စာရေးဆရာ တာရာမင်းဝေကွယ်လွန်
ကိုသက် သြဂုတ် ၆၊ ၂၀၀၇
နိုင်ငံကျော်စာရေးဆရာ တာရာမင်းဝေသည် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပ ဆေးရုံတွင် အသည်းရောဂါဖြင့် ကွယ်လွန်သည်။
တာရာမင်းဝေ၏ အမည်ရင်းမှာ ချစ်ညီညီဖြစ်ပြီး မွေးချင်း ၃ ယောက် ရှိသည့်အနက် အလတ်ဖြစ်သည်။ မိဘများမှာ သတင်းထောက် ဦးကျော်ရှိန်နှင့် ဒေါ်လှကြည်တို့ ဖြစ်ကြသည်။
တာရာမင်းဝေ၏ မိခင်ဖြစ်သူ ဒေါ်လှကြည်က “အမေ့သား အရွယ် ကောင်းမှာဆုံးရတာ လှေလှော်ရင်း တက်ကျိုးရတာပေါ့။ သူ့ရဲ့ ဝေယျာ ၀စ္စတွေကို သူ့အပေါင်းအသင်းတွေက လုပ်မယ်၊ ရေဝေးမှာ အခမ်းအနား လုပ်မယ်လို့လဲ ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။
တာရာမင်းဝေ၏ ဈာပနကို သြဂုတ်လ ၇ ရက်နေ့ နေ့လယ်တနာရီ၌ ရေဝေးသုဿန်တွင် ပြုလုပ်မည်ဖြစ်ပြီး ကြောင်နှစ်ကောင်စာပေက နာရေးကိစ္စများကို တာဝန်ယူထားသည်ဟု ဒေါ်လှကြည်က ပြောသည်။
ကွယ်လွန်ချိန်မှာ အသက် ၄၁ နှစ်ရှီပြီဖြစ်သည့် တာရာမင်းဝေသည် လုံးချင်းဝတ္ထုစာအုပ်ပေါင်း ၄၂ အုပ်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ မထုတ်ရသေးသည့် စာမူပေါင်း အုပ် ၂၀ ရှိသည်ဟုလည်း တာရာမင်းဝေ၏ မိတ်ဆွေတဦးက ပြောသည်။ “နက္ခတ်ရစ်သမ်” အမည်ရှိ ကဗျာစာအုပ်လည်း မကြာမီထွက်ရန် အစီအစဉ်ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
တာရာမင်းဝေသည် လုံးချင်းဝတ္ထုများအပြင် ၀တ္ထုတို၊ ကဗျာနှင့် ရုပ်ရှင်၊ ဗီဒီယို ဇာတ်ညွှန်းများကို ရေးသားခဲ့သည်။ ရွှေဘုန်းလူနှင့် မောင်ယော စသည့်ကလောင်ခွဲများနှင့်လည်း ရေးခဲ့သည်။ သူ၏ ပထမဆုံး ၀တ္ထုတိုဖြစ်သည့် “လေစီးကြောင်း ထဲကလူများ” ၀တ္ထုတိုကို ၁၉၉၄ ခုနှစ် မေလက ရင်ခုန်သံမဂ္ဂဇင်းတွင် ဖော်ပြခြင်းခံခဲ့ရပြီး ဟန်သစ်မဂ္ဂဇင်းပါ “အာလူး စားသူများ” ၀တ္ထုတိုဖြင့် ဖြူးမိတ်ဆွေများ စာပေဆုကို ရရှိခဲ့သည်။
တာရာမင်းဝေ၏ ပထမဆုံးထုတ်ဝေသည့် လုံးချင်းဝတ္ထုမှာ “ပန်းခေတ်က လမင်း” ဖြစ်ပြီး ပထမဆုံး ဗီဒီယို ဇာတ်ညွှန်းမှာ “ရွှေရောင်ဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး” ဖြစ်သည်။ တာရာမင်းဝေ ဇာတ်ညွှန်းရေးခဲ့သည့် “စတိုင်” ရုပ်ရှင်သည်လည်း ၀င်ငွေစံချိန် ချိုးခဲ့သည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်း တာရာမင်းဝေသည် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်ခဲ့ပြီး မင်းကိုနိုင် ဦးဆောင်သည့်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ဗဟိုကော်မတီဝင် တဦးဖြစ်သည်။ ဗကသတွင် တာဝန်ထမ်းဆောင်စဉ် အိုးဝေဂျာနယ်ကို တာဝန်ယူ ထုတ်ဝေခဲ့သည်။
၎င်း၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉၉၀ မှ ၁၉၉၅ ခုနှစ်အထိ အင်းစိန်၊ သာယာဝတီနှင့် သရက် အကျဉ်းထောင်များတွင် အကျဉ်းကျခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။ ထင်ရှားသည့်ကဗျာများမှာ အကျဉ်းထောင် အတွင်း၌
ရေးစပ်ခဲ့သည့် “ကျောင်းဖွင့်ချိန်” “ဥဒါန်း” နှင့် “ကျောင်းသား အတ္ထုပ္ပတ္တိ” ကဗျာများ ဖြစ်သည်။
တာရာမင်းဝေသည် ထောင်မှလွတ်လာပြီးနောက်တွင် နိုင်ငံရေးလောကကို ကျောခိုင်းကာ စာပေနယ်ပယ်သို့ ခြေစုန် ပစ်ဝင်ခဲ့သည်။
ကွယ်လွန်ချိန်တွင် ဇနီးသည် မနော်ဟယ်ရီနှင့် သား ခေတ်နေတို့ ကျန်ရစ်သည်။
No comments:
Post a Comment