Friday, August 10, 2007

Rgn hip hop in Saa Lone

မြန်မာ Hip Hop အဆိုတော်များ စင်္ကာပူတွင် ဖျော်ဖြေမည်
မဇ္ဈိမသတင်းဌာန သြဂုတ်လ ၉ ရက်နေ့၊ ၂၀၀၇ ခုနှစ်။


- - အနည်းဆုံး ၂၅၀၀ ကျော် ၀င်ဆန့်နိုင်မည့် ခန်းမ ဖြစ်သည့်
အတွက်ကြောင့် လူငယ်များ လွတ်လပ်ပေါ့ပါးစွာ ပျော်ပါးနိုင်ကြမည်
- -


မြန်မာလူငယ်ထုအကြား နာမည်ရ Hip Hop အဆိုတော် စိုင်းစိုင်းခမ်းလှိုင် အပါအ၀င် အဆိုတော် အဖွဲ့တဖွဲ့၏ Hip Hop Show တခုကို စင်္ကာပူ နိုင်ငံတွင် လာမည့် ရက်ပိုင်းအတွင်း ကျင်းပ သွားမည်ဟု သိရသည်။

စင်ကာပူနိုင်ငံရှိ Falcon Myanmar & Yeyint Entertainment က ဦးစီးကာ စိုင်းစိုင်းခမ်းလှိုင်၊ အက်ဆစ်အဖွဲ့၊ ဂျေမီ၊ ရဲလေး၊ တင်ဇာ၊ Bambino ၊ DJ ဖြိုး၊ စန္ဒီမြင့်လွင်၊ ရသ အစရှိသည့် နာမည်ရ အဆိုတော်များ ပါဝင်သည့် Hip Hop Show တခုကို စင်္ကာပူနိုင်ငံ ဂျူရောင်း အရှေ့ဘက် အားကစားနှင့် ရိုးရာ ယဉ်ကျေးမှု ခန်းမတွင် ယခုလ ၂၆ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

“Hip Hop Show ကို ၂၆ ရက်နေ့ ညနေ ၆ နာရီကနေ ၉ နာရီအထိ လုပ်သွားမယ်။ လက်မှတ်တစောင်ကို စင်္ကာပူ ဒေါ်လာ ၄၅ ဒေါ်လာပါ” ဟု ရှိုးကျင်းပရေး တာဝန်ခံ ကိုဇော်လေးက မဇ္ဈိမကို ပြောသည်။

ယခု ဖျော်ဖြေပွဲကို စင်္ကာပူ နိုင်ငံရောက် မြန်မာလူငယ်များ လွတ်လပ်စွာ ခုန်ပေါက် မြူးတူးနိုင်ရန်အတွက် စီစဉ်ရခြင်း ဖြစ်ပြီး၊ ကျင်းပမည့် ခန်းမမှာလည်း လူဦးရေ အနည်းဆုံး ၂၅၀၀ ကျော် ၀င်ဆန့်နိုင်မည့် ခန်းမ ဖြစ်သည့် အတွက်ကြောင့် လူငယ်များ လွတ်လပ်ပေါ့ပါးစွာ ပျော်ပါးနိုင်ကြမည်ဟု မျှော်လင့်ထားကြောင်း သူက ပြောသည်။

ဖိတ်ကြားထားသော ရန်ကုန်မှ အဆိုတော်များမှာ ၂၄ ရက်နေ့၌သာ စင်္ကာပူသို့ ရောက်ရှိလာမည် ဖြစ်သော်လည်း လက်မှတ် ၂ ထောင်ကျော် ကြိုတင် ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။

လာရောက် အားပေးကြမည့် မြန်မာ ပရိသတ်များ အတွက် Myanmar Airway International လေကြောင်းမှ ရန်ကုန်-စင်္ကာပူ အသွားအပြန် မေတ္တာ လက်ဆောင် လက်မှတ် ၂ စောင်ကိုလည်း ကံစမ်းမဲအဖြစ် စီစဉ် ပေးမည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း မြန်မာပြည်မှ နာမည်ကြီး တီးဝိုင်းတခု ဖြစ်သည့် အင်ပါယာ တီးဝိုင်းနှင့် အဆိုတော်များကို ဖိတ်ကြားကာ စင်္ကာပူရောက် မြန်မာ လူငယ်များ အတွက် သင်္ကြန်ရှိုး တခုကို လုပ်နိုင်ခဲ့ပြီး လာမည့်နှစ်တွင်လည်း မလေးရှားနှင့် သြစတြေးလျား နိုင်ငံရှိ မြန်မာများ အတွက် ယခုလို ပွဲမျိုး စီစဉ် ပေးသွားမည်ဟု ကိုဇော်လေးက ပြောသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.bnionline.net/bur/index.php?option=com_content&task=view&id=891&Itemid=28 ကနေ ယူတယ်။ )

No comments: