Tuesday, August 7, 2007

id for some money

တနေ့တာ စရိတ်လို၍ မှတ်ပုံတင်ပေါင်နေရ

ကြည်ဝေ ဧရာဝတီ သြဂုတ် ၇၊ ၂၀၀၇

ရန်ကုန်တိုင်း မြို့နယ်တချို့တွင် တနေ့တာစရိတ်အတွက် အမျိုးသား မှတ်ပုံတင်ကတ် (နိုင်ငံသားစိစစ်ရေးကတ်) များကို ပေါင်နှံသုံးစွဲနေကြရကြောင်း သိရှိရသည်။



ဆင်းရဲနွမ်းပါးသည့် လက်လုပ်လက်စားလူတန်းစားများက ၎င်းတို့၏ တနေ့တာ စားစရိတ်နှင့် ခရီးစိတ်များအတွက် အမျိုးသား မှတ်ပုံတင်ကတ်ကို အပေါင်ဆိုင်များနှင့် ရပ်ကွက်အတွင်း ငွေကြေးချေးငှား အပေါင်ခံသူများထံ ပေါင်နှံကြခြင်း ဖြစ်သည်ဟု ငွေကြေးချေးငှားသူတဦးက ပြောသည်။

“မှတ်ပုံတင်ကတ်ကို အလုပ်မသွားခင်မှာ တကတ် ၂၀၀၀ ကျပ်နဲ့ ၀င်ပေါင်သွားတယ်။ ဆိုင်က ငွေ ၁၇၀၀ ကျပ် ပေးလိုက် တယ်။ အတိုးသုံးရာကို နှုတ်ပြီးပေးလိုက်တာ။ ညနေအလုပ်ဆင်းတော့ မှတ်ပုံတင်ကတ်ကို ငွေ ၂၀၀၀ ကျပ်နဲ့ပြန်လာရွေး ရတယ်၊ အဲဒီလို ပေါင်တဲ့သူ တော်တော်များများရှိတယ်” ဟု လှိုင်သာယာမြို့နယ် မီးခွက်ဈေး အနီးတွင် နေထိုင်သည့် ငွေချေးကြေးငှားသူ တဦးက ပြောပြသည်။

ယင်းသို့ မှတ်ပုံတင်ကတ်ကို ပေါင်နှံ သုံးစွဲသူအများစုသည် ၎င်းတို့ပိုင် ခြင်ထောင်၊ စောင်၊ အိုး၊ ခွက်၊ ပန်းကန် စသည့် ပစ္စည်းများကို အပေါင်ဆိုင်၌ ပေါင်နှံထားကြသောကြောင့် ပေါင်နှံစရာပစ္စည်း ရှားပါးသူများဖြစ်သည်ဟု ၎င်းက ဆိုသည်။

“မနက်စာ ချက်ပြုတ်စားသောက်ပြီး အိုးခွက် ပန်းကန်တွေကို ဆေးကြောပြီး သွားပေါင်တယ်။ ကျပ် တထောင်လောက် ရတော့ ခရီးစရိတ်ရတာပေါ့။ ညနေ အလုပ်ဆင်းလို့ လုပ်ခရလာတော့ သွားပြန်ရွေးပြီး ညစာချက်စားကြတယ်” ဟု မရမ်းကုန်းမြို့နယ် အုတ်ကျင်း ဘူတာရုံအနီးတွင် နေထိုင်သူ နေ့စားအလုပ်သမားတဦးက ပြောပြသည်။

သီရိမင်္ဂလာဈေးတွင် ကုန်ဈေးရောင်းနေသူ အမျိုးသမီးတဦးကလည်း ၎င်းအနေနှင့် တနေ့တာ ဈေးရင်းရရန်အတွက် နေ့ပြန်တိုးချေးသူထံတွင် ငွေကျပ် တသောင်းကို ချေးယူရပြီး ညနေဈေးသိမ်းလျှင် အတိုးငွေနှင့်အတူ ငွေရင်း ကျပ် တသောင်းကို ပြန်ဆပ်ရသည်ဟု ပြောဆိုသည်။အပေါင်ဆိုင်များနှင့် ငွေကြေးချေးငှားသူ အများစုသည် ပြန်လည်မရွေးနိုင်တော့သည့် အပေါင်ဆုံး အိုးခွက်၊ ပန်းကန်၊ အ၀တ်အထည်၊ စောင်၊ ခြင်ထောင်များ များလာပြီး ငွေကြေးလည်ပတ်မှု ခက်ခဲလာသောကြောင့် ယခုကဲ့သို့ မှတ်ပုံတင်ကို အတိုးနှုန်းများများယူ၍ အပေါင်ခံကြခြင်းဖြစ်ကြောင်း သိရသည်။


No comments: