Monday, August 6, 2007

new camp for refugees

သတင်းနှင့်မီဒီယာကွန်ယက်
မှတ်ပုံမတင်ရသေးသော ဒုက္ခသည်များအတွက် စခန်းသစ်ဖွင့်မည်
ခွန်အောင်မြတ်။
သြဂုတ်လ ၆ ရက်၊ ၂၀၀၇ ခုနှစ်။

မယ်လ ဒုက္ခသည်စခန်းတွင် တရားဝင် မှတ်ပုံမတင်ရသေးသော ဒုက္ခသည်များကို စာရင်းကောက်ယူကာ စခန်း သစ်တွင် နေရာချထားမည်ဟု ထိုင်းအာဏာပိုင်က ပြောသည်။

ယင်းသို့ ပြောင်းရွှေ့ခံရမည့်သူများမှာ ၂၀၀၅ခုနှစ်နောက်ပိုင်းတွင် စခန်းသို့ရောက်ရှိလာပြီး မှတ်ပုံမတင်ရသေး သောသူများဖြစ်ကာ စုစုပေါင်း ၂၀၀၀ကျော်ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

စခန်းသစ်သို့ ပြောင်းရွှေ့ရေး အစီအစဉ်နှင့် ပတ်သက်၍ မယ်လဒုက္ခသည် စခန်းအုပ်ချုပ်ရေး တာဝန်ခံ ပလပ် အခရဖန် ဖွန်စီက ထိုင်းဘာသာဖြင့် ယခုလို ပြောသည်။

“ အခုက သူတို့ရဲ့ သဘောထားကို ကောက်တာပါ။ ကျနော်တို့ အမိန့်ထုတ်တာ မဟုတ်ပါဘူး။ ဒီမှာ(မယ်လ) နေတာလည်း နေလို့မရဘူး။ တရားမ၀င်ဘူးလေ ဒီမှာနေတာက။ အစကတည်းကိုက နေ လို့ မရတာ။ တရားမှမ၀င်တာ။ ယူအဲန်အိတ်ခ်ျစီအာရ် မှာ စာရင်းသွင်းထားတဲ့လူတွေပဲ နေလို့ရတဲ့သူ တွေက။ အဲဒါပါပဲ ပြဿနာက။ ကျနော်တို့ကတော့ စားဖို့သောက်ဖို့ ကူညီပေးမယ်။ ပြီးရင် သူတို့ နေရင်းကို ပြန်ကြပေါ့။ သဘောပါပဲ။”

ဒုက္ခသည် စခန်းအသစ်ကို ထိုင်းနိုင်ငံဖက်ရှိ မယ်လအော ကျေးရွာအနီးတွင် ဖွင့်မည်ဖြစ်ပြီး ယင်းနေရာသို့ သွား ရောက်နေထိုင်လိုသူများကို ယနေ့မှစ၍ စာရင်းကောက်ယူနေသည်။

ယင်းစခန်းသစ်သို့ သွားရောက်နေထိုင်မည့်သူများသည် မိမိ၏ ဆန္ဒအလျောက် သွားရောက်နေထိုင်ရမည်ဖြစ်ပြီး ပြောင်းရွှေ့ရမည့်နေရက်ကို အတိအကျသတ်မှတ်ထားခြင်း မရှိသေးကြောင်း ၄င်းက ဆက်ပြောသည်။

“ဘယ်တော့ ပြောင်းရွှေ့မယ်ဆိုတာ မသိသေးပါဘူး။ စစ်တပ်ကိုစောင့်ရအုံးမယ်။ စစ်တပ်က လုံခြုံရေး ကအစ တာဝန်ယူစောင့်ရှောက်ထားတာ။” ပြောင်းရွေ့နေထိုင်ရမည့် ဒုက္ခသည်စခန်းအသစ်သည် မြန်မာစစ်တပ်စခန်းနှင့် နီးကပ်လွန်းသဖြင့် လုံခြုံရေး စိတ် မချရသည့်အတွက် ဒုက္ခသည်အများစုမှာ သွားရောက်နေထိုင်လိုစိတ် မရှိကြောင်း ဒုက္ခသည်တဦးက ပြောသည်။

“ဒီဒုက္ခသည်တွေကတော့ အဲဒီနေရာကို ဘယ်လိုမှ သွားချင်တဲ့ စိတ်ဆန္ဒရှိမှာ မဟုတ်ဘူး။ ဘာဖြစ်လို့ လဲ ဆိုတော့ ဒီမယ်လစခန်းတောင်မှ တခါတခါကျရင် လုံခြုံရေးက တော်တော်လေးကို စိုးရိမ်ရတဲ့ အ နေအထားမှာ ရှိတယ်လေ။ အဲဒီ မယ်လအောဆိုတဲ့ မယ်သရီနားက ထိုင်းရွာလေးရဲ့ ဘေးမှာ ထား မယ်ဆိုရင် သောင်းရင်းမြစ် ဟိုဖက်ကမ်း ဒီဖက်ကမ်းဖြစ်သွားမှာပေါ့။ ဟို မြန်မာပြည်ဖက်ကမ်းနဲ့လေ၊ အဲတော့ အန္တရာယ်က ပိုကြီးတယ်။ အဲတော့ ဒုက္ခသည် အသစ်တွေကလည်း သွားချင်တဲ့ ဆန္ဒဘယ်လို မှ ရှိကြမယ်လို့တော့ ယူဆလို့ မရဘူး။”

ကုလသမဂ္ဂနှင့် ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ မယ်လဒုက္ခသည် စခန်းအတွင်း နေထိုင်သူ များကို တရားဝင် မှတ်ပုံတင်ပေးခဲ့သော်လည်း ၂၀၀၅ ခုနှစ် နောက်ပိုင်း မှတ်ပုံတင် ထပ်မံ ပြုလုပ်ပေးခြင်းမရှိ ခဲ့ပေ။

ဇူလိုင်လ ၂၄ ရက်နေ့က မယ်လဒုက္ခသည်စခန်းအတွင်း မှတ်ပုံမရှိဘဲ တရားမ၀င်နေထိုင်သူများကို ထိုင်းနယ်မြေ ထိန်းတပ် အမှတ် ၁၇ က ၀င်ရောက်စစ်ဆေးရာ အယောက် ၂၀ ကျော်ကို ဖမ်းဆီးပြီး မြန်မာနိုင်ငံဖက် ကမ်းသို့ ပြန်ပို့ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ စခန်းများအတွင်း နေထိုင်သော ဒုက္ခသည်များကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ နော်ဝေ စသည့်နိုင်ငံများသို့ အခြေချနေထိုင်ရန် ပို့ဆောင်ပေးနေသဖြင့် မြန်မာနိုင်ငံသားအချို့သည် ဒုက္ခသည် စခန်းအာဏာပိုင်များကို လာဘ်ပေး၍ လာရောက်နေထိုင်သူများလည်းရှိကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်းတွင် လူဦးရေ လေးသောင်းကျော်နေထိုင်လျှက်ရှိကာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများအနက် အကြီးဆုံးဖြစ်သည်။

No comments: