Monday, August 6, 2007

ရေနံချောင်း အဖွဲ့ချုပ်
ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနား ကျင်းပ

ဒီဗွီဘီ ။ ၆ ။ သြဂုတ် ။ ၂၀၀၇ သန်းဝင်းထွဋ်

ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးမှာ တနိုင်ငံလုံးထက် နှစ်ရက်စောပြီး သြဂုတ်လ (၆) ရက်နေ့ကတည်းက စတင်အုံကြွခဲ့ကြတဲ့ အထိမ်းအမှတ် အနေနဲ့အခမ်းအနားတခုကို ရေနံချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ပဲ ကျင်းပခဲ့ကြပါတယ်၊ ရှစ်လေးလုံးမှာ ကျဆုံးခဲ့သူတွေကို ရည်စူးပြီး ဆွမ်းကပ် အမျှဝေ တာတွေအပြင်


ရှစ်လေးလုံးအကြောင်း ဟောပြောပွဲတွေ ကျင်းပခဲ့ကြတယ်လို့ ရေနံချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးတင့်လွင်က ပြောပြပါတယ်။

“တနိုင်ငံလုံးထက် နှစ်ရက်စောပြီး စတင်ခဲ့တဲ့ မြို့အနေနဲ့ပေါ့လေ။ (၁၉) နှစ်မြောက် (၈) လေးလုံး နှစ်ပတ်လည် အဖြစ်ပေါ့၊ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့တယ်။ ကွယ်လွန်သူများ ကျဆုံးတဲ့ ရဲဘော်များနဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အတွက် ဆွမ်းသွပ်အမျှဝေတယ်၊ ရေနံချောင်းမြို့ အနောက် ရွှေစေတီ ဆရာတော် ဦးမာဘိတကနေပြီးတော့ ရှစ်ပါးသီလပေးတယ်ပေါ့နော်၊ အဲဒီမှာ ၀ါဆိုသင်္ကန်းလဲ ကပ်ခဲ့တယ်၊ အဲဒီကနေ တဆင့် ကျနော်တို့က ရေနံချောင်းမြို့ရဲ့ ရွာတရွာဖြစ်တဲ့ မင်းဘုရားကုန်းကျေးရွာကို ကျနော်တို့ လှေနဲ့ပေါ့လေ သွားရောက်ပြီးတော့ ဦးနန်းဝင်းရဲ့ အိမ်မှာ (၈) လေးလုံး နှစ်ပတ်လည်နေ့အခမ်းအနားကို ကျင်းပခဲ့ကြတယ်ပေါ့၊ (၈) လေးလုံးနှစ်ပတ်လည်မှာ ကျဆုံးခဲ့ကြတဲ့ ရဟန်းရှင်လူပြည်သူအပေါင်းကို အလေးပြုတယ်၊ အမျိုးသား ဒီိမိုကရေစီ အဖွဲ့ချုပ် အလံတော်ကို အလေးပြုတယ်၊ ကျဆုံးတဲ့ရဲဘော်တွေကို အောက်မေ့သောအားဖြင့် တမိနစ် ငြိမ်သက်စွာ ငြိမ်သက်အလေးပြုတယ်၊”

ရေနံချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးတင့်လွင် ပြောပြခဲ့တာပါ၊ အခမ်းအနားမှာ လူ (၅၀) လောက် တက်ရောက်ခဲ့ကြပြီး အာဏာပိုင် တွေဘက်က စောင့်ကြည့်နေကြတာကလွဲလို့ နှောင့်ယှက်ဟန့်တားမှုတွေ မရှိခဲ့တဲ့ အကြောင်း အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ဝင်တွေက ပြောပြကြပါတယ်၊

အလားတူ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကျရောက်မယ့် ရှစ်လေးလုံး (၁၉) နှစ်မြောက် အထိမ်း အမှတ်အနေနဲ့ ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းက သာသနာ့သိပ္ပံကျောင်းတိုက်မှာ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဆွမ်းကပ်လှူပွဲကို ဦးစီးကျင်းပဖို့ ရှိပါတယ်။


(၈) ရက်။ (၈) လ မနက် (၈) နာရီကစမဲ့ ဆွမ်းကပ်လှူပွဲအတွက် ဖိတ်စာတွေ ဝေငှနေပေမဲ့ ကြားသိရသူတိုင်း အလှူပွဲအခမ်းအနားကို တက်ရောက်နိုင်တဲ့ အကြောင်း (၈၈) ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပြပါတယ်။

“လုပ်ဖော်ကိုင်ဖက်တွေ ကျနော်တို့ ရဲဘော်ရဲဘက်တွေဟာ သေတဲ့သူတွေ သေ။ ကျဆုံး။ ထောင်အသီးသီးမှာ အခုချိနိအထိရှိနေတဲ့သူတွေ။ နယ်စပ်တောတောင်ဒေသအသီးသီး နိုင်ငံအသီးသီးမှာ ရောက်နေတဲ့ ပျံ့နှံ့နေတဲ့ လူတွေ အားလုံးကို အမှတ်တရ ဖြစ်တဲ့အနေနဲ့ ကျနော်တို့ ထောင်တွေကနေ နှစ်ရှည်လများ လွတ်လာတဲ့အချိန်က စပြီးတော့ ဒါ ဒုတိယအကြိမ်မြောက်ဖြစ်တယ်၊ လာမဲ့ ဗုဒ္ဓဟူးနေ့ (၈) ရက် (၈) လ (၂၀၀၇) မှာ ခြောက်ထပ်ကြီး ဘုရားကျောင်းတိုက်ဝင်းမှာရှိတဲ့ သာသနာ့သိပ္ပံကျောင်းမှာ မနက် (၈) နာရီကနေ (၁၁) နာရီအထိ ကျနော်တို့ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနဲ့ ဥပုသ်သီလ ဆောက်တည်မဲ့ အစီအစဉ်ရှိပါတယ်၊”

(၈၈) ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဖြစ်ပါတယ်။

အလားတူပဲ နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေကလဲ ရှစ်လေးလုံးအထိမ်းအမှတ် အခမ်းအနားတွေကျင်းပဖို့ပြင်ဆင်နေကြပါတယ်။

No comments: