Saturday, September 1, 2007

strike diary ( irrawaddy aug 31 )

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ သြဂုတ် ၃၁၊ ၂၀၀၇

တောင်ကုတ်-ရခိုင်ပြည်နယ်
ယနေ့ နံနက် ၇ နာရီခန့်တွင် အသက် ၂၅-၃၀ နှစ် ၀န်းကျင်ရှိ လူ ၂ ဦးက လောင်စာဆီဈေးနှုန်း ကျဆင်းရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် တောင်းဆိုရေးသားထားသော ဆိုင်းဘုတ်များကိုကိုင်ဆောင်၍ တောင်ကုတ် မြို့တွင်း၌ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ ၎င်းတို့ ၂ ဦးအား အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။


အဆိုပါ ဆန္ဒပြသူ ကိုစည်သူနှင့် ကိုသန်းလွင်တို့က တောင်ကုတ်မြို့လမ်းမများပေါ် လှည့်လည်၍ ၂ နာရီခန့်ကြာ ဆန္ဒပြ နေစဉ် ချောင်းကောက်ရပ်ကွက် အရောက်တွင် ရဲ၊ ကြံ့ဖွံ့နှင့် အက်စ်ဘီထောက်လှမ်းရေးများက ဆိုင်ကယ်များဖြင့် ၀ိုင်းဝန်း ဖမ်းဆီးသွားသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တောင်ကုတ်မြို့နေ ဦးခင်လတ်က ပြောသည်။

ထိုသို့ မဖမ်းဆီးခင် မြို့တွင်း တနေရာ၌ ဆန္ဒပြသူ ၂ ဦးကို အက်စ်ဘီ ထောက်လှမ်းရေးအဖွဲ့က ခေါ်လာသည့် စစ်သား တဦးက ၀င်ရောက် ထိုးကြိတ်ခဲ့ကြောင်း သိရသည်။

“အန်းလမ်းတနေရာမှာ အဲဒီစစ်သားက လက်သီးနဲ့ဝင်ထိုးလို့ ပြည်သူလူထုကို မင်းတို့ ဒီလို အကြမ်းဖက်တာမျိုး မလုပ်ပါနဲ့လို့ ကျနော်တို့က ၀င်တားခဲ့ပါတယ်၊ အဲဒီအချိန်မှာ ရဲအရာရှိတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေရှိတယ်၊ သူတို့ရှေ့မှာလုပ်တာ”ဟု ဦးခင်လတ်က ပြောသည်။

တောင်ကုတ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုမင်းအောင်က မှတ်တမ်းဓာတ်ပုံရိုက်ယူရာ သူ၏ ကင်မရာအား အထက်ပါ စစ်သားက သိမ်းယူဖျက်ဆီးရန် ကြိုးစားခဲ့သည်ဟု ကိုမင်းအောင်က ပြောပြသည်။

“ကျနော့်ကို ဓာတ်ပုံမရိုက်ရဘူး ကင်မရာကိုပေးဆိုပြီး လာလုတယ်၊ ကျနော်က ဒါ ခင်ဗျား ဥစ္စာမဟုတ်ဘူး ကျနော်မပေး နိုင်ဘူးဆိုပြီး ပြန်ယူပြီးထွက်လာခဲ့တယ်”ဟု ကိုမင်းအောင်က ပြောသည်။

ယခုကဲ့သို့ ပြည်သူလူထု၏ အခက်အခဲကို ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား ဥပဒေမဲ့ အကြမ်းဖက်ခြင်းသည် မဖြစ်သင့် ကြောင်း၊ ဥပဒေကို ကိုင်တွယ်အသုံးပြုနေသည့် နိုင်ငံတော် အုပ်ချုပ်သူများတွင် ဖြေရှင်းပေးရန် တာဝန်ရှိကြောင်းလည်း ဦးခင်လတ်က ပြောဆိုသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)


No comments: