ဗိုလ်ချုပ်ကြီး ခင်ညွန့် ဧည့်သည်နှင့် တွေ့ခွင့်ရ
ဧရာဝတီ သြဂုတ် ၆၊ ၂၀၀၇
နေအိမ် အကျယ်ချုပ်ကျခံနေရသော ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အား မကြာသေးခင်က ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်သို့ ဧည့်သည်များကို လာရောက်လည်ပတ်ခွင့် ပြုခဲ့ကြောင်း ရန်ကုန်အခြေစိုက် သံတမန်များနှင့် ထောက်လှမ်းရေး အရာရှိဟောင်းများ၏ အဆိုအရ သိရသည်။
ရာထူးချခံထားရသော ယင်းထောက်လှမ်းရေးအကြီးအကဲက တရားဓမ္မ အလုပ်များကို လုပ်ဆောင်နေကြောင်း၊ ၎င်း၏ ဧည့်သည်များကိုလည်း ယဉ်ကျေးပြူငှာသည့် အမူအရာများဖြင့် ကြိုဆို နှုတ်ဆက်ကြောင်း သိရသည်။
မကြာသေးမီ နှစ်များအတွင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်စရာသတင်းများ ထွက်ပေါ်ခဲ့သေးသည်။
ယခုကဲ့သို့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဧည့်သည်နှင့် တွေ့ခွင့်ပြုခြင်းသည် လူသားချင်းစာနာမှုအရ ဖြစ်သည်ဟု ရန်ကုန်သံတမန် အသိုင်းအ၀န်းက ပြောသည်။
ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ၂၀၀၄ ခု အောက်တိုဘာလအတွင်းက အဂတိ လိုက်စားမှု၊ အမိန့်မနာခံမှုများဖြင့် စွပ်စွဲကာ ရာထူးမှဖယ်ရှားခံရပြီး ၂၀၀၅ ခုနှစ်တွင် ပြစ်ဒဏ်အားလုံးအတွက် ဆိုင်းငံ့ ထောင်ဒဏ် ၄၄ နှစ် စီရင်ချမှတ် ခံခဲ့ရသည်။
အသက် ၆၈ နှစ်ရှိပြီဖြစ်သော ၀န်ကြီးချုပ်ဟောင်းနှင့် ဇနီး ဒေါက်တာ ခင်ဝင်းရွှေအပါအ၀င် မိသားစုဝင် တချို့ကို ရန်ကုန်နေအိမ်တွင်ပင် အကျယ်ချုပ်ချ၍ အိမ်ပတ်ဝန်းကျင်တွင်လည်း လုံခြုံရေးများ တင်းကျပ်စွာ ချထားသည်။
၂၀၀၆ ခုနှစ် စက်တင်ဘာလအတွင်းတွင် ဆရာတော် ဦးသုမင်္ဂလာ လင်္ကာရ၏ အန္တိမဈာပန အခမ်းအနားသို့ ဗိုလ်ချုပ်ကြီး ခင်ညွန့် တက်ရောက်ကြည်ညိုခွင့် ရခဲ့သည်ဟု ၀ါရှင်တန်အခြေစိုက် အာအက်ဖ်အေ သတင်းက ဆိုသည်။
ဆရာတော်သည် ယမန်နှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပျံလွန်တော်မူခဲ့ပြီး ဆရာတော်၏ အန္တိမဈာပန အခမ်းအနား ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
No comments:
Post a Comment