Tuesday, August 7, 2007

some refugees forced to leave the camp

အထောက်အထားမရှိသည့် ဒုက္ခသည်များ နေရပ်ပြန်ခိုင်း
ဧရာဝတီ သြဂုတ် ၇၊ ၂၀၀၇

ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် မှတ်ပုံမတင်ရသေးသည့် ဒုက္ခသည်များအား ထိုင်းအာဏာပိုင်တို့က နေရပ်ဒေသသို့ မိမိဆန္ဒအလျှောက်ပြန်ရန် တိုက်တွန်းကြောင်း ကရင်ဒုက္ခသည် အသိုင်းအ၀န်းမှလာသော သတင်းများအရ သိရသည်။


မယ်လဒုက္ခသည်စခန်းအတွင်း၌ မှတ်ပုံမတင်ရသေးသည့် ဒုက္ခသည် ငါးထောင်ကျော်ရှိပြီး ၎င်းတို့အားလုံး နေရပ်ရင်းဒေသ များသို့ ပြန်ရဖွယ်ရှိသည်ဟု ကရင်ဒုက္ခသည်ကော်မတီဥက္ကဌ ရောဘတ်ထွေးက ဧရာဝတီကို ပြောသည်။

မယ်လဒုက္ခသည် စခန်းအတွင်း၌ မြန်မာနိုင်ငံသား ဒုက္ခသည် လေးသောင်းကျော် နေထိုင်လျက်ရှိသည်။

ထိုင်းအာဏာပိုင်တို့က မယ်လဒုက္ခသည်စခန်းအတွင်းမှ ဒုက္ခသည်အသစ်များအား ဘောလုံးကွင်းအတွင်း စုဝေးစေပြီး ၎င်းတို့၏မူဝါဒများကို ရှင်းလင်းသည်ဟု စခန်းတွင်းနေထိုင်သူ ဦးသန်းထွန်းက ပြောသည်။

ထိုင်းအာဏာပိုင်တို့က မှတ်ပုံမတင်ရသေးသည့် ဒုက္ခသည်များကို အိမ်မဆောက်ပေးနိုင်ကြောင်းနှင့် စားနပ်ရိက္ခာ မထောက် ပံ့နိုင်ကြောင်း ပြောဆိုသည်ဟုလည်း ၎င်းကဆက်ပြောသည်။ သို့ရာတွင် ဒုက္ခသည်အများစုက နေရပ်ဒေသများသို့ ပြန်ရန် ငြင်းဆန်သည်ဟုလည်း ပြောဆိုသည်။

ထဆောင်ယန်ခရိုင်ရှိ မယ်လစခန်းတာဝန်ခံ အခါရပ်ဖန်း ဖူဆစ်လိက ထိုင်းအစိုးရအနေဖြင့် ဒုက္ခသည်အသစ် လက်ခံရန်နှင့် ဒုက္ခသည်စခန်းအသစ်ဖွင့်ရန် မူဝါဒမရှိကြောင်း ပြောဆိုသည်။ မှတ်ပုံမတင်ရသေးသော မယ်လဒုက္ခသည်စခန်းအတွင်း ခိုအောင်းနေသူများအား ထိုင်းစစ်တပ်က ရှာဖွေဖမ်းဆီးမည်ဟုလည်း ၎င်းကပြောသည်။

ဇူလိုင်လအတွင်းက မယ်လဒုက္ခသည်စခန်းတွင် မှတ်ပုံမတင်ရသေးသည့် ဒုက္ခသည်တရာကျော်ကို ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် ၂၀ ခန့်ကို ထဆောင်ယန်ခရိုင် တဘက်ခြမ်းရှိ နေရပ်ရင်းဒေသသို့ ပြန်ပို့ခဲ့သည်။

No comments: