Thursday, August 9, 2007

poverty affects health


မြန်မာပြည်တွင် ဆင်းရဲ မွဲတေမှုကြောင့် ရောဂါ ပိုမို ထူပြောလာ ဟုဦးဝင်းနိုင်ပြော
မဇ္ဈိမသတင်းဌာန သြဂုတ်လ ၉ ရက်၊ ၂၀၀၇ ခုနှစ်။



‘- - - ရန်ကုန်မြို့တွင် အလုပ်အကိုင် မရှိဘဲ စားဝတ်နေရေး
အတွက် နေ့တဓူဝ ရုန်းကန်နေရသည့် မရှိ ဆင်းရဲသား ၁ သိန်း ကျော် အနည်းဆုံး ရှိနေပြီး
ယခုလို မိုးရာသီ ကာလတွင် အမိုးအကာမဲ့ နေထိုင်ကြရသဖြင့် ကျန်းမာရေး- - - - ’


မြန်မာပြည်တွင် ဆင်းရဲ မွဲတေမှုကြောင့် ရောဂါ ထူပြောမှု များပြားလာကြောင်းနှင့် ရန်ကုန် တမြို့တည်းတွင်ပင် စားဝတ်နေရေး အခက်အခဲ တွေ့နေသူ အနည်းဆုံး ၁ သိန်းကျော် ရှိကြောင်း ရန်ကုန်မြို့နေ ၀ါရင့် နိုင်ငံရေးသမားကြီး အမျိုးသား ဦးဝင်းနိုင်က ပြောဆိုလိုက်သည်။

စားဝတ်နေရေးအတွက် ခက်ခဲနေသော ဒဂုံမြို့သစ် တောင်ပိုင်း အမှတ် ၆၉ ရပ်ကွက်ရှိ ဆင်းရဲသားအိမ်ထောင်စု ၃၆ စုကို ပေါ်ဆန်းမွှေးဆန်များကို ယနေ့တွင် လှုဒါန်းမှုအပြီးတွင် ဦးဝင်းနိုင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။ လက်ရှိ ပေါက်ဈေး တပြည်လျှင် ကျပ် ၁၂၀၀ ရှိသော ပေါ်ဆန်းမွှေး ဆန်ကို တအိမ်ထောင်လျှင် ၂ ပြည်နှုန်းဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“ကျနော် ဒီလို လိုက်လှူနေတာက သူတို့ စားရမဲ့၊ သောက်ရမဲ့ ငတ်နေကြတာကို မမြင်ချင်လို့ပါ။ ဗမာပြည်မှာ ငတ်လို့ သေတဲ့ မသာ မရှိဘူးလို့ လူတွေက ပြောနေကြပေမယ့် မစားရ မသောက်ရ လူတွေက ကြာလာရင်တော့ ရောဂါတွေ ထူပြီး သေသွားမှာပဲဗျ” ဟု သူ က ပြောသည်။

ရန်ကုန်မြို့တွင် အလုပ်အကိုင် မရှိဘဲ စားဝတ်နေရေး အတွက် နေ့တဓူဝ ရုန်းကန်နေရသည့် မရှိ ဆင်းရဲသား ၁ သိန်း ကျော် အနည်းဆုံး ရှိနေပြီး ယခုလို မိုးရာသီ ကာလတွင် အမိုးအကာမဲ့ နေထိုင်ကြရသဖြင့် ကျန်းမာရေး ဆိုင်ရာ ချို့ယွင်းမှုများ ကြုံတွေ့ နေရသည်ဟု ဦးဝင်းနိုင်က ဆက်ပြောသည်။

“ဆန် လက်ခံရရှိတဲ့ လူတွေက အင်မတန်ကို ၀မ်းသာကြတာပေါ့ဗျာ။ သူတို့က အင်မတန်ကို ဆင်းရဲကြ ပါတယ်။ မိုးထဲလေထဲမှာ နေကြရပြီးတော့ မစားရ မသောက်ရ ဖြစ်နေတဲ့ အချိန်မှာ ကျနော်က သွားလှူတော့ သူတို့က အင်မတန်ကို ၀မ်းသာကြတာပေါ့ဗျာ” ဟု သူက ပြောသည်။

ရန်ကုန်မြို့အတွင်း ဆင်းရဲသား ရပ်ကွက်များသို့ ကွင်းဆင်းကာ ဆန် ၆ ပြည်အထိ မိမိတဦးတည်း ကိုယ်ပိုင်ငွေဖြင့် ယခင်က လှူဒါန်းနိုင်ခဲ့သော်လည်း ယခု လှူတန်းရမည့် အိမ်ထောင်စု အရေအတွက် များလာသဖြင့် ဆန် ၂ ပြည်စီသာ လှူဒါန်းနိုင်ခဲ့ပြီး ဦးဝင်းနိုင်နှင့် အတူ လှူဒါန်းလိုသူများ ရှိပါက ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။ ဦးဝင်းနိုင် ဆန်လှူဒါန်းခြင်းသည် ယခုဆိုလျှင် ၄ ကြိမ်မြောက်ပြီ ဖြစ်သည်။



(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.bnionline.net/bur/index.php?option=com_content&task=view&id=889&Itemid=28 ကနေ ယူတယ်။ ပုံကိုတော့ ဗွီအိုအေ ၀က်ဆိုက်က ယူပါတယ်။)



No comments: