Monday, August 6, 2007

tara min wai by nej

ကျောင်းသားခေါင်းဆောင်ဟောင်း စာရေးဆရာ တာရာမင်းဝေကွယ်လွန်
ပီတာအောင် / ၆ သြဂုတ် ၂၀၀၇

၁၉၈၈ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ နာမည်ကြီး လူငယ်စာရေးဆရာ တာရာမင်းဝေ အသက် (၄၀) နှစ်သည် ယမန်နေ့ မွန်းလွဲပိုင်းက အသည်းရောဂါဖြင့် ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံကြီး၌ ကွယ်လွန် သွားသည်။

တာရာမင်းဝေ၏ အမည်ရင်းမှာ ချစ်ညီညီဖြစ်ပြီး ရွှေဘုန်းလူ ကလောင်အမည်ဖြင့် ကဗျာများ စတင်ရေးသားခဲ့ကာ တာရာမင်းဝေ ကလောင်အမည်ဖြင့် ပန်းခေတ်ကလမင်း လုံးချင်းဝတ္ထု ပထမဆုံးထွက်ရှိလာပြီးနောက် နာမည်ရ စာရေးဆရာတဦးဖြစ်လာသည်။
ကွယ်လွန်ချိန်ထိ လုံးချင်းဝတ္ထုပေါင်း (၄၀) ကျော်နှင့် ၀တ္ထုတိုပေါင်းချုပ်များ ရေးသားခဲ့ပြီး သရဖူ၊ ဟန်သစ်၊ မဟေသီ၊ IDEA စသည့် မဂ္ဂဇင်းများ၌ ဆောင်းပါးနှင့်ကဗျာများရေးသားကာ မင်းခိုက်စိုးစန်၊ နီကိုရဲတို့နှင့် ခေတ်ပြိုင်အောင်မြင်သည့် စာရေးဆရာအဖြစ် အသိအမှတ်ပြုခံရသူဖြစ်သည်။
၎င်းရေးသားခဲ့သည့် ကောင်းကင်အကြွေကောက်တဲ့လက်၊ လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်း ရာဇ၀င်၊ ကျွန်တော်နှင့်ဧဒင်ကချေသည်၊ သင်နှင့်နံနက်ခင်းကိုသာ ၀င်ခွင့်ပြုမည်၊ အရှေ့မြို့ရိုးမှ မိုးရေစက်များ စသည့် ၀တ္ထုများမှာ လူကြိုက်များပြီး ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး လုံးချင်းဝတ္ထုမှာ ရုပ်ရှင် ရိုက်ကူးရသည်အထိ ရေပန်းစားသည်။

တာရာမင်းဝေသည် သမားရိုးကျဝတ္ထုရေးဟန်မှခွဲထွက်ကာ အတွေးအခေါ်အသစ်၊ ဇာတ်အိမ်အသစ်၊ စကားလုံးအသစ်များနှင့် ဖောက်ထွက်ရေးသားခဲ့သည့်အတွက် ၎င်း၏စာများကို လူငယ်များက နှစ်ခြိုက်အားပေးကြခြင်းဖြစ်သည်ဟု စာရေးဆရာမ မေငြိမ်းက ပြောသည်။

၎င်းက “ပန်းခေတ်ကလမင်းဝတ္ထု ထွက်တဲ့အခါကျတော့ လူငယ်တွေကြားထဲမှာ လုံးဝ ရုတ်ရုတ် သဲသဲဖြစ်သွားတယ်။ ဒါမျိုးဝတ္ထုမှ မဖတ်ဖူးတာ။ အခြားဝတ္ထုတွေကို ဖတ်ပြီးအီနေတဲ့အချိန်၊ သူ့ဝတ္ထုထဲက အကြောင်းအရာတွေ၊ စကားလုံးတွေဟာ ဆန်းသစ်တယ်။ ခေတ်ကိုထင်ဟပ်တယ်။ လူငယ်တွေပြောချင်တဲ့ စကားလုံးတွေ သူ့ဝတ္ထုထဲမှာတွေ့ရတယ်။ အံ့သြစရာကောင်းတာက သူ့ဝတ္ထုတွေကို ယောကျာ်းလေးတွေရော၊ မိန်းကလေးတွေရော၊ လူငယ်ပိုင်းရော လူလတ်ပိုင်းကပါ ကြိုက်နှစ်သက်ကြတာပါ” ဟု ပြောသည်။

တာရာမင်းဝေသည် ၁၉၈၉ ခု၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ ) ပြန်လည်ဖွဲ့ စည်းခဲ့စဉ်က အမှုဆောင်တဦးအဖြစ်ပါဝင်ခဲ့သည်။ ကိုမင်းကိုနိုင်နှင့် အခြားကျောင်းသား ခေါင်းဆောင်များ ဖမ်းဆီးခံနေရစဉ် ဗကသ ခေါင်းဆောင်တဦးအဖြစ် တာဝန်ယူပြီးနိုင်ငံရေးလှုပ်ရှား မှုများကြောင့် ထောင်ချခံခဲ့ရသည်။

တာရာမင်းဝေ ကွယ်လွန်သွားသည့်အပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က “ကျောင်းသားသမဂ္ဂမှာ အလံကို ဆက်ပြီးတာဝန်ကျေကျေသယ်ခဲ့တဲ့ ကျနော်တို့ရဲ့ ရဲဘော်ဟောင်းပါ။ နောက်ပြီးတော့ ထောင်ထဲမှာ နှစ်ရှည်လများ သူ့ကို အစိုးရကနေပြီးတော့ နာလန်မထူအောင် ချိုးနှိမ်ခဲ့ပေမယ့် သူဟာ ခွပ်ဒေါင်းကျောင်းသားတယောက်ရဲ့ အရည်အသွေးကို ပြနိုင်တယ်။ ဘာနဲ့ပြနိုင်ခဲ့သလဲဆိုတော့ စာပေနယ်မှာ တာရာမင်းဝေဆိုတဲ့ ကလောင်တပွင့်အနေနဲ့ သူဘယ်တော့မှ မကြွေနိုင်တဲ့ကြယ်တပွင့်အဖြစ် သူနောက်ဆုံးရပ်ပြခဲ့တယ်” ဟု ပြောသည်။

တာရာမင်းဝေ၏ ဈာပနကို မနက်ဖြန်၌ ကျင်းပမည်ဖြစ်သည်။ ၎င်းကွယ်လွန်ချိန်၌ အိမ်ထောင် မရှိတော့ဘဲ စာရေးဆရာမ မနော်ဟရီနှင့်လက်ထပ်ခဲ့စဉ်က ထွန်းကားသည့်သားတယောက်သာ ကျန်ရစ်သည်။


No comments: