Saturday, September 1, 2007

more wasting pages

ဂျာနယ်များ၌ ၀ါဒဖြန့်သတင်း မထည့်မနေရဖော်ပြခိုင်း
Irrawaddy ကိုသက် စက်တင်ဘာ ၁၊ ၂၀၀၇

“ ပုံ ဆယ်ပုံကိုပေးပြီး နှစ်သက်ရာတပုံကို ဖော်ပြခိုင်းခြင်းဖြစ်သည်။ ”

ပြည်တွင်းထုတ်ဂျာနယ်များတွင် စစ်အစိုးရ၏၀ါဒဖြန့်သတင်းတပုဒ်ကို မထည့်မနေရဖော်ပြရန် စာပေစိစစ်ရေးက ညွှန်ကြားထားသည်ဟု ဂျာနယ်အယ်ဒီတာတဦးက ဧရာဝတီကို အတည်ပြုပြောဆိုသည်။

ဂျာနယ်များတွင်ဖော်ပြခိုင်းသည်မှာ “ကေအန်ယူ အကြမ်းဖက်သောင်းကြမ်းသူအဖွဲ့မှ ငြိမ်းချမ်းရေး ရလိုသူများကို သတ်ဖြတ်မှုသတင်း” ဟုသည့်ခေါင်းစဉ်ဖြင့် ကေအန်ယူအဖွဲ့မှ ဒုဗိုလ်မှူးကြီး ကြည်လင်း လုပ်ကြံခံရသည့် သတင်းကို ဖော်ပြခိုင်းခြင်းဖြစ်သည်။

အဆိုပါသတင်း၌ ကေအန်ယူအဖွဲ့က စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရလိုသည့် ကရင်တပ်မှူးအကြီးအကဲများ၊ ၎င်းတို့ကို ဆန့်ကြင်သူများအား အကြမ်းဖက်သတ်ဖြတ်ရေးကော်မတီဖွဲ့ဆီးကာ ရှင်းလင်းသုတ်သင်နေသည်ဟု ရေးသားထားသည်။

မူလက အားကစားဂျာနယ်များမှအစ စစ်အစိုးရအာဘော်ဖြစ်သည့် ဆောင်းပါးတပုဒ်ကို စာပေစီစစ်ရေးက မထည့်မနေရ ထည့်ခိုင်းပြီး ယခုအပတ်မှစ၍ ၀ါဒဖြန့်သတင်းတပုဒ်ကိုပါ ထပ်၍ထည့်ခိုင်းခြင်းဖြစ်သည်။

သတင်းဂျာနယ်တစောင်၏ အယ်ဒီတာတဦးက “သူတို့ (စာပေစိစစ်ရေး) မထည့်စေချင်တဲ့သတင်းတွေ အဖြုတ်ခံနေရတဲ့ အချိန်မှာ သူတို့ထည့်စေချင်တာကို ထည့်ရတယ်ဆိုတော့ ငွေးကြေးအရလဲ အရှုံးပေါ်တဲ့အပြင် စာဖတ်သူအတွက်လည်း အနှောင့်အယှက်ဖြစ်တယ်၊ စာမျက်နှာလည်း အလဟဿဖြစ်တယ်” ဟု ပြောသည်။

ဂျာနယ်သတင်းထောက်တဦးကလည်း “၀ါဒဖြန့်ဆောင်းပါးကြောင့် နယ်ပရိသတ်တယောက်က ကျနော်တို့ဆီကို ဖုန်းဆက်ပြီး မင်းတို့ ဘာကောင်တွေလဲ၊ မင်းတို့ဂျာနယ်မှာပါတဲ့ဆောင်းပါးကဘာလုပ်တာလဲနဲ့ ပြဿနာရှာလို့ မနဲရှင်းပြရတာမျိုး ကြုံရတယ်” ဟု ပြောသည်။

စာပေစိစစ်ရေးက အဆိုပါသတင်းကို ဓာတ်ပုံနှင့်တကွ ဖော်ပြခိုင်းခြင်းဖြစ်ပြီး ဂျာနယ်စာမျာက်နှာ၏ လေးပုံတပုံ အရွယ်ရှိသည်။ ၎င်းအပြင် ဂျာနယ်တိုက်များသို့ လုပ်ကြံခံရသည့် ဒုဗိုလ်မှူးကြီး ကြည်လင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့်ဓာတ်ပုံအပါအ၀င် အကြမ်းဖက်သတ်ဖြတ် ခံရသည့် ကလေးငယ်များ၊ ရဟန်းများနှင့် ရွားသားများ၏
ပုံ ဆယ်ပုံကိုပေးပြီး နှစ်သက်ရာတပုံကို ဖော်ပြခိုင်းခြင်းဖြစ်သည်။

လျှပ်တပျက်ဂျာနယ်တွင် အဆိုပါသတင်းကို ဓာတ်ပုံလေးပုံဖြင့်ဖော်ပြထားသည်ဟု ပြည်တွင်း စာနယ်ဇင်းသမားတဦးက ပြောသည်။

“စာနယ်ဇင်းကျင့်ဝတ်အရ စာဖတ်သူထိတ်လန့်စေမယ့်ပုံမျိုးမထည့်ရဘူး။ ထည့်ရင်တောင် တချို့နေရာကို ပိတ်ထားရမယ်။ လျှပ်တပြက်မှာ သုံးထားတဲ့ပုံတွေက ကျင့်ဝတ်ကိုကျော်နေပြီ” ဟုလည်း ၎င်းကပြောသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/September/sept_01_07.html ကနေ ယူတယ်။)

No comments: