Monday, September 3, 2007

taung kote tsp nld

တောင်ကုတ်တွင် အန်အယ်လ်ဒီက
အရေးပေါ်အစည်းအဝေး ပြုလုပ်

NEJ / ၃ စက်တင်ဘာ ၂၀၀၇

ယခင်လ (၃၁) ရက်တွင် တောင်ကုတ်မြို့၌ ဆန္ဒပြသူ (၂) ဦးကို ဖမ်းသွားသဖြင့် ယမန်နေ့တွင် မြို့နယ်အန်အယ်လ်ဒီက အရေးပေါ်အစည်းဝေးကျင်းပသည်။

မည်သည့်ဥပဒေကိုမှ ချိုးဖောက်ကျူးလွန်ခြင်းမရှိဘဲ ၎င်းတို့၏ဆန္ဒကို ငြိမ်းချမ်းစွာဖော်ထုတ် ပြသ ကြသော မောင်သန်းလွင်နှင့် မောင်စည်သူတို့အား (၂၄) နာရီထက် ကျော်လွန် ချုပ်နှောင်ဖမ်းဆီး ထားခြင်းကို တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းရုံးရေးအဖွဲ့မှ လုံးဝ
ကန့်ကွက်ကြောင်း အစည်းအဝေးတွင် ဆုံးဖြတ်သည်ဟု သိရသည်။

ထို့အပြင် မောင်စည်သူနှင့် မောင်သန်းလွင်တို့ကို ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားမည်ဆိုပါက ပိုမိုထိရောက်သည့် ဖိအားပေးတောင်းဆိုမှုများ ဆက်လက်ပြုလုပ်သွားရန်နှင့် ဥပဒေဘောင်
အတွင်းမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသမှုကို ဥပဒေမဲ့ အတင်းဝင်ရောက်ထိုးကြိတ်သည့် တပ်မတော်သားအား ဥပဒေအရ အရေးယူပေးရန် တောင်းဆိုကြောင်း တောင်ကုတ် အန်အယ်လ်ဒီ မြို့နယ်စည်းရုံးရေးအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဦးမင်းအောင်က ပြောသည်။

၎င်းက“ ဒီဆုံးဖြတ်ချက် သုံးခုသာ ဒီနေ့မဖြစ်လာရင် ကျနော်တို့က လူကိုယ်တိုင်လှုပ်ရှားမှုတွေ ဆက်လုပ်လာဖို့ရှိတယ်ပေါ့” ဟု ပြောသည်။

မောင်သန်းလွင်နှင့် မောင်စည်သူတို့သည် ဆင်းရဲငတ်မွတ်နေကြသည့် လူထုအတွက် ရှေ့မှနေပြီး မားမားမတ်မတ်ရပ်ကာ ၎င်းတို့၏ ဆန္ဒသဘောထားကို အေးအေးချမ်းချမ်းနှင့် တောင်းဆိုသွား
ခြင်းကို စစ်သားတယောက်က ၀င်ပြီးလက်သီးနဲ့ထိုးကြိတ်ကြောင်း၊ ယင်းဥပဒေမဲ့ လုပ်ရပ်မျိုးကိုမူ နအဖအာဏာပိုင်များက ကာကွယ်ပေးခြင်းမရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေသူများကို ဖမ်းဆီး သွားသဖြင့် အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဦးမင်းအောင်က ပြောသည်။ ။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/september_2007/3-9-07f.php ကနေ ယူတယ်။)

No comments: