Monday, August 6, 2007

သျှမ်းသံတော်ဆင့်သတင်းစဉ်
နအဖက သျှမ်းတပ်ကို မတိုက်ရင် ၀တပ်ကိုတိုက်ရန် ပြင်နေသည်ဟု SSA ခေါင်းဆောင်ပြော

သြဂုတ်လ ၆ ရက်နေ့၊ ၂၀၀၇ ခုနှစ်။

သျှမ်းပြည်အရှေ့တောင်ပိုင်း ထိုင်းနယ်စပ်အနီး မြို့ရွာများ၌ လူထုပိုင်ကားများ ချောဆွဲခြင်း၊ ဒေသခံရွာသားများ ပေါ်တာဆွဲခြင်းဖြင့် နအဖဘက်မှ မိုးတွင်းစစ်ရေး လှုပ်ရှားမှု ပြုလုပ်နေသည့် ကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည် တပ်မတော် (သို့မဟုတ်) ၀တပ်ဖွဲ့ကို တိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း SSA ဥက္ကဌ ဗိုလ်မှူးကြီး ယွက်စစ်က ပြောဆိုပါသည်။

နမ့်ဇန်မြို့ အခြေစိုက် နအဖလေတပ်က လေကြောင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသကဲ့သို့ ယခုလ ၄ ရက်နေ့ က မိုင်းတုံမြို့နယ် အတွင်းရှိ နအဖစစ်တပ်သည် မိုင်းတုံ-နားကောင်းမူးမှ ပစ်ကပ်၊ ဖိုးဝှီးကား အစီး ၄၀-၅၀ ခန့် ချောဆွဲကာ မိုင်းတုံ၊ နားကောင်းမူးမှ UWSA ၀တပ်ဖွဲ့၏ အဓိက တပ်စခန်းတည်ရှိရာ မိုင်းကျွက်သို့ တပ်ရင်း နှစ်ရင်းစာ တင်ပို့ ဖြည့်တင်းထားကြောင်း SSA သတင်းရပ်ကွက်အရ သိရသည်။

နယ်စပ်လုံခြုံရေး ထိုင်းအရာရှိတစ်ဦးက နားကောင်းမူး (အနောက်တောင်ဘက်) မိုင်းကျွက်သို့ ဆင်းသွားသည့် စစ်သားတင်ကား ၁၂ စီး ရှိသည်ဟု ပြောသော်လည်း နယ်စပ် သျှမ်းသတင်းရပ်ကွက်က “ မိုင်းတုံ-နားကောင်းမူး မှာ ချောကား အစီး ၅၀ လောက် ယူထားပေမဲ့ ၃ ရက်နေ့ က မိုင်းပြင်း ခလရ ၄၃ စစ်သားတင်ကား ၈ စီး၊ ၄ ရက် နေ့က ကျိုင်းတုံ ခမရ ၃၁၄ စစ်သားတင်ကား ၃ စီး မိုင်းကျွက်ဘက် ဆင်းသွားတယ်၊ စက်သေနတ် အကြီးစား ၅ လက်လဲ ပါတယ်လို့ ကြားတယ် ” ဟု ဆိုပါသည်။

နယ်စပ်ရောက် မိုင်းတုံ ရွာသားတစ်ဦးကလည်း “ ပြီးခဲ့တဲ့ လကုန်ကတည်းက စစ်တပ် ပေါ်တာဆွဲတာ၊ နားကောင်းမူး၊ မိုင်းတုံ၊ ပုံပါကျင်က လူငယ်လူလတ် ယောင်္ကျားအားလုံး ပေါ်တာဆွဲတယ်၊ ပေါ်တာ မထမ်းချင်လို့ နယ်စပ်ဘက် ထွက်ပြေးလာကြတဲ့ လူတွေလည်း ရှိတယ်” ဟု ပြောပြသည်။

နအဖက ဤကဲ့သို့ မိုးတွင်းကာလ ကားချောဆွဲခြင်း၊ ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည်မှာ မကြုံဖူးသည့် ထူးခြားသော စစ်ရေးပြင်ဆင်မှု ဖြစ်ကြောင်း အကဲခတ်သူများက သုံးသပ်ကြသည်။ SSA/ RCSS ဥက္ကဌ ဗိုလ်မှူးကြီး ယွက်စစ် ကလည်း “ဒီစစ်ရေး ပြင်ဆင်နေတာက သျှမ်းကို မတိုက်ရင် ၀ကို တိုက်ဖို့ ပြင်နေတာဘဲ ဖြစ်မယ်။ ၀ တိုင်းရင်းသား လည်း သျှမ်းပြည်သားတွေဘဲ ဖြစ်တဲ့အတွက် သျှမ်းပြည်အနှံ့ နေရာမရွေး နေထိုင်ခွင့်ရှိတယ်။ နအဖ က ဒီလို မောင်းလား နှင်လား မလုပ်သင့်ပါဘူး” ဟု ပြောသည်။

စစ်ရေးအကဲခတ် အချို့ကမူ “ နအဖ စစ်ရေးလှုပ်ရှားမှု ပြင်ဆင်နေပေမဲ့ ၀တပ်ဖွဲ့ အကူအညီမပါဘဲနဲ့ သျှမ်းပြည် တပ်မတော်ကို ထိုးစစ်ဆင်ဖို့ ဆိုတာ ဖြစ်နိုင်ချေနဲတယ်” ဟု သုံးသပ် ပြောဆိုပါသည်။


No comments: