NEJ / ၁၃ သြဂုတ် ၂၀၀၇
နအဖစစ်တပ်များသည် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေနှင့် ဆက်စပ်သည့် ဒေသအတွင်းရှိ တပ်စခန်းများ၏လုံခြုံရေးအတွက် ပြင်ဆင်မှုများ လုပ်နေသည်။
KIO အဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာဒေသ၊ တပ်မဟာ (၃) နယ်မြေနှင့် နယ်မြေချင်းထိစပ်သည့် မံစီ၊ မိုးမောက်၊ ၀ိုင်းမော်မြို့နယ်တို့အတွင်းရှိ နအဖစစ်တပ်များသည် တပ်ဧရိယာအတွင်းရှိ ကတုတ် ကျင်းများ၊ ဘန်ကာများကို သြဂုတ်လဆန်းပိုင်းကတည်းက ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ဒေသအတွင်းရှိ အဆိုပါ တပ်ရင်းစခန်းများကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် မပခတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်အဖွဲ့တို့ သွားရောက်စစ်ဆေးပြီးနောက်ပိုင်း ယခုကဲ့သို့ ပြင်ဆင်မှုများ လုပ်လာခြင်းဖြစ်ကြောင်း မံစီမြို့ခံတဦးက ပြောသည်။
၎င်းက “တပ်တိုင်းလိုလိုပဲ အရင်က ပေါင်း၊ မြက်ပင်တွေ၊ ချုံတွေနဲ့ အုပ်နေတဲ့ ကတုတ်တွေ၊ ဘန်ကာ တွေ ပြန်ပြီးပြင်ဆင်တာ တွေ့လာရတယ်။ ခမရ (၃၁၉) ဆိုလည်း ဒီအတိုင်းပဲ၊ တော်တော်လေး ပြင်ဆင်လာတာ တွေ့ရတယ်။ ခါတိုင်းလို စစ်သားတွေလည်း အပြင်မှာ သိပ်မတွေ့ရဘူး၊ ပေးမထွက် ခိုင်းဘူးလို့ ကြားရတယ်” ဟု ပြောသည်။
ယခုလ (၇) ရက်ကလည်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် မံစီမြို့သို့ လာရောက်ရာတွင် ယခင်နှင့်မတူဘဲ လုံခြုံရေးတင်းကျပ်စွာ ချထားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။
၎င်းက “ဟိုတုန်းကလည်း ၀န်ကြီးတွေ ဘာတွေ လာဖူးတာပဲ၊ အခုလို လုံခြုံရေး မချဘူး။ အခုက လမ်းသွားလမ်းလာ မသင်္ကာတဲ့သူတွေကို စစ်တာတို့ပေါ့၊ လမ်းတိုင်းမှာလည်း စစ်သားတွေ ချထား တယ်” ဟု ပြောသည်၊
KIO အဖွဲ့ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအကြားတွင်လည်း လုံခြုံရေးများ ချထားသည်ဟု မြစ်ကြီးနား-လိုင်ဇာကားလိုင်းမှ ကားသမားတဦးက ပြောသည်။
၎င်းက “ဗလမင်းထင်မှာလည်း အစစ်အဆေးတွေ လုပ်လာတယ်။ ရွှေညောင်ပင်မှာ ပိုပြီး စစ်လာ
တယ်၊ လဂျားယန်မှာလည်း ဒီလိုပဲ၊ အရင်က အဲဒီလောက်ထိ မလုပ်ဘူး။ သူတို့ရှိတော့ ခက်တာပေါ့၊ ဒီက ကုန်တွေ သွင်းတဲ့ခါကျတော့ ပြောရဆိုရတာ ပေးရကမ်းရတာတွေ ရှိလာတာပေါ့” ဟု
ပြောသည်။
၁၉၉၄ ခုတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသော KIO သည် လောလော
ဆယ် ကျင်းပနေသည့် အမျိုးသားညီလာခံတွင် တက်ရောက်နေပြီး ပြီးခဲ့သည့်ဇူလိုင်လလယ်ပိုင်းတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အချက် (၁၉) ချက်ပါ အကြံပြုမှုတရပ်ကို တောင်းဆို ခဲ့သည်။
KIO အပါအအ၀င် အပစ်ရပ်အဖွဲ့များကို အမျိုးသားညီလာခံပြီးသွားပါက လက်နက်များ ဖြုတ်သိမ်း တော့မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေပြီး ထိုင်း-မြန်မာနယ်စပ်ရှိ UWSA တပ်ဖွဲ့နှင့် မိသားစုများကို ရှမ်းပြည်မြောက်ပိုင်းသို့ ရွှေ့ပြောင်းရန် နအဖက အမိန့်ပေးထားချိန်မှာပင် ယခုကဲ့သို့ ကချင်ပြည်နယ်အတွင်းရှိ နအဖစစ်တပ်များကို လုံခြုံရေးပြင်ဆင်မှုများ လုပ်နေခြင်းဖြစ်သည်။ ။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/13-8-07d.php ကနေ ယူတယ်။)
No comments:
Post a Comment