Monday, August 6, 2007

pirate CD news in our country :(


ခိုးကူးမရအောင်စီမံထားသည့် ဗီစီဒီကို ရအောင်ခိုးကူး

ကိုသက် သြဂုတ် ၆၊ ၂၀၀၇
ခိုးကူး၍မရအောင် နည်းပညာဖြင့်စီမံထားသည့် “အယ်လ်အမ်အင်န်” ဟုအမည်ပေးထားသည့် ဗီစီဒီ ကာရာအိုကေ ဓာတ်ပြားကို အမည်မသိ ကွန်ပျူတာပညာရှင်က ရအောင်ကူးယူပြီး အခမဲ့ကူးယူပိုင်ခွင့်ရှိကြောင်း စာတန်းထိုး ဖြန့်ဝေခဲ့သည်။

အခမဲ့ကူးယူပိုင်ခွင့်ရှိကြောင်းစာတမ်းကို ဗီစီဒီအစပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် စာတန်းရေးထိုးထားပြီး ၎င်းစာသားနှင့် အတူ “ရှက်ဖို့တော့ကောင်းနေပြီ” ဟူသည့်စာကိုလည်း မြန်မာဘာသာဖြင့် ရေးထိုးထားသည်ကို တွေ့ရသည်။ “ကျွန်ုပ်တို့ကို နည်းပညာဖြင့်တားဆီး၍မရ” ဟုလည်း အင်္ဂလိပ်လို ရေးထိုးထားသည်။

ရန်ကုန်ရှိ နာမည်ကြီး တေးရေးဆရာတယောက်က “ဂျာမနီက နည်းပညာဆိုလားပဲ။ မြန်မာပြည်မှာတော့ Sony ကိုယ်စားလှယ်ကလုပ်ပေးတာ။ အရင်ကူးမရအောင် လုပ်ထားတာတွေလို ထွက်ခါစမှာ ကူးလို့မရပေမယ့် တပတ်လောက်အတွင်းမှာရသွားတယ်” ဟု ဧရာဝတီကိုပြောသည်။
အမည်မသိ ကွန်ပျူတာပညာရှင်က နည်းပညာဖြင့် ကူးမရအောင်လုပ်ထားသည်ကို စိန်ခေါ်ခြင်းလည်း ဖြစ်နိုင်သည်ဟု အဆိုပါ တေးရေးဆရာက ပြောသည်။

Iron Cross တေးဂီတအဖွဲ့တီးခတ်ထားသည့် ၎င်းဗီစီဒီ ကာရာအိုကေဓာတ်ပြားတွင် အဆိုတော် လေးဖြူ၊ အငဲနှင့် မျိုးကြီးတို့က တေးရေးဆရာများဖြစ်သည့် မောင်သစ်မင်း၊ ၀င်းမင်းထွေး၊ ရွှေဂျော်ဂျော်နှင့် မြင့်မိုးအောင်တို့၏ သီချင်း ၁၂ ပုဒ်ကို သီဆိုထားသည်။ ဒါရိုက်တာ ဦမောင်မောင်သန်းက ထုတ်ဝေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ခိုးကူးစီဒီခွေများနှင့် ပတ်သက်၍ ယခုအချိန်အထိ မည်သို့ဖြေရှင်းရမည်ကို အဖြေရှာမတွေ့သေး သော်လည်း ရုပ်ရှင်နှင့် ဂီတအစည်းအရုံးတို့ပူးပေါင်းပြီး ခိုးကူးစီဒီများကို အားမပေးရန် ပိုစတာလှုပ်ရှားမှုများ ပြုလုပ်ရန် စီစဉ်နေသည်ဟုလည်း တေးရေးဆရာက ပြောသည်။

အာဏာပိုင်၏ အရေးယူမှုနှင့် ပတ်သက်၍လည်း တေးရေးဆရာက “တကယ့်ပင်ရင်းတွေကိုမမိဘဲ လမ်းဘေးမှာရောင်းတဲ့ သူတွေကိုမိနေတော့ သိပ်မထူးခြားပါဘူး။ ထုတ်လုပ်ရေးပိုင်းကလည်း ခိုးကူးခွေကြောင့် တော်တော်အားနည်းနေပြီ။ ဒီအတိုင်း နောက်ထပ် ၂ နှစ်လောက်သွားရင်တော့ လုံးဝ ရပ်သွားမယ်လို့ထင်တယ်” ဟုလည်း ပြောသည်။

နိုင်ငံခြားရုပ်ရှင် ခိုးကူးစီဒီများအပါအ၀င် ကာရာအိုကေ ခိုးကူးသီချင်းစီဒီများကို ရန်ကုန်မြို့မှ လူစည်ကားရာ လမ်းမကြီး များနှင့် ဈေးငယ်များတွင် တရားဝင်ပမာ ရောင်းချနေကြပြီး သက်ဆိုင်ရာက ဖမ်းဆီးအရေးယူမှု အလွန်နည်းသည်။

1 comment:

Unknown said...

The cracker can not call as a "Technician" and crack to copy protected VCD is not a difficult work. Everybody can do such softwares like as Clone CD, ISO Buster, Blind Read/Write.
That is against the LAW of copyright.