Monday, August 6, 2007

သျှမ်းသံတော်ဆင့်သတင်းစဉ်
ရိက္ခာ လက်နက်စုဆောင်း၊ လက်နက်ကြီး ပစ်ကျင့်ရန် ပန်ဆန်း ၀ ဌာနချုပ် ညွှန်ကြား
သြဂုတ်လ ၆ ရက်၊ ၂၀၀၇ ခုနှစ်။

UWSA အပစ်ရပ် ၀တပ်ဖွဲ့ ပန်ဆန်းဌာနချုပ်၏ ညွှန်ကြားချက်အရ ထိုင်းနယ်စပ်တစ်လျှောက်ရှိ ၀ထိန်းချုပ် နယ်မြေမှ ၀ တပ်ဖွဲ့များ စားနပ်ရိက္ခာနှင့် လက်နက် ခဲယမ်းမီးကျောက်များ စုဆောင်း အသင့်ပြင်ထားခြင်း၊ လက်နက်ကြီးပစ် လေ့ကျင့်ခြင်းများ ပိုမိုပြုလုပ် လာနေကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။


ပန်ဆန်း ဌာနချုပ်၏ ညွှန်ကြားချက်အရ တောင်ပိုင်း ၁၇၁ စစ်ဒေသ ထိန်းချုပ်နယ်မြေ ဟွေ့အော့်တပ်စခန်းမှ ဒု-ဗိုလ်မှူးကြီး ယန်ကော်ကျုံးသည် ထိုင်းနယ်စပ် BP 1 / BP 2 မှ ဟိုယွက်၊ ဟိုပန်၊ ကျူဇန့်ကပ် အပါအ၀င် မိုင်းကျွတ်၊ ဟွေ့အော့်၊ နမ့်ဟူးခွန် စသည့် ၀ရွှေ့ပြောင်းရွာနှင့် တပ်စခန်းအသီးသီးရှိ ၀တပ်သားများနှင့် ရွာသားများအား စားနပ် ရိက္ခာခြောက်များ ပြုလုပ် စုဆောင်းထားရန်၊ တောင်ပေါ် တပ်စခန်းများ၌လည်း လက်နက်၊ ခဲယမ်းမီးကျောက်များ ဖြည့်တင်းထားကြရန် မှာကြားခဲ့သည်ဟု ဆိုပါသည်။

“ဆန်လှော်မှုန့်တို့ ၀က်သား၊ အမဲသားခြောက် ပလချောင်ကြော်တို့ လုပ်ပေးရတယ်၊ အထုပ်တွေလုပ်ပြီး အဆင်သင့် ပြင်ထားပေးရတာပေါ့” ဟု ၀ ရွာသားတစ်ယောက်က ပြောသည်။

“ကျူဟူးလုံးနဲ့ လွယ်ခီ့လိတ် တောင်ကြောက ၀တပ်စခန်းလေးခု တပ်ဆုတ်ရတယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျူဟူးလုံး တပ်စခန်းမှာ ၂၄ ရက်နေ့ ကနေ ၃၁ ရက်နေ့ အထိ အမြောက်ပစ် စစ်လေ့ကျင့်ရေးတွေ လုပ်နေတာ ကြားရတယ်။ သင်တန်းလာပေးတဲ့ တရုတ်စစ်အရာရှိ ၆ ယောက် ရှိတယ် လို့ ကြားရတယ်” ဟု ဒေသခံ များက ဆိုပါသည်။

ပြီးခဲ့သည့် ဂျူလိုင်လနှောင်းပိုင်း နယ်စပ်ဒေသသို့ သျှမ်းနှင့်ကယားပြည်နယ် တိုင်းချုပ် ဗိုလ်ချုပ်ကျော်ဝင်း လာရောက် စစ်ဆေးကြည့်ရှု၍ ပြန်သွားပြီးနောက် တြိဂံစစ်တိုင်းမှူး ဗိုလ်ချုပ် မင်းအောင်လှိုင် ကလည်း လက်နက်ကြီးတပ် ညွှန်ချုပ် ဗိုလ်ချုပ်မြ၀င်း နှင့်အတူ မိုင်းတုံ၊ မိုင်းဆတ်ဘက်သို့ သွားရောက်ခဲ့ကြ၏။ မိုးလုံလေလုံ အားကစားကွင်း ဖွင့်ပွဲ အကြောင်းပြချက်ဖြင့် ဂျုလိုင်လ ၃၁ ရက်က မိုင်းဆတ်သို့ ရောက်ရှိခဲ့၏။

သြဂုတ်လ ၁ ရက်နေ့တွင် နားကောင်းမူး သို့ ရောက်ရှိကာ ၂ ရက်နေ့က မိုင်းတုံ-မိုင်းဆတ်မှ တာချီလိတ်သို့ ပြန်၍ ညအိပ်ပြီး သြဂုတ်လ ၃ ရက်နေ့ နံနက် ကျိုင်းတုံသို့ ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံများက ပြောပြသည်။ ၄င်းနှင့်ပတ်သက်၍ စစ်ရေးလေ့လာသူ တစ်ဦးက လက်နက်ကြီးတပ်မှ ညွှန်ချုပ်သည် မိုးလုံလေလုံ အားကစားကွင်းဖွင့်ပွဲကို အဓိကထား၍ သွားရောက်ခြင်း လုံးဝမဖြစ်နိုင်။ ၀တပ်ဖွဲ့များ တပ်ဆုတ်ရန် ငြင်းဆန်သည့် ကိစ္စနှင့်ပတ်သက်၍ စစ်ဆင်ရေးနယ်မြေ အတွက် သွားရောက် စစ်ဆေးလေ့လာ ပြင်ဆင်ထားခြင်းသာ ဖြစ်နိုင်သည်ဟု သုံးသပ် ပြောဆိုသည်။

သြဂုတ်လ ၁ ရက်နေ့ ၌ပင် ပုံပါကျင်အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းတင်အောင်က နားကောင်းမူးအုပ်စု ဒေသခံ ရပ်ရွာသူကြီးများအား ခေါ်ယူကာ ၀ တပ်များ တပ်ဆုတ်မည့် သတင်းနှင့်ပတ်သက်၍ ပြင်ပမီဒီယာများသည် မိမိတို့ သွေးကွဲအောင် သွေးထိုးနေခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ ထုတ်လွင့်နေသော သတင်းများကို နားမယောင်မိရန် သတိထားရမည် ဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေ ညောင်နှစ်ပင် ညီလာခံ ပြီးဆုံးပါက အခြေခံဥပဒေသစ်တွင် ငါးမြို့နယ် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးမည် ဖြစ်သဖြင့် ၀နယ်မြေသို့ ပြန်သွားရမည်ဟု ပြောဆိုကြောင်း နယ်စပ်သတင်းက ဆိုပါသည်။

အလားတူ ညောင်နှစ်ပင်ညီလာခံ ပြီးဆုံးပါက သျှမ်းပြည်အရှေ့တောင်ပိုင်း ထိုင်းနယ်စပ်တစ်လျှောက် နေထိုင်ကြသော ၀များအား အိမ်ထောင်စုစာရင်း စစ်ဆေးပြီး အိမ်ထောင်စုစာရင်း မရှိဖြစ်ပါက မြောက်ပိုင်း ၀နယ်မြေသို့ ပြောင်းရွှေ့ သွားရမည်ဖြစ်ကြောင်း တာချီလိတ် နအဖအာဏာပိုင်များနှင့် နီးစပ်သည့် သတင်းရပ်ကွက်အရ ကြားသိရသည်။

ရေးဆွဲနေဆဲ အခြေခံဥပဒေ၌ သျှမ်းပြည်အတွင်း ကိုးကန့်၊ ပအိုဝ်း၊ ပလောင်၊ ၀ နှင့် ဓနုတိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေများအတွက် ၁၉၉၅ က တောင်းဆိုခဲ့ကြစဉ် သံလွင်အရှေ့ဘက်ခြမ်းရှိ မိန်းမိုင်၊ ပန်ဝိုင်၊ ၀မ့်ဖန့်၊ နားဖန်းနှင့် ပန်ယန်း ငါးမြို့နယ်အား ၀ တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် သတ်မှတ်ပေးရန် ဓနုကိုယ်စားလှယ်က န၀တ ညီလာခံတွင် တင်ပြခဲ့ဖူးသည်။
ထို့အပြင် ၁၉၉၀ ခွန်ဆာဦးဆောင်သည့် MTA တပ်ဖွဲ့နှင့် ၀တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်း ၀လူထု နေထိုင်စားသောက်ရေး အတွက် တောင်ပိုင်းသို့ ဆင်းလာခဲ့ကြကြောင်း၊ မြောက်ပိုင်းဝနယ်မြေ၌ ဘိန်းတမျိုးတည်းသာ စိုက်ပျိုးနိုင်သည့် မြေဆီလွာ၊ ရာသီဥတုမျိုး ဖြစ်သဖြင့် ဘိန်းမစိုက်ပျိုးရပါက နေနိုင်ကြမည် မဟုတ်ကြောင်း၊ ထို့ကြောင့် ရာဘာ၊ လက်ဖက်နှင့် အသီးအနှံများ စိုက်ရန် မြေဆီလွာကောင်းသည့် တောင်ပိုင်းသို့ ဆင်းလာရခြင်း ဖြစ်ကြောင်း၊ မြောက်ပိုင်းကို ပြန်ရွှေ့မှာ မဟုတ်ကြောင်း၊ တဘက်တလမ်းကလည်း ၀ တပ်ဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားသဖြင့် နိုင်ငံတော်အပေါ် အန္တရာယ်ပြုမည် မဟုတ်ကြောင်း ပြီးခဲ့သော ဂျူလိုင် ၂၉ ရက်က ၀ ပြည် သွေးစည်းညီညွှတ်ရေးပါတီ UWSP လယ်ယာဆည်မြောင်းနှင့် သစ်တောဌာန တာဝန်ခံ ဦးခွန်သိန်းမှ RFA ၌ ပြောကြားခဲ့သည်။

သို့ဖြစ်၍ နအဖက မည်မျှပင် ၀အဖွဲ့အား တပ်ဆုတ်ရန် အမိန့်ပေး ဆင့်ဆိုစေကာမူ ၀တပ်ဘက်က မလိုက်နာသည့် အပြင် တိုက်ခိုက်ရန် လိုအပ်ပါက အဆင်သင့် ဖြစ်နေစေရန် တပ်သားသစ်များ စစ်ရေးလေ့ကျင့်ပေးခြင်း၊ စားနပ်ရိက္ခာများ၊ ခဲယမ်းမီးကျောက်များ ပြင်ဆင်ဖြည့်တင်းခြင်းများ ပြုလုပ်လာရသည်ဟု ဆို၏။ ဒေသခံရွာသား တစ်ဦးကလည်း “ရွာသား ၁၀ ယောက်ကို တပ်စိတ်တစ်စိတ် လုပ်ပြီး လေ့ကျင့်ပေးတယ်။ M21/ M22 နဲ့ M23 စက် သေနတ်တွေ ပေးတယ် ”ဟု ပြောပြသည်။

ဂျူလိုင်လအကုန် မိုင်းဆတ်-မိုင်းတုံမြို့နယ် အတွင်းရှိ ၀တပ်များ မြောက်ပိုင်းဝနယ်မြေသို့ ပြန်သွားကြရန် နအဖအစိုးရက ဆင့်ဆို အမိန့် ထုတ်ပြီးနောက်ပိုင်း ဂျူလိုင် ၁၉ မှ ၂၂ ရက်နေ့ အထိ UWSA ပန်ဆန်းဌာနချုပ်တွင် ၀ ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပကာ စစ်အစိုးရ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်မည် မဟုတ်ဟူ၍ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

No comments: