးတော့ ထိုင်းနယ်စပ်မှာ နှစ်ရှည်လများ သောင်တင်နေကြတဲ့ ဒုက္ခသည်တွေအရေးကို NGOs အဖွဲ့အစည်းတွေ ၀ိုင်းဝန်း ဖြေရှင်းနေကြပေမဲ့ ကနေ့ချိန်ထိ ကြီးကြီးမားမား ပြောပလောက်တဲ့ တိုးတက်မှု မရှိသေးပါဘူး။
“ဒုက္ခသည်များအားလုံးကို စခန်းပြင် ထွက်ပြီး အလုပ်လုပ်ခွင့်နဲ့ ပညာသင်ကြားနိုင်ခွင့် အခွင့်အလမ်းများကို ဦးစားပေး တိုးမြှင့်ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မကြာသေးမှီက တိုက်တွန်းထားပါတယ်။ ဒုက္ခသည်များမှာ မဆုံးနိုင်တဲ့ အတွေ့အကြုံတွေ၊ ပညာအရည်အချင်းနဲ့ တီထွင်မှုစွမ်းရည်တွေ ပေးဆောင်နိုင်တယ်ဆိုတာ ကျမတို့ သိပါတယ်” လို့ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အခြေစိုက် UNHCR အကြီးအကဲ တစ်ဦးက ဒုက္ခသည်နေ့မှာ ပြောသွားခဲ့ပါတယ်။

UNHCR အကြီးအကဲတယောက် ပြောသွားခဲ့သလို ဖြစ်လာခဲ့မယ်ဆိုရင် စခန်းထဲလူထုအတွက်နဲ့ ပညာကို ဆက်လက် သင်ကြားချင်တဲ့ ထူးချွန်တဲ့ ကျောင်းသားလူငယ်တွေအတွက် အားရ၀မ်းသာစရာပါ။ ဒါပေမဲ့ အခုချိန်ထိ အရိပ်ပြ အကောင်မြင်တာ မတွေ့ရှိရသေးဘဲ၊ အကောင် မရှိဘဲ အရိပ်ပြနေသလို မရဲတရဲ တွေးထင်နေမိပါတယ်။

ဘာဖြစ်လဲဆိုတော့ ကရင်နီဒုက္ခသည် စခန်း (၂) စလုံး လူဦးရေဟာ (၂) သောင်းခွဲ ခန့် ရှိပါတယ်။ အဲဒီအထဲမှာ အများအားဖြင့် အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။ အလုပ်အကိုင် ရှိတယ် ဆိုပါသော်လဲ မဖြစ်စလောက် ခံစားခွင့်နဲ့ဘဲဆိုတော့ မိသားစုအရေးနဲ့ ပြောလာတဲ့ အခါကျရင် စေတနာ အပိုရှိသူဆိုတာ မရှိသလောက် ရှားပါတယ် လို့ ထင်ပါတယ်။

နောက်ပြီး တနှစ် - တနှစ် (၁၀) တန်း ကျောင်းပြီးတဲ့ ကျောင်းသူ/သား ဦးရေတွေဟာ (၅၀၀) ကျော် ရှိပါတယ်။ ဒါကြောင့် အခုလို စခန်းပြင် ထွက်ခွင့်မရ၊ ကျောင်း ဆက်လက်သင်ယူခွင့် မရကြတဲ့ အဲဒီကျောင်းသူ/သားတွေရဲ့ အနာဂတ်ဟာ ဘယ်ကို ဦးတည်နေမှာလဲ။ ကျွန်ခံ၊ တပည့်ခံ အဖြစ် အစေခံ အခြေခံပညာရေးနဲ့ နှစ်သိမ့်နေရတော့မလား။ ဒါမှမဟုတ် ထိုင်းနယ်စပ်မှာဘဲ ကြာရှည်နေထိုင်ပြီး ထိုင်းဘာသာစကားကို တတ်အောင် သင်ပြီး အစေခံအဖြစ်နဲ့ နေကြအုံးမလား။

လူမှုအသိုင်းအ၀ိုင်းတခု၊ လူ့အဆောက်အအုံတခုမှာ တိုးတက်မြင့်မားလာဖို့ အတွက် ဘွဲ့ရ ပညာတတ်လူငယ်တွေ၊ ပြည်ပအတွေ့အကြုံရှိ လူငယ်တွေ၊ မျိုးချစ်စိတ်ပြင်းပြတဲ့ လူငယ်တွေ ရှိမှသာလျှင် တိုင်းပြည်တပြည်ရဲ့ ပခုံးပြောင်း တာဝန်တွေကို ထမ်းဆောင်နိုင်ကြမဲ့ သူတွေ ရှိတယ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်။

အမှတ် (၁) စခန်းရှိ အလက (၃) ကျောင်းအုပ် ခူညေးရယ်က “ ဥပမာပြောရရင် လူငယ်တွေဆိုရင် ခေတ်နဲ့အညီ ဖြစ်ချင်တယ်၊ သွားချင်တယ်၊ အဆင့်မြင့်ပညာတွေ သင်ချင်တယ်၊ ဒါပေမဲ့ အထက်က မလုပ်ပေးနိုင်ဘူး၊ တခါတလေ ရှိလာတဲ့ အခွင့်အရေးတွေကို တားဆီးပိတ်ပင်ခံရတယ် ” လို့ ပြောပါတယ်။

တချို့လူငယ်တွေက ဒုက္ခသည်စခန်းမှာ မွေးဖွားပြီး အထက်တန်းကျောင်းပြီးလို့ အရွယ်ရောက်နေကြပါပြီ။ သူတို့ရဲ့ အချိန်အခါ ရာစုခေတ်တခေတ် ရောက်နေကြပါပြီ။ ဒုက္ခသည်စခန်းမှာ နှစ်ပေါင်း (၂၀) ကျော် နေထိုင်လာခဲ့ကြပြီးပြီလို့ ဆိုကြပါစို့။

ဒါကြောင့် သူတို့ရဲ့ နှစ်ရှည်လများ ခံစားနေကြတဲ့ သူတို့ရဲ့ ခံစားချက်၊ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ၊ ကျဉ်းကျပ်မှုတွေ ကို ပြီးခဲ့တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ အထက်က ဦးစီးဦးဆောင်မှု မရှိဘဲ သူတို့ရဲ့ ခံစားချက်တွေကို စာတမ်းနဲ့ တမျိုး၊ ရုပ်ပုံကာတွန်းနဲ့ တဖုံ၊ အခမ်းအနား ပြုလုပ်တဲ့နေရာမှာ ဖော်ပြခဲ့ကြတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်က အရှေ့တောင်အာရှနိုင်ငံတွေက ပါလီမန်အမတ်တချို့ ကရင်နီဒုက္ခသည်စခန်းကို လာရောက် လည်ပတ်တုံးကလဲ စခန်းအတွင်းမှာရှိတဲ့ ကျောင်းသားလူငယ်တွေနဲ့ စခန်းလူထုတွေက ကြိုဆိုတဲ့ အခမ်းအနားတရပ်မှာ သူတို့ဟာ ဘာတွေ ခံစားနေကြရလဲဆိုတာ ပါလီမန်အမတ်တချို့က တွေ့မြင်ခဲ့ပြီးကြပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပြီးနောက်မှာ ကျောင်းသားလူငယ်တွေကို ဒေသအာဏာပိုင် အကြီးအကဲတဦးက ကျောင်းသူ/သား ခေါင်းဆောင်တွေကို ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဒုက္ခသည်စခန်းအတွင်းမှာလဲ ဒေသအာဏာပိုင်တွေနဲ့ ပတ်သက်မှုရှိတဲ့ လုပ်ဆောင်ချက်တွေ၊ ကျော်မကောင်း၊ ကြားမကောင်း ကိစ္စရပ်တွေ အားလုံးဟာ ဒေသအာဏာပိုင်က စခန်းကော်မီတီတွေကို နှုတ်ပိတ်ထားတဲ့ အဆင့်ထိတောင် ရှိနေပါတယ်။

အခုချိန်မှာ နွေရာသီကျောင်းတွေ ပိတ်ပြီးလို့ မိုးရာသီ အချိန်ကာလတခုထဲ ရောက်လာပြန်ပါပြီ။ ထုံးစံအတိုင်း ကျောင်းတွေ ပြန်ဖွင့်ပြီဆိုတော့ ညအချိန်မှာ ညီငယ်၊ ညီမငယ်တွေရဲ့ စာအံသံတွေလဲ ဆူဆူညံညံနဲ့ ပြန်လို့ ကြားနေရပါပြီ။ ဒါပေမဲ့ ကျနော်တို့အပါအ၀င် အနာဂတ် ကျနော်တို့ခရီးဟာ အဆုံးမဲ့ခရီးပါလားလို့ တွေးမိလေတိုင်း ရင်လေး မိပါတယ်။

ကျောင်းတွေ ပြန်ဖွင့်ပြီဆိုတော့ ကျောင်းကို အလည် သွားကြည့်ခဲ့ပါတယ်။ ကျောင်းအားလပ်ချိန် ရောက်တော့ ပျော်ပျော်ပါးပါး ပြေးလွား၊ ခုန်ပေါက် ကစားနေကြတဲ့ မူလတန်းကျောင်းက ညီငယ်၊ ညီမငယ်တွေကို ကြည့်ရင်း ကိုယ်ကပါ ပြန်ပြီး အသက်ငယ်ချင်ပါတော့တယ်။ ကျောင်းဝတ်စုံကို ဖားတပိုင်း၊ ငါးတပိုင်း ၀တ်ထားတဲ့ ညီမငယ် တယောက်ကို မေးကြည့်ခဲ့ပါတယ်။

“ကျမနာမည် ဘူးမယ်ပါ။ အသက် (၁၂) နှစ်၊ အခြေခံ မူလတန်းကျောင်း စတုတ္တတန်းမှာ ပညာသင်ယူနေပါတယ်။ ကျမ ကျောင်းတက်ရတာ ပျော်ပါတယ်” လို့ အမက (၁) ညီမငယ် ကျောင်းသူ တစ်ယောက်က ကျနော့် အမေးကို ပြန်ဖြေခဲ့ပါတယ်။

ကရင်နီဒုက္ခသည်စခန်းမှာ ကျောင်းဆရာ/မ သက်တမ်းကြာရှည်ဆုံး သူတွေထဲက တဦးအပါအ၀င်ဖြစ်တဲ့ ဆရာမ ဘူးမယ်က ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး သူ့အမြင်က “ကျမတို့ ဒုက္ခသည်ဘ၀က မပပျောက်နိုင်သေးဘူးလို့ ထင်ပါတယ်၊ ဘာဖြစ်လဲဆိုတော့ ပြည်တွင်းမှာ ဒုက္ခတွေရောက်လို့ ထွက်ပြေးလာကြတယ်။ ဒီမှာ နှစ်ပေါင်းများစွာ နေထိုင်တဲ့သူတွေလဲ တတိယနိုင်ငံကို ဆက်လက် ထွက်ခွာသွားပေမဲ့ ဒုက္ခသည်စခန်းကတော့ ဆက်ရှိနေအုံးမှာဘဲ ထင်တယ်လေ” လို့ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့မှာ စခန်းတွင်းက ကျောင်သားလူငယ် လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကရင်နီဒုက္ခသည်ပင်မ ကော်မီတီ ဥက္ကဌ ခူရှေးရယ်ဖိုးဘျားရဲ့အမြင်က အခုလို ပြောပါတယ်။

“ကျောင်းသူ/သားများတွေဟာ သူတို့ရဲ့ စာတမ်းတွေကို ဒီစာရွက်တွေပေါ်မှာ ရေးသားပြီး ဒီလိုမျိုး ဖော်ပြနိုင်တာ အင်မတန်ကောင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်။ ဒီလုပ်ရပ်အပေါ်မှာ တာဝန်ရှိတဲ့ ကျနော်တို့ KnRC နဲ့ စခန်းကော်မီတီတို့ကလဲဘဲ NGOs နဲ့ ထပ်ပြီးတော့ ဆွေးနွေးပါ့မယ်။ ကျနော်တို့ ဒီလိုမျိုး ဆောင်ရွက်ခြင်းအားဖြင့် လာမယ့် အနာဂါတ်မှာပေါ့လေ၊ ကျနော်တို့ရဲ့ ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ဒေသအာဏာပိုင်ရော၊ NGOs ရော ပိုပြီးစိတ်ဝင်စားမှု ရှိလာမယ်။ အဲဒီတော့ တိုးတက်မှုကို ရှေ့ရှုတဲ့ ဖြစ်စဉ်တစ်ခုဘဲလို့ ကျနော် မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ပြည်တွင်းစစ်ကြောင့် ထိုင်းနယ်စပ်ကို ထွက်ပြေး ရောက်ရှိခိုလှုံနေရတဲ့ ပြည်တွင်းက IDP လို့ခေါ်တဲ့ ရွာပုန်း၊ ရွာရှောင်သူတွေရဲ့ ပူပင်သောကမှုတွေဟာလဲ ကင်းဝေးမှု မရှိနိုင်သေးပါဘူး။ ဒုက္ခသည်စခန်းမှာလဲ ကျွန်ခံ၊ တပည့်ခံအဖြစ်နဲ့ အစေခံ အခြေခံပညာရေးနဲ့ စားဝတ်နေရေးတို့ဟာ ဘယ်ခရီးအထိ ဆက်ရှိနေအုံးမယ်ဆိုတာ မမြင်နိုင်သေးတဲ့ ပင်လယ်ခရီး တခုလို ဖြစ်နေပါတယ်။


No comments: