သန်းထိုက်ဦး / မဇ္ဈိမသတင်းဌာန/ သြဂုတ်လ ၁၀ ရက်၊ ၂၀၀၇ ခုနှစ်။
- - ၁၅၆ နိုင်ငံမှ တက္ကသိုလ် ကျောင်းသား ၈၀၀၀ ခန့် တက်ရောက် လာကြသော်လည်း - -
ကမ္ဘာ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံ ပါဝင် ယှဉ်ပြိုင်နေသည့် ၂၄ ကြိမ်မြောက် နိုင်ငံတကာ တက္ကသိုလ် အားကစား ပြိုင်ပွဲသို့ ဖိတ်ကြားခြင်း ခံခဲ့ရသော်လည်း မြန်မာအသင်း ပါဝင် တက်ရောက်ခြင်း မရှိကြောင်း သိရသည်။
ထိုင်းတက္ကသိုလ်ကြီး ဖြစ်သည့် ThamMaSat က ဦးစီးကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယခုလ ၈ ရက်နေ့က စတင် ဖွင့်လှစ်လိုက်သည့် ၂၄ ကြိမ်မြောက် နိုင်ငံတကာ တက္ကသိုလ် အားကစား ပြိုင်ပွဲသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံမှ တက္ကသိုလ် ကျောင်းသား ၈၀၀၀ ခန့် တက်ရောက် လာကြသော်လည်း မြန်မာအသင်းက မတက်ရောက်နိုင်ခြင်း ဖြစ်သည်။
ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် မြန်မာအသင်းကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်လာခြင်း မရှိကြောင်း အားကစားပွဲ ကျင်းပရေး ကော်မရှင်မှ ထိုင်းအမျိုးသမီး Parn က မဇ္ဈိမကို ပြောသည်။
“မြန်မာတွေ မပါဘူး။ ကျမတို့ အများကြီး ဖိတ်ပါတယ်။ အားလုံးကိုပဲ ဖိတ်ပါတယ်။ မြန်မာဘက်က မလာကြဘူး။ ကျမ ထင်တာကတော့ အားကစားသမားတွေ အဆင်သင့် မဖြစ်လို့ နေမှာပေါ့” ဟု သူက ပြောသည်။
ပြိုင်ပွဲပေါင်း ၁၈ မျိုးကို နိုင်ငံတကာ တက္ကသိုလ် ကျောင်းသားများ ၀င်ရောက် ယှဉ်ပြိုင်နေကြပြီး ယခုလ ၁၈ ရက်နေ့တွင် အားကစားပွဲကို အဆုံးသတ်မည် ဖြစ်သည်။
မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာ ဦးစီးဌာနကို ဆက်သွယ် မေးမြန်းရာတွင် ဖြေကြားရန် ငြင်းဆိုသွားသည်။
ပြီးခဲ့သည့်နှစ်က နိုင်ငံတကာ တက္ကသိုလ် အားကစား ပြိုင်ပွဲကို တူရကီ နိုင်ငံတွင် ကျင်းပခဲ့ပြီး၊ ယခုလို ထိုင်းနိုင်ငံတွင် ကျင်းပခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.bnionline.net/bur/index.php?option=com_content&task=view&id=894&Itemid=28 ကနေ ယူတယ်။)
No comments:
Post a Comment