

စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်
မိုးမခ အထောက်တော် ၀၀၃
သြဂုတ် ၅။ ၂၀၀၇
စာရေးဆရာ တာရာမင်းဝေသည် ယမန်နေ့ နေ့လယ် ၁၂း၃၀ နာရီတွင် ရန်ကုန် မြောက်ဥက္ကလာပဆေးရုံတွင် ကွယ်လွန်ခဲ့သည်၊ အသည်းရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကို ၁၉၆၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ချစ်ညီညီ ဖြစ်သည်၊ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်း ‘ရွှေဘုန်းလူ’ အမည်ဖြင့် ကဗျာများ ရေးသားခဲ့ပြီး ‘ကျောင်းဖွင့်ချိန်’ ကဗျာရှည်မှာ ထင်ရှားသည်၊ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉၉၀ မှ ၁၉၉၄ ခုနှစ်အထိ အကျဉ်းချခံခဲ့ရပြီး ၂၀၀၅ ခုနှစ် မေလတွင်လည်း မိသားစုနှင့်အတူ ယာယီ အထိန်းသိမ်းခံခဲ့ရသည်၊ ၎င်းသည် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသည့် US Campaign For Burma (USCB)မှ မူဝါဒရေးရာ တာဝန်ခံ ကိုအောင်ဒင်၏ညီဖြစ်သည်။
ဟန်သစ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ‘အာလူးစားသူများ’ ၀တ္ထုတိုသည် တာရာမင်းဝေ ကလောင်အမည်ဖြင့် ပထမဆုံး စာမူဖြစ်ပြီး ၀တ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ နှင့် ဆောင်းပါးများစွာ ရေးသားခဲ့သည်၊ ၎င်း၏ အချို့သော ၀တ္ထုများကို ဗီဒီယိုရုပ်ရှင်များ ရိုက်ကူးခဲ့ပြီး ယင်းတို့အနက် မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူး ဒွေး။ နန္ဒာလှိုင်တို့ သရုပ်ဆောင်ထားသော ‘ကောင်းကင်အကြွေ ကောက်တဲ့လက်’၊ ဒါရိုက်တာ လွင်မင်း ရိုက်ကူးပြီး နေတိုး၊ အိန္ဒြာကျော်ဇင် တို့ သရုပ်ဆောင်ထားသည့် ‘တစ်ကိုယ်တော်ရေးတဲ့ ကကြီးခခွေး’တို့ ထင်ရှားသည်၊
ဒါရိုက်တာ မောင်သူရ (ဇာဂနာ) ရိုက်ကူးခဲ့သည့် ‘မြင်းစီးထွက်သော အိပ်မက်များ’ ရုပ်ရှင်မှာမူ မြန်မာပြည်တွင်းပြသခွင့် မရရှိခဲ့ပါ၊ ကွယ်လွန်ချိန်တွင် ဇနီး မနော်ဟရီ (ကွာရှင်းထား) နှင့် သား ခေတ်နိုင် တို့ ကျန်ရစ်ခဲ့သည်။။
No comments:
Post a Comment