Thursday, August 9, 2007

Mdy comedian banned by authorities

မန္တလေးမှ လူရွှင်တော်များ ဖျော်ဖြေခွင့်ပိတ်ပင်ခံရ
NEJ ပီတာအောင် / ၉ သြဂုတ် ၂၀၀၇
မန္တလေးမြို့တွင် ပြုလုပ်သည့် ဘာသာရေးအခမ်းအနားတခု၌ ပါဝင်ဖျော်ဖြေဆင်နွှဲမည့် ညွန့်ပေါင်း လူရွှင်တော်များကို မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) က ပိတ်ပင်သည့် အတွက် ဖျော်ဖြေခွင့်မရခဲ့ကြောင်း မန္တလေးမြို့ လူရွှင်တော်အသိုင်းအ၀ိုင်းမှ သိရသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ရပ်ကွက် အမှတ် (၅၂၀) ရှိ ခုံဝင်းဓမ္မာရုံ မွမ်းမံပြင်ဆင် ဆောက်လုပ်ပြီးစီးခြင်း အထိမ်းအမှတ်အဖြစ် ဂီတကြယ်လေး စိန်ဓူဝံဆိုင်းအဖွဲ့နှင့်အတူ အငြိမ့်အဖွဲ့ပေါင်းစုံမှ ညွန့်ပေါင်းလူရွှင်တော် (၁၄) ဦးတို့ ဇူလိုင် (၂၉) ရက် ည၌ ဖျော်ဖြေ
ရန် ပွဲမိန့်ခွင့်ပြုချက် ရထားပြီးကာမှ ကပြခါနီး တရက်အလိုတွင် ပိတ်ပင်ခံရသည်ဟု
မန္တလေးမြို့နေ လူရွှင်တော် ဦးပါပါလေးက ပြောသည်။

၎င်းက “အမိန့်ထုတ်လိုက်တာက ဂီတကြယ် လေး စိန်ဓူဝံဆိုင်းအဖွဲ့မှလွဲ၍ ဆိုင်းနောက်က မည်သူမှ မတ်တပ်မရပ်ရတဲ့၊ အနားလည်း မကပ်ရတဲ့၊ အဲလိုကိုထုတ်လိုက်တာ။ မယက ဥက္ကဋ္ဌ အမိန့်နဲ့လေ။ အားလုံးပြင်ဆင်ထား ပြီးကာမှ ပရိသတ်ကလည်း ကြည့်ဖို့အားခဲထားတာ၊ ဓမ္မရုံလူကြီးတွေလည်း အတော်လေး စိတ်မ ကောင်းဖြစ်သွားကြတယ်” ဟု ပြောသည်။

ခုံဝင်းဓမ္မာရုံသည် ဦးပါပါလေး၏ နေအိမ်အနီး၌ရှိပြီး လူရွှင်တော်များ စုစည်းကပြမည့်အစီအစဉ်၌ ဦးပါပါလေး ပါဝင်ပတ်သက်နေသည်ဟု အာဏာပိုင်များက ယူဆသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်ခြင်းဖြစ်နိုင်ကြောင်း၊ လူရွှင်တော်များမှာ ဖျော်ဖြေခွင့်မရတော့သည့်အတွက် ခုံဝင်းဓမ္မာရုံ အောင်ပွဲနေ့၌ ဂီတကြယ်လေး စိန်ဓူဝံဆိုင်းအဖွဲ့သာ တီးခတ်ဖျော်ဖြေခဲ့ရကြောင်း လူရွှင်တော် ဦးလူမော်က ပြောသည်။

မူလက စီစဉ်ထားသည့် အငြိမ့်မင်းသမီး မြင့်မြင့်သန်းနှင့် ၀င်းချယ်ရီခိုင်တို့ ကပြခွင့်မရသလို လူရွှင်တော်များဖြစ်သည့် ထင်ပေါ်၊ ချစ်စရာ၊ မျိုးချစ်၊ ဒေါ်လာ၊ ၀င်းအောင်၊ သာလောင် စသည့် လူရွှင်တော် (၁၄) ဦးတို့ မှာလည်း ဖျော်ဖြေခွင့်မရခဲ့ပေ။

လူရွှင်တော် ဦးပါပါလေးသည် ၁၉၉၆ ခုက ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်းပြုလုပ်သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲ၌ နိုင်ငံရေးပျက်လုံးများဖြင့် ဖျော်ဖြေခဲ့သည့်အတွက် ထောင်ဒဏ် (၇) နှစ် အပြစ်ပေးခံရပြီး ၂၀၀၁ ခုတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

အကျဉ်းထောင်မှ လွတ်ပြီးသော်လည်း ၎င်း၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်သည့် ပါပါလေး နှုတ်ခမ်းမွှေး ညီအစ်ကိုများအငြိမ့်မှာ နယ်လှည့်ကပြခွင့် ပိတ်ပင်ခံထားရပြီး နေအိမ်၌သာ ကမ္ဘာ လှည့်ခရီးသည်များကို ဖျော်ဖြေနေရသဖြင့် အများပြည်သူ့ရှေ့မှောက်၌ ကပြခွင့် ပြန်ရလိုသည်ဟု ဦးပါပါလေးကပြောသည်။

“ကျနော် ကချင်တာပေါ့ဗျာ၊ ပွဲကတော့ ကျနော် အမြဲတမ်း ကချင်တာ၊ ပြည်သူနဲ့ အမြဲတမ်းထိတွေ့ ချင်တာပေါ့၊ သူတို့ မကပါနဲ့ဆိုတော့ ကျနော်မကဘဲနေရတာပေါ့၊ အမှန်ကတော့ ကျနော် အမြဲတမ်း ကပြချင်တာဗျ၊ ပြည်သူတွေကိုအမြဲတမ်း အမြဲတမ်းရယ်စေချင်ပါတယ်၊ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေ ချင်တယ်၊ ကျနော်လူရွှင်တော်ပါ” ဟု ၎င်းက ပြောသည်။ ။

No comments: