Thursday, August 9, 2007

eleven media share


မီဒီယာအစုရှယ်ယာပိုင်ဆိုင်ရေး တရားစွဲဆိုမှုဖြစ်ပွား
ကိုသက် သြဂုတ် ၉၊ ၂၀၀၇

Eleven Media Group (EMG) မှ အစုရှယ်ယာရလိုသည့်အတွက် ဦးဇော်သက်ထွေးက ရန်ကုန်တိုင်းတရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သောအမှုကို ရန်ကုန်တိုင်း တွဲဖက်တရားရုံး အမှတ် (၂) တွင် ယနေ့ စတင်ကြားနာသည်ဟု တရားစွဲဆိုသူ ဦးဇော်သက်ထွေးက ဧရာဝတီကို ပြောသည်။

“အမှုတွဲအမှတ် ၈၆၆ နဲ့ ၈၆၇၊ တမှုက Eleven Media ဖွင့်လှစ်ထားတဲ့ရုံးခန်းကနေ ရှယ်ယာပြန်လည်ရလိုမှုနဲ့ Eleven ပုံနှိပ်စက်က အစုစပ်ရှယ်ယာ ပြန်လည်ရလိုမှု၊ နှစ်မှုနဲ့စွဲတာ။ ကျနော့်ရဲ့ တရားပြိုင်သုံးဦးအနက် ဆရာမာဂျေက သူ့ရှေ့နေနဲ့ လာတယ်။ ဒေါက်တာသန်းထွဋ်အောင်နဲ့ ဒေါက်တာသိန်းမြင့် မလာဘူး” ဟု ဦးဇော်သက်ထွေးက ပြောသည်။

EMG ကို ၂၀၀၂ ခုနှစ်တွင် စတင်မှတ်ပုံတင်ခဲ့ပြီး ၎င်းမတိုင်မီ၂၀၀၀ ခုနှစ် ဇွန်လတွင် ဒေါက်တာသန်းထွဋ်အောင်၊ အယ်ဒီတာ ဦးမျိုးမြတ်သူနှင့် ဦးဇော်သက်ထွေးတို့က First Eleven အမည်ဖြင့် အပတ်စဉ်ထုတ် အားကစားဂျာနယ်တစောင်ကို ဦးစီးထုတ်ဝေကြကြောင်း ဦးဇော်သက်ထွေးက ပြောသည်။

First Eleven ဂျာနယ် ၇ ပတ်မြောက်ထုတ်ဝေအပြီး ဦးမျိုးမြတ်သူ နုတ်ထွက်သွားပြီးနောက် ဒေါက်တာသိန်းမြင့်နှင့် ဦးမာဂျေတို့နှစ်ဦး အစုရှယ်ယာရှင်သစ်များ ဖြစ်လာကြကြောင်းလည်း ၎င်းကပြောသည်။
ဦးဇော်သက်ထွေးသည် First Eleven ဂျာနယ်၏ တာဝန်ခံအယ်ဒီတာလုပ်နေစဉ် ၂၀၀၃ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ကို သတင်းပေးမှုဖြင့် အာဏာပိုင်တို့၏ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၀၅ ခုနှစ် ဇူလိုင် လတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

“ကျနော်ထောင်ကထွက်ပြီးတော့ သူတို့က (EMG) အေးအေးဆေးဆေးနေပါ၊ Silent Partner အဖြစ်နေပါဆိုပြီး လစဉ် ၅ သိန်း လာပေးလို့ အေးအေးဆေးဆေးနေခဲ့တာ။ ရုံးကိုမလာပါနဲ့ဆိုလို့ ကျနော်လည်းမသွားဘူးပေါ့။ ခြောက်လလောက် နေပြီးမှ အာဏာပိုင်က စာရေးခွင့်ပြန်ပေးတာ” ဟု ဦးဇော်သက်ထွေးက ပြောသည်။

ဦးဇော်သက်ထွေးက ထောင်မှပြန်လွတ်လာပြီး EMG မှ လစဉ်ပေးငွေ ၅ သိန်းကို တနှစ်ခန့် လက်ခံ ရရှိခဲ့ကြောင်း ပြောသည်။ ၎င်းက ကိုယ်ပိုင်ဂျာနယ်ထုတ်ရန်ဆွေးနွေးသည့်အချိန်မှစ၍ EMG နှင့် ပြဿနာ စခဲ့ရာမှ ယခုကဲ့သို့ တရားရုံးအဆင့်အထိ ရောက်ရခြင်းဖြစ်သည်ဟုလည်း ပြောသည်။

EMG မှ First Eleven အားကစားဂျာနယ်၊ Premier Eleven အားကစားဂျာနယ်၊ International Eleven နိုင်ငံတကာသတင်း ဂျာနယ်နှင့် Weekly Eleven သတင်းဂျာနယ်ဟူ၍ ဂျာနယ် လေးစောင်ကို အပတ်စဉ်ထုတ်ဝေလျက်ရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ EMG မှ Weekly Eleven ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးဝေဖြိုးက “ကျနော်တို့ရုံးကို အခုအချိန်အထိ တရားစွဲတဲ့စာ မလာသေးဘူး၊ သိလဲမသိသေးဘူး။ နောက်တခုက Eleven Media Group နဲ့ ပတ်သက်လို့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာ၊ အသရေဖျက်ရာရောက်ရင်တော့ ကျနော်တို့ ဘက်က တရားဥပဒေအရ ဆက်သွားမှာပါ” ဟု ပြောဆိုသည်။

၎င်းအပြင် EMG သည် တရားဝင် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး စတင်မှတ်ပုံတင်ချိန်မှစ၍ ယခုအချိန်အထိ ဒါရိုက်တာအဖွဲ့ဝင် ၄ ဦး တွင် ဦးဇော်သက်ထွေးနှင့် ဦးမာဂျေတို့မပါကြောင်း ဦးဝေဖြိုးက ပြောဆိုသော်လည်း ဦဇော်သက်ထွေးက ၎င်းနှင့် ဦးမာဂျေ ပါဝင်ခဲ့သည်ဟု ပြောသည်။

ဦးဇော်သက်ထွေး၏ အဆိုအရ ၎င်းထောင်ကျသွားချိန်တွင် ကုမ္ပဏီဆက်လက်ရှင်သန်ရေးအတွက် သူ၏အမည်ကို ထုတ်ပစ် ခဲ့ရကြောင်း သိရသည်။

EMG ၏ လက်ရှိ ဒါရိုက်တာအဖွဲ့ဝင်လေးဦးမှာ ဒေါက်တာသန်းထွဋ်အောင်၊ ဒေါက်တာသိန်းမြင့်၊ ရုပ်ရှင်ဒါရိုက်တာ မီးပွားနှင့် ဒေါ်ယဉ်မော်ဦးတို့ ဖြစ်ကြသည်။

၎င်းအမှုကို သြဂုတ်လ ၁၆ ရက်နေ့တွင် ထပ်မံရင်ဆိုင်ရန် တရားရုံးကချိန်းဆိုထားကြောင်း ဦးဇော်သက်ထွေးက ဧရာဝတီကို ပြောဆိုခဲ့သည်။

No comments: